အခန်း (၃၆) : မိုမျိုးနွယ်စု၏ မိန်းကလေး
ရွှေပြား ၂၀၀၀ အထိ ဈေးခေါ်သောအခါ ဖက်တီးသည် အံ့သြတုန်လှုပ်လာပြီး သူ့အဆီများပင် တုန်ခါလာကြပြန်သည်။ သူသည် အတည်မပြုခင် ကြာကြာ မစောင့်မိသည့်အတွက် ကိုယ့်ဘာသာ ပါးရိုက်ချင်နေသည်။
မဟုတ်သေးဘူး... ဒီအပို ရွှေပြား ၁၀၀၀ ကို ဘယ်နည်းနှင့်မှ လက်မလွှတ်နိုင်ဘူး.....
ထိုအတွေးဖြင့် သူသည် စိတ်လှုပ်ရှားစွာ အော်မေးလိုက်သည် "တစ်ယောက်က ရွှေပြား ၂၀၀၀ အထိ ဈေးခေါ်ထားတယ်.... တစ်ယောက်ယောက်များ ပိုပေးချင်....."
သူ့စကားမဆုံးခင်ပင် သူသည် လည်ပင်းတွင် လာထောက်နေသည့် အေးစက်စက် အရာတစ်ခုကို ခံစားမိလိုက်သည်။ သူသည် ခေါင်းငုံ့ကြည့်လိုက်သည့်အခါ ထက်ရှပြီး ပြောင်လက်နေသည့် ဓားဖြူကို နီးကပ်စွာ တွေ့လိုက်ရ၏။
"မင်း.... မင်း မြန်မြန် လွတ်ပေး.... ငါတို့က နွေဦးနတ်ဘုရားဂိတ် ညီလာခံရဲ့ စုစည်းရပ်မှာနော်.... မင်း ဘယ်လိုလုပ် ငါ့ကို တိုက်ခိုက်ရဲတာလဲ..." ဖက်တီးသည် အစက တုန်ယင်နေသော်လည်း မိုဝူကျီသည် သူ့အား ဘာမှ မလုပ်ရဲသည်ကို သိလာသည့်နှင့် အမျှ စကားပြောရာတွင် ယုံကြည်ချက်ရှိလာ၏။
မိုဝူကျီသည် သူ့လည်ပင်းထောက်ကာ ဓားကိုင်ထားသူ ဖြစ်၏။ လူထုကြီးသည်လည်း မိုဝူကျီ၏ အပြုအမူကို မြင်ကာ အံ့အားသင့်နေကြသည်။ ဤနေရာတွင် ကြမ်းတမ်းစွာ ပြုမူခြင်းသည် အသက်ကို အလေးအထားခြင်းပင် ဖြစ်သည်။
မိုဝူကျီသည် ရယ်မောကာ "ဖက်တီး.... ခင်ဗျားပဲ ကျွန်တော်ရဲ့ ခေါ်နှုန်းကို လက်ခံပြီးပြီလေ..... ကျွန်တော်တို့ ကြားက စကားအနေနဲ့လည်း ရှိပြီးပြီ.... ခင်ဗျားရော ကျွန်တော်ရော စကားတွေ ပြန်ယူလို့ မရဘူး ဆိုတာ သိပါတယ်..... ကျွန်တော်တို့က နွေဦးနတ်ဘုရားဂိတ် ညီလာခံရဲ့ စုစည်းရပ်မှာ ရှိတာလဲ ခင်ဗျားသိပြီးသား.....တကယ်လို့ အင်မော်တယ်သခင် တစ်ယောက်ယောက်သာ ခင်ဗျားက လူကျင့်ဝတ်သွေဖယ်နေတဲ့ စီးပွားရေးလုပ်ပြီး ကတိမတည်တဲ့လူဆိုတာ သိသွားခဲ့ရင် ဒီနေရာမှာ ချမှတ်ထားတဲ့ စည်းကမ်းတွေကို မလေးစားတာ အဖြစ် ယူဆလို့ မရဘူးလား..... ဒီနေရာက ကျွန်တော်တို့ ကြားက စကားကို မတည်တာက ခင်ဗျား ဘာဖြစ်လာနိုင်တယ်ဆိုတာ သိရဲ့လား....."
မိုဝူကျီသည် မသရော်ခင် ခဏ ရပ်တန့်လိုက်သည် "ခင်ဗျားရှာထားတဲ့ ငွေလေး သုံးမသွားရမှာကို စိုးရိမ်မိပါ့ဗျာ.... ခင်ဗျားကို ကျွန်တော် ကိုယ်တိုင် သတ်စရာမလိုဘူးနော်..... ဒီက အင်မော်တယ်သခင်တွေဆီ သတင်းပို့ တင်ပြလိုက်ရုံပဲ....."
မိုဝူကျီသည် စကားဆုံးသည်နှင့် ဓားကို ပြန်ချထားလိုက်ကာ ဖက်တီးအား မထီမဲ့မြင် ကြည့်လိုက်သည်။
ဖက်တီးသည်ကား ချွေအေးများ ထွက်လာလေသည်။ မိုဝူကျီပြောသည်က မှန်ကန်ပေသည်။ အကယ်၍ မိုဝူကျီသာ ထိုကိစ္စအား မတိုင်ကြားပါက သူအဆင်ပြေလိမ့်မည်။ သို့သော် မိုဝူကျီကဲ့သို့ ပြုမူရဲသည့် သူက ကြီးမားသော ဆုံးရှုံးခံရ ပြီးသည့်နောက် မတိုင်ကြားဘဲ နေမည်လား...... ဖက်တီးသည် လောဘကြောင့် မှောင်မိုက်ကာ အသက်အန္တရာယ်ကို ဂရုမပြုမိချေ။
သူသည် သေချာပေါက် လူများစွာရှေ့တွင် အရှက်မဲ့စွာ မပြုမူနိုင်ချေ။ အကယ်၍ သူလုပ်ခဲ့ပါက သူသည် သေခြင်းနေတာသာ ဖြစ်ရမည်။
"အာ.... ဒီမှာ အမှားလုပ်မိတဲ့အတွက် တောင်းပန်ပါတယ်..... ကျွန်တော်က ပိုက်ဆံကြောင့် မျက်ကန်းဖြစ်သွားပြီး ခင်ဗျားနဲ့ စကားပြောပြီးသား ဆိုတာ မေ့သွားခဲ့တယ်....." ဖက်တီးသည် မိုဝူကျီအား ထိုမိန်းကလေး၏ သံကြိုးသော့ကို ပေးလိုက်၏။ သူ့အသက်သည် သူရှာနိုင်သည့် အမြတ် ရွှေပြားတစ်ထောင်ထက် ပိုအဖိုးတန်လှ၏။
မိုဝူကျီသည် အင့်ခနဲ ယူလိုက်ပြီး သံကြိုးကို ဖြေကာ သံကြိုးနှင့် သော့အား အဝေးသို့ လွှင့်လိုက်သည်။ တစ်ချိန်တည်းမှာ သူသည် အိတ်ထဲမှ ရွှေပြား ၁၀၀၁ ပြားနှင့် ကြေးတစ်ပြားကို ယူကာ ဖက်တီးအား ပေးလိုက်သည်။
အကယ်၍ သူ့မျိုးနွယ်စုမှ ဖြစ်နိုင်သော မိန်းကလေးကို ကယ်တင်ဖို့သာ မဟုတ်လျှင် သူသည် အလွယ်တကူ သဘောတူမည် မဟုတ်ပေ။ သူမကို ဝယ်လျှင်ပင် အများဆုံး ရွှေပြား ငါးဆယ်မှ တစ်ရာကြားသာ အသုံးပြုလိမ့်မည်။
မြောက်ဖက်ပိုင်း ချင်၏ မိုမျိုးနွယ်စုမှ မျိုးဆက်ကို ရောင်းဖို့ ကြိုးစားခဲ့သည့် ဖက်တီးကို မြင်၍ မိုဝူကျီအား သူ့အား အသာတကြည် အလွတ်ပေးရန် စိတ်ကူးမရှိချေ။
ယပ်တောင်နှင့် အမျိုးသားမျက်နှာသည် မှုန်မှိုင်းလာလေသည်။ သို့သော်လည်း သူသည် နွေဦးနတ်ဘုရားဂိတ် ညီလာခံနေရာရှိ ဖွဲ့စည်းပုံ စည်းကမ်းများ အကြောင်းကို စိမ်ခေါ်ရန် သတ္တိမရှိချေ။ သူသည် ဖက်တီးထံမှ မိုဝူကျီက မိန်းကလေးကို ခေါ်ဆောင်သွားရုံသာ ကြည့်နေနိုင်လေသည်။
ဖက်တီးသည် ယပ်တောင်နှင့် အမျိုးသားထံ အပြေးအလွှားရောက်လာပြီး ယဉ်ကျေးစွာ ပြောလိုက်သည် "သခင်လေး..... ကျွန်တော်မှာ ဒီထက် ကောင်းတဲ့သူ ကျန်ပါသေးတယ်..... နံပါတ် ၃၁ က လှပရုံသာမက တေးဂီတဘက်မှာလဲ ထူးချွန်လှပါတယ်.....ကျန်တဲ့သူတွေနဲ့ ယှဉ်လိုက်ရင် သူက ကျွန်တော်ရှိသမျှထဲ အကောင်းဆုံးပါပဲ....."
"အမှန်ပဲလား..... မင်းမှာ ကောင်းတာရှိရက်နဲ့ ဘာလို့ စောစော မပေးတာလဲ..... ငါ နံပါတ် ၃၁ ကိုလဲ လိုချင်တယ်..... ခေါ်ဈေးက ရွှေပြား ၁၀၀၀ ..."မိုဝူကျီသည် ယပ်တောင်နှင့် အမျိုးသား ပြန်မဖြေခင် ဖြတ်ပြောလိုက်သည်။
ယပ်တောင်နှင့် အမျိုးသားသည် မိုဝူကျီဆီမှ အရှက်ခွဲခြင်းခံရပြီးနောက် ပြန်၍ မတုံ့ပြန်ခြင်းမှာ နွေဦးနတ်ဘုရားဂိတ် ညီလာခံရှိ ဖွဲ့စည်းပုံ စည်းမျည်းများအား မစိမ်ခေါ်လို၍ ဖြစ်၏။ သို့သော်လည်း မိုဝူကျီသည် သူ့အား နံပါတ် ၃၁ နှင့် ပတ်သတ်ပြီး အရှက်ခွဲရန် ထပ်ကြိုးစားနေ၏။ သူသည် မိုဝူကျီက သူနှင့် ချမ်းသာကြွယ်ဝမှုချင်း ယှဉ်နိုင်သည်ဟု မယုံကြည်ချေ။
"ရွှေပြား ၂၀၀၀.... "ယပ်တောင်နှင့် အမျိုးသားသည် မိုဝူကျီအား သရော်ကြည့်ကာ ဈေးခေါ်လိုက်သည်။
ဖက်တီးသည် လူနှစ်ယောက်က နံပါတ် ၃၁ အား ထုတ်မပြခင်တွင် ဈေးခေါ်ကြသည်ကို မြင်ကာ မှင်သက်သွားမိ၏။ သူသည် ထိုသည်က သူ့အခွင့်အရေးဟု တွေးမိလျှင် အလွန်ကျေနပ်သွားလေသည်။
"ရွှေပြား ၃၀၀၀..." မိုဝူကျီသည် ပုံမှန်အတိုင်း ဈေးတိုးခေါ်လိုက်သည်။
"၅၀၀၀...."
"၆၀၀၀...."
.......
........
"ရွှေပြားတစ်သောင်း..." ယပ်တောင်နှင့် အမျိုးသား၏ သွေးများပင် ပွက်ပွက်ဆူလာသကဲ့သို့ မိုဝူကျီလိုမျိုး ယင်ကောင်သည် ထိုမျှ စိတ်ကြီးဝင်လိမ့်မည်ဟု မမျှော်လင့်ထားချေ။
မိုဝူကျီသည် အသက်ကြီးကြီးလူတစ်ယောက်က ယပ်တောင်နှင့် အမျိုးသားထံ တီးတိုးပြောသည်ကို မြင်လိုက်ရသည်။ ထိုယပ်တောင်နှင့် လူသည် ဒေါသအနည်းငယ် လျော့သွားပြီး အရင်ကလောက် စိတ်တိုနေသည့်ဟန် မရှိတော့ချေ။
"မဆိုးဘူး.... ခင်ဗျားက တကယ့်ကို ချမ်းသာတဲ့ သခင်လေးပဲ.... ခင်ဗျားနဲ့ ထပ်မပြိုင်တော့ပါဘူး...." မိုဝူကျီသည် သူဝယ်ယူထားသည့် မိန်းကလေးကို ဆွဲကာ လုံးဝမှင်သက်နေသာ တင်းဘူအာ အား ပြောလိုက်၏ "ဘူအာ.... ငါတို့သွားရအောင်...."
ထိုအခိုက်အတန့်တွင် ထိုလူသည် မိုဝူကျီအား သူ့အား စိတ်အနှောင့်ယှက်ပေးရန် ရောက်လာကြောင်း သိရှိလိုက်၏။ သူသည် စိတ်ဆိုးလွန်း၍ နဖူးပေါ်မှ သွေးကြောများပင် ထောင်နေပြီ ဖြစ်ကာ မိုဝူကျီအား ဆွဲခေါ်လာရန် တစ်ယောက်ယောက်အား အမိန့်ပေးလိုက်ချင်၏။ နှမြောစရာကောင်းသည်က ဤနေရာသည် သူ့စားကျက်မဟုတ်သောကြောင့် စိတ်ထင်ရာ ပြုလုပ်၍ မရ။
"ကျားကျင်း....သူ့ကို ပေးလိုက်...." ယပ်တောင်နှင့် အမျိုးသားသည် ငြီးငြူကာ နံပါတ် ၃၁ အား မည်သို့ပုံရှိသည်ကိုပင် ကြည့်မသွားချေ။
အကျိုးမြတ်အရရှိဆုံးသူမှာ ဖက်တီးပင် ဖြစ်၏။ ကျွန်နှစ်ယောက်ရောင်းချရုံဖြင့် တစ်နှစ် သို့မဟုတ် နှစ်နှစ်စာ အမြတ်ငွေကို ပိုင်ဆိုင်သွားလေသည်။
"ဝူကျီ... ဒီဖက်တီးက လူကောင်းမဟုတ်ဘူး..... မင်းက မင်းကိုယ်မင်း အဲ့ဒီဟိုကောင်နဲ့ ဖက်ပြိုင်ပြီး သူ့ကို ပိုက်ဆံအများကြီး ရစေခဲ့တာပဲ......" တင်းဘူအာသည် မိုဝူကျီအား ပြောလိုက်သည်။
မိုဝူကျီ သည် ရယ်မောလိုက်ပြီး "ငါက သူ့ကို အများကြီး ဝင်စေခဲ့တာလား.... ငါတို့ ပြန်ယူတဲ့ အချိန်မှ ပြောကြတာပေါ့...."
မိုမျိုးနွယ်စုမှ လူကို အမျိုးသမီးကျွန်အဖြစ် ရောင်းချရဲတယ်လား...... မိုဝူကျီသည် အစကတည်းက ထိုဖက်တီးအား သေစေရန် စဉ်းစားထား၏။ သူသည် ပေးချေရန် မကြောက်တာကြောင့် ဈေးအမြင့်ကို ပြောရဲသည်။
"ငါတော့ အစ်ကို ကျန်းရီနဲ့ အန်တီဆယ့်တစ်တို့ဆီ သွားလိုက်ဦးမယ်..... မင်းတို့ အရင်ပြန်နှင့်လိုက်....." တင်းဘူအာသည် မိုဝူကျီက ထိုမိန်းကလေးအား ပြောစရာကိစ္စများ ရှိမည်ကို သိသောကြောင့် အရင်လက်ဦးမှုယူကာ ထွက်သွားလိုက်သည်။
မိုဝူကျီသည် ထိုမိန်းကလေးအား တဲဆီ ခေါ်လာလိုက်သည်။
မိန်းကလေးသည်ကား မိုဝူကျီအား သတိထားကာ စောင့်ကြည့်နေ၏။ အကြောင်းမှာ မိုဝူကျီသည် ယပ်တောင်နှင့် လူ၊ ဖက်တီးတို့ ကဲ့သို့ သူမမုန်းတီးသည့် လူစားမျိုး ဖြစ်လေ၏။
"မင်းနာမည် ဘာလဲ...." မိုဝူကျီသည် သူမ၏ သတိရှိမှုကို စိတ်ထဲ မထားချေ။ သူသည် ထိုင်ချလိုက်သည်။
"မိုရှင်းထောင်..." မိန်းကလေးသည် နာမည်ပြောပြီးနောက်တွင် မိုဝူကျီအား ဆက်လက်၍ သတိထားနေ၏။
"မြောက်ဖက်ပိုင်း ချင်စီရင်စုသခင် မိုထင်းချန်နဲ့ ဘယ်လိုတော်စပ်လဲ....." မိုဝူကျီသည် ဆက်လက်၍ မေးခွန်းထုတ်လိုက်သည်။
မိုရှင်းထောင်သည် အားလုံးက သူမသည် မြောက်ဖက်ချင် မွေးဖွားမှန်း သိကြသည့်အတွက် မအံ့သြခဲ့ချေ "သခင် ထင်းချန်က ကွန်မ ဦးလေးပါ.... ကျွန်မအဖေနဲ့ သူက ညီအစ်ကို ဝမ်းကွဲတွေ...."
မိုဝူကျီသည် မိုရှင်းထောင်အား အံ့သြစွာ ကြည့်လိုက်၏။ မိုရှင်းထောင်သည် သူ့၏ ဝါကြီးသည့် မျိုးဆက်ဖြစ်နေမည်ဟု မည်သူတွေးမိမည်နည်း။ သူသည် သူမအား ဒေါ်လေးရှင်းထောင်ဟု ခေါ်သင့်ပေသည်။
"ကျွန်တော် နာမည်က မိုဝူကျီ.... မိုထင်းချန်က ကျွန်တော် အဖိုး..... အဲဆို မင်းကို ကယ်လိုက်တဲ့ အကြောင်းကို နားလည်မှာပါ....." မိုဝူကျီသည် စိတ်ထိခိုက်စွာ ပြောလိုက်သည်။
မိုရှင်းထောင်သည် မိုဝူကျီထက် ပို၍ အံ့အားသင့်သွားပြီး တွေဝေစွာ မေးလိုက်လေသည် "အဲဆို သခင်လေး....."
မိုဝူကျီသည် ခါးသက်စွာ ရယ်မောလိုက်ပြီး "သခင်လေးတော့ မဟုတ်ပါဘူး.... ပြောရရင် သခင်ရဲ့ တိုက်ရိုက် မျိုးဆက်ပါပဲ..... ဒါပေမဲ့လည်း မြောက်ဖက်ပိုင်း ချင်စီရင်စုသခင် အဆင့်အတန်းက မိုမျိုးနွယ်စု ပိုင်တာ မဟုတ်တော့ဘူးလေ....."
မိုရှင်းထောင်၏ တစ်ကိုယ်လုံးသည် တုန်ယင်လာပြီး မျက်လုံးများလဲ နီရဲလာကာ မျက်ရည်များ စတင်၍ ရွာသွန်းလာလေသည်။