အခန်း (၅၀) : အင်မော်တယ် မော်တယ် (Immortal Mortal) ကျင့်စဉ်
တစ်ရက်တာ အနားယူပြီးနောက် မိုဝူကျီသည် နေထိုင်ရာမှ ထွက်လာခဲ့ပြီး လောင်ဟိုင်ကုန်သည်အိမ်တော်ဆီ ဦးတည်လိုက်သည်။
နွေဦးနတ်ဘုရားဖွင့်ပွဲ ညီလာခံ စတင်ရန် တစ်လတာ လိုသေး၏။ ထို့ကြောင့် မိုဝူကျီသည် သူအလိုရှိလှသော ကျင့်စဉ်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်၏။ သူ မတတ်နိုင်သည်က အမှန်ဖြစ်သော်လည်း ကြည့်ရုံဖြင့် ဆိုးကျိုးမရှိချေ။
သွေးကြောဖွင့်ဆေး ထုတ်လုပ်ရန် လိုအပ်သောကြောင့် မိုဝူကျီသည် ထူးဆန်းစွာ စိတ်မလှုပ်ရှားနေပေ။ သူသည် ဆေးကို ဖော်စပ်နိုင်သော်လည်း လျှပ်စီးမရှိလျှင် အကျိုးသက်ရောက်မှု မရှိပေ။
လောင်ဟိုင်ကုန်သည်အိမ်တော်သည် ခမ်းနားလှသည့် ထျန်းလော်ဟိုတယ်နှင့် ယှဉ်လျှင် ပြဒါးတစ်လမ်း သံတစ်လမ်း ခြားနားလှပေသည်။ အပေါက်ဝတွင် ကြောက်မက်ဖွယ် အမည်မသိ သားရဲနှစ်ကောင် ရုပ်ထုအား ထားရှိလေ၏။ ကျယ်ဝန်းလှသော တံခါးများတွင် လူများ အစုံလိုက် အပြုံလိုက် သွားလာနေကြပြီး မိုဝူကျီသည် လူထုနှင့်အတူ စံအိမ်ထဲရောက်ရှိသွားသည်နှင့် ဆေးရနံ့ကို တန်းရလိုက်၏။
ပထမထပ်ရှိ ဧည့်ခန်းမတွင် ဆေးအမြောက်အမြားရှိနေပြီး သန့်ရှင်းသပ်ရပ် ကြည်လင်သည့် ဗီရိုထဲတွင် စနစ်တကျ စီထည့်ထား၏။ သာမာန်ကာလျှံကာ ကြည့်လိုက်သော်လည်း ဘာအရာမှ အစီအစဉ် မကျဖြစ်နေခြင်း မရှိပေ။ ဆေးအမည်များသည် သူတို့၏ လုပ်ဆောင်ချက်များ၊ အဆင့်များနှင့် အတူ ထားရှိပြီး သူတို့ဖော်စပ်နိုင်သည့် ဆေးနည်းများနှင့် ဆေးဖော်စပ်ရန် အဓိက ဆေးပင်များကိုပင် ရှင်းရှင်းလင်းလင်း မှတ်သားထားလေသည်။
မိုဝူကျီသည် အရင်က ယောင်ကျိုးမြို့တွင် ဆေးလောကအကြောင်း စူးစမ်းရှာဖွေဖူး၏။ သို့သော်လည်း ယောင်ကျိုးမြို့ရှိ ဆေးများသည် သာမာန်ဖြည့်စွက်ဆေးများသာ ဖြစ်နေကြောင်း သတိပြုမိလိုက်သည်။
ကောင်တာတစ်ခုချင်းစီနောက်တွင် ဆိုင်အကူတစ်ယောက် ထိုင်နေလေသည်။ ဈေးဝယ်သူသည် ဈေးနှုန်းများအကြောင်း မမေးသရွေ့ သူတို့သည် အမူအယာ ကင်းမဲ့စွာ ထိုင်နေမည် ဖြစ်၏။ သို့သော်လည်း ဈေးဝယ်သူက တစ်ခုခု မေးမြန်းသည်နှင့် ဆိုင်အကူများသည် သူတို့၏ အကြံပြုချက်များနှင့် အဆိုပြုချက်များကိုပါ ပြောပြပေးလေသည်။
မိုဝူကျီသည် အားလုံးကို နှစ်လိုဖွယ် လက်ခံလိုက်၏။ သူသည် ဝယ်ယူရန် ဆန္ဒမရှိသော်လည်း ဆိုင်အကူက ဘေးနားမှ လိုက်ပါကာ မေးခွန်းများမေးနေသော ဆိုင်မျိုးကို သဘောမကျပေ။ ထိုသို့သော အခြေအနေမျိုးအောက်တွင် ထုတ်ကုန်များကို မည်သို့ လေ့လာစမ်းစစ်ရမည်နည်း.....
တစ်ပတ်လျှောက်ပြီးနောက်တွင် မိုဝူကျီသည် ဘာဆေးဝါးမှ မဝယ်ယူခဲ့ပေ။ ဤနေရာတွင် သူအသုံးပြုနိုင်သည့် တမျိုးတည်သော ဆေးသည် ကုသေဆေးသာ ဖြစ်၍ ထိုသည်က အနည်းဆုံး ရွေပြားရာချီကာ ကုန်ကျမည် ဖြစ်၏။ ထိုဆေးများ၏ အာနိသင်သည် သူ့၏ ပင်နီဆလင်အား ကျော်နိုင်မည့် အလားအလာ မရှိချေ။
ထိုဆေးများကို တစ်ချက်ကြည့်ပြီးနောက်တွင် မိုဝူကျီသည် သူ့၏ ပင်နီဆလင် အကျိုးနှင့် ပတ်သတ်ပြီး ပို၍ နားလည်သဘောပေါက်သွားလေသည်။ ပင်နီဆလင်ကို များစွာ ထုတ်လုပ်လိုက်သည်နှင့် ငွေပြားအနည်းငယ်သာ သို့မဟုတ် ကြေးပြားအနည်းငယ်သာ ကုန်ကျလိမ့်မည်။ ပင်နီဆလင်နှင့် ထိုဆေးများရှိ ခြားနားချက်ကား မကွာခြားနိုင်ပေ။
မိုဝူကျီသည် ဒုတိယအထပ်သို့ တက်သွားသောအခါ ဆေးလုံးများကို အရင်တွေ့ရှိလိုက်ရသည်။ သူတို့၏ ထုတ်ပိုးမှုနှင့် သွင်ပြင်အရ သူတို့သည် ပထမအထပ်ကထက် ပို၍ မြင့်ပေလိမ့်မည်။ သူသည် ဝယ်ယူရန် မတတ်နိုင်သောကြောင့် ထပ်၍ မကြည့်တော့ချေ။
တတိယအထပ်တွင် မိုဝူကျီသည် ကျင့်စဉ်များကို မြင်လိုက်ရသည်။ ချကချင်းပင် သူသည် သူတို့ရှိရာ တန်းသွားလိုက်လေသည်။
"ဓနုအသက်စွမ်းအင် စာအုပ်က သာမန် လူသားအဆင့် ဖြစ်နေပေမဲ့ အမှတ် ၈၀၀၀ ဒါမှမဟုတ် ရွှေပြား တစ်မီလီယံတောင် လိုတာပဲ..... အထက်တန်းလူသားအဆင့် ဖြစ်တဲ့ ချီလှည့်ပတ်ခြင်း အသက်ရှည်ကျမ်းက အမှတ် ၅၀၀၀၀ ဒါမှမဟုတ် ရွှေခြောက်မီလီယံ......လေပွေစွမ်းအားလက်သီးသိုင်းက အမှတ်ပေါင်း ၇၆၀၀၀ .... ရွှေ ရှစ်မီလီယံတောင် လိုအပ်တာပဲ....."
မိုဝူကျီသည် တစ်ပတ်လှည့်ကြည့်လိုက်ပြီး စိတ်များလဲ လေးလံလာလေသည်။ သူပိုင်ဆိုင်သမျှ ပိုက်ဆံအားလုံးသည် ဈေးအချိုဆုံး ကျင့်စဉ်၏ အပြင်ဘက်အလွာပင် မဝယ်ယူနိုင်ပေ။
"မိတ်ဆွေ ဘာရှာနေတာများလဲ ......" မိုဝူကျီမျက်လုံးထဲမှ မျှော်လင့်ချက် အရိပ်အယောင်ကိုမြင်ကာ ဆိုင်အကူသည် အလျှင်အမြန် မေးလိုက်သည်။
မိုဝူကျီသည် လျှင်မြန်စွာ စိတ်ထိန်းလိုက်ကာ အားတင်းပြုံးရင်း မေးလိုက်သည် "ဘာလို့ ဒီက ကျင့်စဉ်တွေ အကုန်လုံးက လူသားအဆင့်ပဲ ဖြစ်နေတာလဲ သိလို့ရမလား.....ပြီးတော့ သာမာန် လူသားအဆင့်နဲ့ အထက်တန်း လူသားအဆင့်က ဘာကွာတာလဲ....."
မိုဝူကျီစကားများကြားပြီး ဆိုင်အကူသည် အရောင်းအဝယ်လုပ်ရမည့် အလားအလာသည် ကျိုးပျက်သွားပြီ ဖြစ်ကြောင်း သိလိုက်၏။ သူသည် အဆင့်အကြောင်းမသိဘဲ ကျင့်စဉ်များကို မည်သို့ ရွေးချယ် ဝယ်ယူနိုင်မည်နည်း။
ကံကောင်းစွာပင် ဆိုင်အကူသည် ထိုနေရာသို့ ရောက်သည်မှာ မကြာသေး၍ စိတ်ရှည်လက်ရှည် ရှင်းပြလိုက်သည် "ကျင့်စဉ်တွေကိုကောင်းကင်အဆင့်.... ကမ္ဘာမြေအဆင့်နဲ့ လူသားအဆင့်ဆိုပြီးတော့ သုံးဆင့်ခွဲထားတယ်....ကောင်းကင်အဆင့်က အမြင့်ဆုံးပဲ.... အဆင့်တစ်ခုစီမှာ သာမန်....အထက်တန်းနဲ့ ရတနာအဆင့်ဆိုပြီး ပြန်ခွဲထားသေးတယ်..... ကမ္ဘာမြေအဆင့် ကျင့်စဉ်တွေက အဆင့်မြင့် ကျင့်စဉ်လို့ ယူဆလို့ရတယ်.... အဲဒါကြောင့် ဒီမှာ မရောင်းဘူး....."
ဆိုင်အကူသည် ကမ္ဘာမြေအဆင့်ဆိုမထားနှင့် ရတနာအလွှာ လူသားအဆင့်ရှိ ကျင့်စဉ်အများအပြား မရှိကြောင်းကို ထုတ်မပြောလိုက်ချေ။
"အဲဆို ကောင်းကင်အဆင့် ကျင့်စဉ်တွေက အကောင်းဆုံးပေါ့...." မိုဝူကျီသည် သူကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။ အကယ်၍ ကောင်းကင်အဆင့်ကို ဝယ်ယူ၍ ရလျှင် ပိုက်ဆံ ဘယ်လောက်များများ လိုအပ်မည်နည်း.......... ဂြိုလ်ပေါ်မှ ချမ်းသာမှုအကုန်ပေါင်းလျှင်ပင် တစ်ခုဝယ်ယူနိုင်ရန် လုံလောက်မည် မဟုတ်။
ဆိုင်အကူသည် သူ့အသိပညာအား ကြွားရမည့်အခွင့်ကို အပြည့်အဝ အသုံးချကာ ရယ်ရယ်မောမော ပြောလိုက်သည် "ပုံမှန်ဆိုရင် ဒီအဆင့်သုံးခုကို ဈေးကွက်မှာ အများဆုံး ရှာလို့်ရတယ်..... ဒါပေမဲ့ ကောင်းကင်အထက်အဆင့်မှာရှိတဲ့ ကျင့်စဉ်တွေအကြောင်း ကြားဖူးတယ်.... အဲဒါကို အင်မော်တယ်အဆင့်လို့ ခေါ်တယ်..... တကယ် အင်မော်တယ်ဖြစ်နိုင်တဲ့ အစစ်အမှန် နည်းလမ်းတွေ ပါတယ်တဲ့....."
မိုဝူကျီသည် ချီလှည့်ပတ်ခြင်း အသက်ရှည်ကျမ်းကို ညွှန်ပြကာ မေးလိုက်သည် "ဒီနည်းလမ်းနဲ့ဆိုရင် အသက်ကို ဆွဲထားပြီး အင်မော်တယ်အထိ ရောက်စေနိုင်မှာလား....."
ဆိုင်အကူသည် စိတ်ရှည်လက်ရှည် ပြန်ဖြေလိုက်သည် "ဒါက ကောင်းကင်နဲ့ မြေကြီးက ဝိညာဉ်စွမ်းအားတွေကို စုပ်ယူတဲ့ ကျင့်စဉ်ပဲ....... ဒါပေါ့ အသက်တော့ ရှည်လာစေလိမ့်မယ်.....ဒါပေမဲ့ ထာဝရတော့ မဟုတ်ဘူး..... ဘယ်လိုပြောရပါ့....."
ဆိုင်အကူသည် သူသုံးနှုန်းရမည့် စကားလုံးမတွေ့သဖြင့် ခဏတာ တွေးတောလိုက်၏။ နောက်ဆုံးတွင် သူသည် တစ်ခုခုကို တွေးမိသွားလေသည်။ သူသည် ထောင့်မှ ကျင့်စဉ်ကို ညွှန်ပြကာ မိုဝူကျီအား ပြောလိုက်သည် "ဥပမာအားဖြင့် ဒီစာအုပ်က......"
မိုဝူကျီသည် အပြေးအလွှားသွားကာ ကြည့်လိုက်သည် " အင်မော်တယ် မော်တယ် (Immortal Mortal)..."
မိုဝူကျီသည် နှလုံးခုန်မြန်လာလေသည်။ ဘယ်လိုတောင် တင်စီးလိုက်တဲ့ နာမည်လဲ.... သေမျိုးက ဘယ်လိုလုပ် အင်မော်တယ် ဖြစ်နိုင်ပါ့မလဲ.....
သို့သော် ချက်ချင်းပင် ဈေးနှုန်းကို ကြည့်မိလိုက်၏။ အမှတ် ၁၀၀၀ သို့မဟုတ် ရွှေပြား တစ်သိန်းတစ်သောင်း.......
"ဘာလို့ ဈေးချိုနေတာလဲ....." မိုဝူကျီသည် ချက်ချင်း မေးလိုက်သည်။
ဆိုင်အကူသည် အားရပါးရ ရယ်မောလိုက်ပြီး ပြောလိုက်သည် "အဆင့်ကို တစ်ချက်ကြည့်ကြည့်ပါဦး .... ဘာကြောင့် ဈေးချိုနေလဲဆိုတာ တွေ့လိမ့်မယ်......"
မိုဝူကျီသည် သူ့ကြိတ်ချစ်ရသူက သူ့ဘေးတွင် လာထိုင်သကဲ့သို့ ခံစားလိုက်ရသည်။ သူမရနံ့ကိုပင် ရရှိနိုင်လေ၏။ သူ့နှလုံးသားသည်ထိန်းချုပ်မရလောက်အောင် ခုန်ပေါက်လာလေသည်။
"လူသားအဆင့် ကျင့်စဉ်....." ထိုစာတန်းကိုကြည့်ပြီး မိုဝူကျီသည် မယုံကြည်နိုင်စွာ ထပ်ပြောလိုက်သည် "ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ....."
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..... လူသားအဆင့်ဆိုရင်တောင် ဒါက ဈေးပေါလွန်းမနေဘူးလား....
ဆိုင်အကူသည် မိုဝူကျီ၏ မှင်သက်နေသည့် အမူအယာကို ကြည့်ပြီး ချက်ချင်း ထပ်ပြောလိုက်သည်။ ဖြစ်နိုင်သည်က ထိုလူ့တွင် ဝယ်ယူရန် ပိုက်ဆံရှိလိမ့်မည်။
ဆိုင်အကူသည် မိုဝူကျီအား ဝယ်ယူရန် နားချမည့်ဆဲဆဲတွင် ညင်သာသော အသံ ထွက်ပေါ်လာလေသည် "ဒီကျင့်စဉ်က နေရာတိုင်းမှာ တွေ့နိုင်တယ်..... ဒီနေရာက ဈေးအကြီးဆုံးပဲ...... လမ်းဘေးဆိုင် ဒါမှမဟုတ် ဆိုင်အသေးလေးတွေက ရွှေပြား နှစ်သောင်း သုံးသောင်းလောက်နဲ့ ရောင်းလိမ့်မယ်..... ကံကောင်းရင် ရွှေပြားတစ်သောင်းလောက်နဲ့ ရနိုင်တယ်...... ဒီကျင့်စဉ်က ဝိညာဉ်ကြောဖွင့်တဲ့ အဆင့်ကိုးထိမရောက်ခင်အထိ ကျင့်ကြံလို့ရမှာ...... အဲဒါအပြင် ဒီကျင့်ကြံရမဲ့ နည်းလမ်းက အရမ်းခက်ခဲတယ်..... ပြီးတော့ ဒီကျင့်စဉ်နဲ့ ဝိညာဉ်ကြောဖွင့်တဲ့ အဆင့်ကိုးကို ရောက်ဖို့က တခြားကျင့်စဉ်တွေနဲ့ ယှဉ်ရင် အားထုတ်မှုနဲ့ အရင်းအနှီး ပိုလိုအပ်တယ်"
စကားပြောသူသည် သာမာန် အရပ်အမောင်း ရှိသည့် ပြုံးနေသော လူဖြစ်၏။ ထိုလူ့စကားများသည် မိုဝူကျီအပေါ်သို့ ရေအေးနှင့် ပက်လိုက်သလို ဖြစ်လေ၏။ လမ်းဘေးဈေးဆိုင်တွင် ရောင်းချနေသည့် ဆိုသော အချက်ကိုပါ ထည့်တွက်လျှင် သူသည် ဝယ်ယူရန် နောက်တစ်ကြိမ် ထပ်စဉ်းစားရလိမ့်မည်။
"အကြံဉာဏ်အတွက် ကျေးဇူးတင်ပါတယ်....." သူသည် စိတ်ပျက်သွားသော်လည်း မိုဝူကျီသည် ကျေးဇူးတင်သည့်ဟန် လက်အမူအယာ ပြုလုပ်ကာ နှုတ်ဆက်လိုက်၏။
ဆိုင်အကူသည် မလုံမလဲ ပြန်ပြောလေ၏ "တစ်လမ်းလုံးက ရောင်းနေရင်တောင် ကျွန်တော်တို့ ဆိုင်က ကျင့်စဉ် အပြည့်အစုံပါတယ်...... လမ်းဘေးမှာရောင်းနေတဲ့ ဟိုစာလုံးပျောက်ဒီစာလုံးပျောက် ကျင့်စဉ်တွေ မဟုတ်ဘူး.....အကြမ်းခံတဲ့ ကုန်ကြမ်းတွေနဲ့ လုပ်ထားတာ... ကျွန်တော် အာမခံနိုင်တယ်..... ဒီမှာရှိတဲ့ ဒီကျင့်စဉ် ဆယ်ခုလောက် ရောင်းဖူးတယ်....."
အမျိုးသားက ခေါင်းညိတ်ကာ ပြောလိုက်၏ "အမှန်ပဲ..... လောင်ဟိုင်ကုန်သည်အိမ်တော်ကို ယုံကြည်လို့ရပါတယ်....."