အခန်း (၃၇) : မျိုးတုန်းပျောက်ကွယ်မှု
"လောင်အန်းရဲ့ မိုမျိုးနွယ်စုက ပျောက်ကွယ်သွားပြီ..... သူတို့အားလုံး သေကုန်ကြပြီ...." မိုရှင်းထောင်သည် မျက်ရည်ရွဲလဲ ဖြင့် ပြောလိုက်သည်။ သူမသည် ဆက်၍ မပြောနိုင်တော့ဘဲ ငိုသာ ငိုကြွေးနေလေ၏။
"အဖြစ်အပျက်က ပြီးသွားခဲ့ပြီပဲ...... အချိန်ယူပြီး ပြောပြလို့ ရပါတယ်...." မိုဝူကျီသည် မိုရှင်းထောင်ကို ဆွဲကာ ထိုင်ခုံပေါ် ထိုင်လိုက်စေသည်။ မိုရှင်းထောင် ဆိုလိုသော လောင်အန်းဟူသည်မှာ မြောက်ဖက်ပိုင်း ချင်စီရင်စု၏ မြို့တော်ကို ဖြစ်၏။ စီရင်စု တော်ဝင်မျိုးနွယ် ဖြစ်သောကြောင့် မိုမျိုးနွယ်စုသည် လောင်အန်းတွင် နေထိုင်ကြသည်။
မိုဝူကျီသည် တခြားသူများရှေ့တွင် မိုမျိုးနွယ်စု အကြောင်း မစုံစမ်းရဲခဲ့ချေ။ သို့သော် သူသည် မိုရှင်းထောင်နှင့် ထိုသို့သော အရာမျိုး စိတ်ပူစရာမရှိပေ။
မိုရှင်းထောင်သည် ဆက်လက် ငိုကြွေးရင်း ရှိုက်ငင်ကာ ပြောပြလိုက်သည် "လွန်ခဲ့တဲ့ လေးနှစ်တုန်းက မိုမျိုးနွယ်စုကို မြောက်ဖက်ပိုင်း ချင်စီရင်စု သခင် လုပ်ကြံမှု ကိစ္စမှာ ဆွဲသွင်းခံလိုက်ရပြီး....."
"ခဏ.... မိုမျိုးနွယ်စုက မြောက်ဖက်ပိုင်း ချင်တော်ဝင်မိသားစုက မဟုတ်ဘူးလား.... ဘာလို့ ချင်စီရင်စု သခင်ကို လုပ်ကြံတဲ့ ကိစ္စမှာ ပါဝင်ရမှာလဲ....." မိုဝူကျီသည် မိုရှင်းထောင်ကို ဖြတ်ပြောကာ နားမလည်စွာ မေးလိုက်၏။
မိုရှင်းထောင်သည် ခါးကို ခါပြလိုက်ပြီး "လွန်ခဲ့တဲ့ လေးနှစ်တုန်းက ငါတို့ မိုမျိုးနွယ်စုက မြောက်ဖက်ပိုင်း ချင်တော်ဝင်မိသားစုထဲ မပါဝင်တော့ဘူး..... ကျူမျိုးနွယ်စုက အခု မြောက်ဖက်ပိုင်း ချင်တော်ဝင်မိသားစု ဖြစ်နေပြီ.....အရင် သခင် ပျောက်ကွယ်သွားတဲ့နောက်မှာ ကျူရှုဖန်က ချင်ယွီပြည်နယ်သခင်ရဲ့ ထောက်ခံချက်နဲ့ အရိုက်အရာကို ဆက်ခံလိုက်တယ်....ဒါပေမဲ့လည်း သူအုပ်စိုးနေစဉ်မှာ မိုမျိုးနွယ်စုက တစ်ယောက်က သူ့ကို သတ်လိုက်တယ်..... မိုလုပ်ကြံသူက အဲမှာပဲ တခါတည်း အသတ်ခံလိုက်ရပြီးတော့ မိုမျိုးနွယ်စုရဲ့ ဆွေစဉ် မျိုးဆက်ကိုးဆက်လုံးကို သေမိန့်ချခဲ့တယ်......"
မိုဝူကျီ မျက်နှာသည် မှောင်ရိပ်သန်းလာလေသည်။ မိုမျိုးနွယ်မှ လူက စီရင်စု သခင်ကို လုပ်ကြံသတ်ဖြတ်ခဲ့တာလား.... ဒီ ဆင်ခြေက အရမ်း အဓိပ္ပါယ်မရှိ ဖြစ်မနေဘူးလား.... ဘယ်လိုတောင် ရက်စက်လှသည့် စီစဉ်မှုမျိုးလဲ..... ဆွေစဉ်မျိုးဆက် ကိုးဆက်လုံး သေမိန့်ချခံရသည့်အထိ လွန်လွန်းသွားပြီ.....
"ဘယ်လိုလုပ် လွတ်လာတာလဲ..... သူတို့ က မင်းကို တွေ့တုန်းက မင်းကို မသတ်ဘူးလား....." မိုဝူကျီသည် မိုရှင်းထောင်အား သံသယရှိစွာ ကြည့်လိုက်သည်။
မိုရှင်းထောင်သည် စိတ်ထိခိုက်သည့် အသံဖြင့် "အရင် သခင် ပျောက်သွားတဲ့နှစ်မှာ မင်းမိဘတွေလည်း အရိုက်အရာအတွက် ယောင်ကျိုးကို ထွက်သွားခဲ့တယ်....ဒါပေမဲ့ သူတို့ဆီက ဘာသတင်းမှ မကြားရဘူး... ပြီးတော့ မိုမျိုးနွယ်ကနေ ယောင်ကျိုးကို သွားတဲ့သူတိုင်း ပျောက်ကွယ်သွားကြတယ်......"
ထိုအရာကို ကြားပြီး မိုဝူကျီသည် မိုမျိုးနွယ်စုက တစ်ယောက်ကမှ ယောင်ကျိုးသို့ ရောက်မလာခဲ့သည့် အကြောင်းရင်းကို နားလည်သွားလေသည်။ ကြည့်ရသည်မှာ သူတို့သည် လောင်အန်းမှ ထွက်လာသည်နှင့် အသတ်ခံရခြင်း ဖြစ်လိမ့်မည်။ မိုမျိုးနွယ်စုမှ ယောင်ကျိုးသို့ ထွက်လာသူတိုင်းသည် သေဆုံးသော မိုမျိုးနွယ်စုဝင်သာ ဖြစ်လိမ့်မည်။ ထိုအချိန်တွင် ကျူရှုဖန်သည် အရိုက်အရာ ဆက်ခံလိုက်ပြီး ကျူမျိုးနွယ်စုသည်လည်း မိုမျိုးနွယ်စုနှင့် ယှဉ်နိုင်သည့် အာဏာ ရရှိလာလိမ့်မည်။
"ပျောက်ဆုံးလာတဲ့ လူဦးရေများလာတာနဲ့အမျှ မိုမျိုးနွယ် ခေါင်းဆောင်က မိုမျိုးနွယ်စုတွေကို လောင်အန်းမှာပဲ နေဖို့ အမိန့်ချထားတယ်..... လွန်ခဲ့တဲ့ လေးနှစ်တုန်းက ငါက ဆယ့်ငါးနှစ်ပဲ ရှိသေးတာ...... ငါက တကယ်ကို အလိုလိုက် အကြိုက်ဆောင်ခံခဲ့ရတာကြောင့် လောင်အန်းက ထွက်ဖို့ စတေးပြီး ကမ္ဘာကြီးကို မြင်ဖူးချင်ခဲ့တယ်...... ငါထွက်လာတဲ့ ဒုတိယမြောက်ရက်မှာ မိုမျိုးနွယ်စုက လုပ်ကြံမှုမှာ ပါဝင်ပြီး ဆွေစဉ်မျိုးဆက်ကိုးဆက်လုံး ကွပ်မျက်ခံလိုက်ရတယ်..... ငါ အဲဒီ သတင်းကိုကြားတုန်းက လောင်အန်းကို ပြန်မသွားရဲခဲ့ဘူး..... အဲကြောင့် မင်းအဖေကို ရှာဖို့ ယောင်ကျိုးကို တက်လာဖို့ ဆုံးဖြတ်ခဲ့တယ်......"
မိုရှင်းထောင်သည် သူမ၏ ခါးသီးသည့် နေရက်များကို အမှတ်ရလာသကဲ့သို့ "အသက်ရှင်ဖို့ရာ ငါ အများကြီး လုပ်ခဲ့ရတယ်..... ငါ ခိုးတယ်... တောင်းတယ်... ပြီးတော့ ရေညှိတွေနဲ့ သစ်ရွက်တွေကိုပါ စားခဲ့ရတယ်....."
မိုဝူကျီသည် နောင်တတရားများကို ခံစားမိ၏။ သူသည် သူဆီက ခိုးယူရန် ကြံရွယ်သည့် မိန်းကလေးအား ကူညီပေးလိုက်သင့်သည်။ ထိုမိန်းကလေးသည်လည်း မိုမျိုးနွယ်စုမှ နောက်ထပ် ရှင်ကျန်သူ ဖြစ်နေလျှင် မည်သူ သိမည်နည်း......
"ကြင်နာတတ်တဲ့ မမလေးတို့ မိသားစုကစေခံအဖြစ် မခေါ်ယူခင် အထိ အဲဒီလိုမျိုး နှစ်နှစ်လောက် ရုန်းကန်လာခဲ့ရတယ်.....ဒါပေမဲ့ အားလုံးက လွန်ခဲ့တဲ့ သုံးလက အဆုံးသတ်သွားခဲ့ရတယ်.... မိသားစုက သူတို့သွားပြီး မစော်ကားသင့်တဲ့လူကို ရန်စမိလို့ အဲဒီလူတွေက ရုတ်တရက် ရောက်လာပြီး အကုန်လုံးကို သတ်ဖြတ်သွားခဲ့တယ်..... မိသားစု တစ်ခုလုံး အသတ်ခံလိုက်ရပြီး မမလေးနဲ့ ငါပဲ အသက်ရှင် ကျန်ရစ်တယ်..... သူတို့က ပိုက်ဆံအတွက် ငါတို့ကို ချမ်းသာပေးခဲ့တာ.... မမလေးနဲ့ ငါတို့ နှစ်ယောက်လုံး အပျော်အိမ်ကို အရောင်းခံလိုက်ရတယ်.....
အဲ့ဒီ ဖက်တီးက အပျော်အိမ်နဲ့ စီးပွားမိတ်ဖက်တွေ.... သူက ဘယ်လိုစီးပွားရေး လုပ်ရမလဲဆိုတာ ကောင်းကောင်းသိတယ်..... နွေဦးနတ်ဘုရားဂိတ် ညီလာခံမှာ ချမ်းသာပြီး အာဏာရှိတဲ့ လူတွေအများကြီး ဒီနေရာမှာ စုစည်းကြပြီး အမျိုးသမီး အစေခံတွေ ဝယ်လိမ့်မယ်လို့ ပြောခဲ့တယ်...... သူတို့ ဆော့ကစားပြီးတာနဲ့ သူတို့က ငါတို့ကို ဒီမှာ စွန့်ပစ်ခဲ့ပြီး ဖက်တီးက ငါတို့ကို အပျော်အိမ်ကို ထပ်ခေါ်သွားလိမ့်မယ်....."
"ဘမ်း....." မိုဝူကျီသည် ဒေါသထွက်စွာ စားပွဲအား ရိုက်ချလိုက်သည် "ဘယ်လိုတောင် ယုတ်မာတာလဲ......"
သူ ရည်ညွှန်းသည်က ထိုဖက်တီးလား သို့မဟုတ် မမလေးတို့ မိသားစုကို သတ်သွားသည့် လူလား ဆိုတာ အရေးမကြီးချေ။
ပြောပြီးသည်နောက်တွင် မိုဝူကျီသည် ရုတ်တရက် အမှတ်ရလိုက်သည် "အဲဒီ မမလေးရော ဘာဖြစ်သွားပြီလဲ...."
"သူမ နာမည်က ကျင်းလန်ပေးတဲ့.... သူမက အဲဒီ နံပါတ် ၃၁ ပဲ.... ဝူကျီ သူမကို ကယ်ဖို့ နည်းလမ်းရှာပေးနိုင်မလား....." မိုရှင်းထောင်သည် မိုဝူကျီအား မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်သည်။ သူမသည် မိုဝူကျီက အိမ်တော်တစ်ခု၏ နောက်လိုက် ဖြစ်မှန်း သိသော်လည်း အံ့ဖွယ် တစ်ခုခုများ ဖြစ်ပျက်လာမလား ဟု မျှော်လင့်မိလေ၏။ ယပ်တောင်နှင့် အမျိုးသားသည် မိုဝူကျီ၏ သတ္တိကို သဘောကျပြီး သူ့တောင်းဆိုချက်အား လက်ခံရန် ဆန္ဒရှိဖို့ မျှော်လင့်မိသည်။
"ငါတို့ နောက်မှ ပြောကြတာပေါ့....ဒီမှာ စောင့်နေဦး...." မိုဝူကျီသည် သူ့စကားဆုံးသည်နှင့် မိုရှင်းထောင် ဘာမှ မတုံ့ပြန်နိုင်ခင် တဲ အထဲမှ အလျှင်စလို ထွက်သွားလေသည်။ ကျင်းမျိုးနွယ်မှ မိုရှင်းထောင်အား ကယ်တင်ပေးခဲ့သည့် ကျေးဇူးကြွေးကို သူမကို ကယ်တင်ခြင်းဖြင့် သေချာပေါက် ပြန်လည်ဆပ်မည်။ ကျင်းလန်ပေး အား ထိုအရူးမှ မကျုးလွန်ခင် သူသည် ကတိုက်ကရိုက် ထွက်လာလိုက်သည်။
မိုဝူကျီသည် အဝေးမှ တင်းဘူအာကို မြင်၍ သူ့ဆီကို အလောတကြီး လျောက်သွားလိုက်ပြီး "ဘူအာ.... စောစောက ငါနဲ့ ပြိုင်တဲ့ လူအကြောင်းသိလား..."
တင်းဘူအာသည် မိုဝူကျီက စိုးရိမ်နေသည်ဟု တွေးမိကာ အမြန်အဆန် ပြောပြလိုက်သည် "ငါ အခုပဲ စုံစမ်းလာတာ....အဲဒီလူက ရွမ်လင်း စီရင်စုက မင်းသားတဲ့.... သူ့နာမည်က ထောင်ပချီ .....သူက ငါတို့ မမလေးနေတဲ့ တည်းခိုခန်းမှာပဲ နေတာ.... သူက ဒေါသအရမ်းကြီးပြီး အရမ်းခက်ထန်တယ်..... ငါတို့က အခု သူ့ကို စိုးရိမ်စရာ မလိုတော့ဘူး.....ဒါပေမဲ့ သင်္ဘောပေါ် ရောက်ရင် သတိထားရလိမ့်မယ်..... အင်မော်တယ်ဆရာတွေက သင်္ဘောပေါ် လူတွေအသတ်ခံရလဲ ဂရုမစိုက်ဘူးလို့ ကြားထားတယ်...."
"ငါ သိပြီ... ဘူအာ ငါတို့ နောက်ထပ် တဲ တစ်လုံး ထပ်ရနိုင်သေးလား..... ငါ မမလေး သွားရှာလိုက်ဦးမယ်...." မိုဝူကျီသည် နောက်ဆုံးစကားကို အလောတကြီး ပြောလိုက်ပြီး တည်းခိုခန်းဆီ အလျှင်စလို ပြေးသွားလိုက်သည်။
မိုဝူကျီက မမလေးအား ရှာမည်ကို ကြားပြီး တင်းဘူအာသည် ထပ် မစိုးရိမ်တော့ချေ။ မိုဝူကျီသည် ဟန်နင်အား သူ့အား ထောင်ပချီဆီ သွားရောက်ရန် ကူညီပေးလိုကြောင်း အလိုရှိလောက်မည် ဖြစ်၏။
"ရပ်စမ်း.... မင်းက ဒီက ဧည့်သည်မဟုတ်ရင် ဝင်ခွင့်မပြုဘူး....." တည်းခိုခန်း အစောင့်သည် မိုဝူကျီအား တားဆီးလိုက်သည်။ သူသည် ချောင်ဟောင် ထိုမင်းသားမှ မိုဝူကျီအား တံခါးဝမှ မောင်းထုတ်လိုက်သော သူမှန်း မှတ်မိ၏။
မိုဝူကျီသည် ယဉ်ကျေးစွာ လက်နှစ်ဖက်ဖြင့် ဂါရဝပြုလိုက်ပြီး "ကျွန်တော်က ဒီကို မမလေး လာရှာတာပါ.... ခင်ဗျားက ကျွန်တော်ကို မမလေးနဲ့ တွေ့ခွင့်မပြုတာတော့ မဟုတ်ပါဘူးနော်...."
တံခါးစောင့်သည် တွေဝေသွားလေ၏။ မိုဝူကျီ ပြောသည်က အဓိပ္ပါယ်ရှိလှ၏။ အိမ်တော်နောက်လိုက် တစ်ယောက်အနေနှင့် သူ့သခင်မလေးအား တင်ပြရန် ခွင့်ပြုသင့်သည် မဟုတ်လား.....
သူသည် ပြန်ပြောခါနီးတွင် မိုဝူကျီက သူ့လက်ထဲကို ရွှေပြားတစ်ပြား ထည့်ပေးလိုက်ပြီး "အစ်ကိုကြီး... ကျွန်တော့်ကို ချွင်းချက်ထားပေးလေ.... ဒီမှာ အကြာကြီး မနေပါဘူး..... ခင်ဗျားအတွက် အခက်တွေ့အောင် မလုပ်ပါဘူး....."
တံခါးစောင့်သည် မိုဝူကျီအား ဝင်ခိုင်းရန် ဆုံးဖြတ်ပြီးပြီ ဖြစ်၏။ မိုဝူကျီက ရွှေပြား ထုတ်လာသည်ကို မြင်သောအခါ တွေဝေမနေဘဲ ပြောလိုက်၏ "ဝင်ဝင်... မကြာခင် ထွက်လာနော်...."
မိုဝူကျီသည် သူ့အား ကျေးဇူးစကား ဆိုလိုက်၏။ သူသည် တည်းခိုခန်းသို့ ဝင်မည့်ဆဲဆဲတွင် သူက တစ်ခုခုအား အမှတ်ရသည်ဟန်ဖြင့် တံခါးစောင့် နားကပ်ကာ မေးလိုက်သည် "အစ်ကိုကြီး... ရွမ်လင်းစီရင်စု မင်းသားက အမျိုးသမီးကျွန်ဝယ်လာတယ် လို့ ကျွန်တော် ကြားလိုက်တယ်....."
တံခါးစောင့်သည် ရယ်လိုက်ပြီး မိုဝူကျီအား သူသိသည် ဟူသော ပုံဖြင့် တီးတိုးပြောလိုက်သည် "ညီလေး.... ငါတို့က စိတ်တူကိုယ်တူတွေပါ့လား.... အဲဒီအမျိုးသမီးက တကယ်ကို မဆိုးဘူးကွ..... သူမမှာ လှပတဲ့ ဘဲဉသဏ္ဍာန် မျက်နှာပေါက်ရှိတယ်....ပြီးတော့ သူမရင်ဘတ်က အကြီးကြီးကွ..... အိုဗျာ.... သူတို့ကို ကိုင်လိုက်ရရင် ဘယ်လိုများ နေမယ် မသိဘူး....."
တံခါးစောင့်သည် သူ့၏ တဏှာအတွေးများကို ပြောပြနေမိ၏။
"သူဘယ်မှာ နေတာတော့ မသိဘူး.... သူ့အခန်းနီးချင်းတွေကတော့ ဆူညံလို့ သေချာပေါက် ပြောကြလိမ့်မယ်...." မိုဝူကျီသည် ထိုတံခါးစောင့်ဖြင့် လေသံတူ ပြောလိုက်သည်။
တံခါးစောင့်သည် ရယ်မောလိုက်ပြီး "မင်း အဲဒါကို စိုးရိမ်စရာ မလိုဘူးကွ.... မင်းသားက နံပါတ် ၁၇မှာ နေတာ...အဲဒီနောက်မှာ အနားယူဖို့ ဟင်းလင်းပြင်ပဲ ရှိတော့တာ...."
"ဘယ်လိုတောင် ကံကောင်းတာပါ့လိမ့်..... ကောင်းပြီလေ.... ကျွန်တော်လဲ မမလေးကို သတင်းသွားပို့လိုက်ဦးမယ်...." မိုဝူကျီသည် ပုံမှန်အတိုင်း ပြောကာ တည်းခိုခန်းထဲသို့ ဝင်သွားလိုက်သည်။