လူသားသစ္စာ စာစဉ် (၃)
ဝန်ဇင်းမှာ မနေ့က စာစဉ် (၃) လေးထွက်ပါပြီနော်
အခန်း (၂၉) : သတိပေးခြင်း
"မြို့စားကြီး.... ကျေးဇူးပြု၍ ပြောပါ.... ကျွန်တော်လုပ်ပေးနိုင်တဲ့ အတိုင်းအတာထဲမှာ ရှိရင် ကျွန်တော် မငြင်းပါဘူး....." မိုဝူကျီသည် လက်နှစ်ဖက်ထပ်ကာ ပြောလိုက်သည်။
မိုဝူကျီသည် ဟန်ချန်အန်းသည် ထိုကိစ္စမျိုးကို လိမ်ညာမည် မဟုတ်ကြောင်း သေချာ၏။ အကယ်၍ သူသည် မိုဝူကျီအား ကယ်ခဲ့သည်ဟု ဆိုလျှင် သူလုပ်ဆောင်ခဲ့၍သာ ဖြစ်ရမည်။ ဤသို့ မိုဝူကျီ အား ကယ်လိုက်သော အပြုအမူသည် ရိုးရှင်းကောင်း ရိုးရှင်းနိုင်ပေမဲ့လည်း သူ့အတွက် တစ်ယောက်ယောက်က လုပ်ပေးဖူးသည့် အကြီးမားဆုံး အကူအညီ ဖြစ်လေသည်။
ဟန်ချန်အန်းသည် မိုဝူကျီစကားများကို ကျေနပ်သွားပြီး
"ဝူကျီ.... မင်းစကားတွေက ငါ့ကို စိတ်သက်သာရာ ရစေတယ်..... နောက် လအနည်းငယ်နေရင် ဂိုဏ်းတော်တော်များများက နွေဦးနတ်ဘုရားဂိတ် ညီလာခံအတွက် ရှင်းဟန် အင်ပါယာရဲ့ မြို့တော်ကို သွားကြလိမ့်မယ်....မင်းလည်း နင်အာနဲ့ အရင်က တွေ့ဖူးတာဆိုတော့ သူမက အလွန်ရိုးရှင်းပြီး သူမအပြုအမူတွေက မရင့်ကျက်သေးတာ မင်း သိမှာပါ....မင်းက ကိုးဘဝပျောက်ကင်းဆေးကြောင့် မင်းအသက်ကို ကာကွယ်ထားနိုင်တဲ့အတွက် အခြေအနေတွေကို ဖြေရှင်းတဲ့ မင်းစွမ်းရည်က သူမထက် သာမှာတော့ အမှန်ပဲ..... ငါ မင်းကို ဟန်နင်ဘေးနား နေစေချင်တယ်.... သူမ ဂိုဏ်းတစ်ခုခု မဝင်ခင်အထိ သူမကို စောင့်ရှောက်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်....."
မိုဝူကျီသည် အလေးအနက် ကတိပေးလိုက်သည် "မြို့စားကြီး... စိတ်ချနေပါ.... ကျွန်တော် စွမ်းဆောင်နိုင်သမျှ မမလေး ဟန်နင်ကို ပံ့ပိုးဖို့ အကောင်းဆုံး ကြိုးစားပါ့မယ်....."
ဟန်ချန်အန်းသည် သူအိတ်ကပ်မှ ကျောက်စိမ်းဆံထိုးကို ထုတ်ယူကာ မိုဝူကျီထံ ပေးလိုက်၏ "အကယ်၍ မင်းကိုယ်မင်း လွတ်ကိန်းမရှိတဲ့ အခြေအနေတစ်ခုခုထဲ ကျရောက်သွားခဲ့ရင် ဒီကျောက်စိမ်းဆံထိုးကို ချန်လောင်က ယူးစံအိမ်ဆီ ယူသွားပြီး ယူးချောင်ယင်ကို ရှာလိုက်....."
"မြို့စားကြီးက မမလေးဟန်နင်ကို ဘာလို့ တိုက်ရိုက်မပေးတာလဲ....." မိုဝူကျီသည် မရေရာစွာ မေးလိုက်သည်။
ဟန်ချန်အန်းသည် ခေါင်းကို ခါကာ မိုဝူကျီအား ပြန်မဖြေပေ။
မိုဝူကျီသည် သူများလျို့ဝှက်ချက်များကို စပ်စုတတ်သည့် သူမဟုတ်ချေ။ ဟန်ချန်အန်းသည် ဖြေဖို့ ရည်ရွယ်ချက်မရှိသည်ကို မြင်ပြီး သူသည် ကျောက်စိမ်းဆံထိုးကိုသာ ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
ဟန်ချန်အန်းသည် မိုဝူကျီ၏ သဘောထားကို ပို၍ပင် ကျေနပ်အားရသွားလေသည်။ လက်ဖက်ရည်ကြမ်းသောက်လိုက်ပြီး ပြောလိုက်၏ "မင်က လက်ဖက်ရည်ကြမ်း ကြိုက်တယ်လို့ ကြားတယ်...... မကြာခင် လက်ဖက်ရွက် အကောင်းတချို့ လာပို့ခိုင်းလိုက်မယ်......"
မိုဝူကျီသည် ရယ်မောလိုက်ပြီး "အဲဆို.... မြို့စားကြီးကို ထပ်ပြီး ကျေးဇူးတင်ရတော့မှာပဲ.... ပြီးတော့ ကျွန်တော်က ကမ္ဘာကြီး အကြောင်းသိပ်မသိတော့ မြို့စားကြီးကို နည်းနည်း မေးကြည့်ချင်တယ်....."
လက်ဖက်အချို့သည် မြို့စားကြီးကဲ့သို့ လူအတွက် မများပြားချေ။ ထို့ကြောင့် မိုဝူကျီသည် မငြင်းပယ်ခဲ့ပေ။
"ဟားဟား.... မင်းမှာ မေးစရာရှိရင် မေးလေ...." ဟန်ချန်အန်းသည် ပြန်ဖြေလိုက်၏။
"ရှင်းဟန်အင်ပါယာက တစ်ခုတည်းသော အင်ပါယာ မဟုတ်ဘူးလို့ ကြားဖူးတယ်..... တခြား အင်ပါယာတွေ ရှိသေးတာလား.... "မိုဝူကျီသည် ထိုအကြောင်းကို အမြဲတမ်း သိချင်ခဲ့ပေမဲ့လည်း မေးရမည့် သင့်တော်သောသူ မရှိခဲ့ချေ။ ဟန်ချန်အန်းသည်ကား သတင်းစုံလင်ပြီး ထို့အပြင် စီရင်စု မြို့စားကြီး ဖြစ်၏။ သူသည် ထိုကိစ္စမျိုးတွင် ပိုသိရှိလိမ့်မည်။
ဟန်ချန်အန်းသည် ပြန်ဖြေလိုက်သည် "ငါသိသလောက် အင်ပါယာ ငါးခုရှိတယ်.... ထင်းရှန်အင်ပါယာ... ကျူကျိုးအင်ပါယာ.... ဂန်ယန်းအင်ပါယာ.....ရှင်းဟန်အင်ပါယာနဲ့ မင်းဟန်အင်ပါယာတို့ပဲ......အဲဒီ အင်ပါယာငါးခုကို ဂိုဏ်းအကြီးကြီး ငါးခုက ကာကွယ်ထားတာ......ရှင်းဟန်အင်ပါယာကို ကာကွယ်ပေးထားတာက ကောင်းကင်ဘုရားကျောင်းပဲ..... လာမဲ့ နွေဦးနတ်ဘုရားဂိတ် ညီလာခံမှာ ကောင်းကင်ဘုရားကျောင်းက ဆရာသခင်တွေက ချန်လောင်ဆီ လာကြမှာ..... ဟန်နင်အတွက် အများကြီး မမျှော်လင့်ပါဘူး..... သူမက မြေကမ္ဘာအဆင့်ဂိုဏ်း ဝင်ရင်ကို ငါအလွန် ကျေနပ်နေပါပြီ......"
"မြို့စားကြီး မြေကမ္ဘာအဆင့်ဂိုဏ်းက ဘာများလဲ....ပြီးတော့ ရှင်းဟန် အင်ပါယာထဲမှာ ကောင်းကင်ဘုရားကျောင်းက အားအကြီးဆုံး ဂိုဏ်းလား...." မိုဝူကျီသည် ထိုအရာများကို အရင်က တစ်ခါမျှ မကြားဖူးပေ။ ထို့ကြောင့် ကတိုက်ကရိုက် မေးလိုက်လေသည်။
"မင်း ဒီကိစ္စတွေကို မသိတာ ပုံမှန်ပဲ...... အများစုက သူတို့အကြောင်း မသိကြဘူး... ပြီးတော့ ငါတို့က သေမျိုးတွေလေ.....အင်ပါယာငါးခုထဲမှာရှိတဲ့ ဂိုဏ်းတွေမှာ အဆင့် သုံးဆင့် ပြန်သတ်မှတ်ထားတယ်....အနိမ့်ဆုံးက ရွမ်အဆင့်ဂိုဏ်းတွေပဲ... သူတို့အပေါ်မှာ မြေကမ္ဘာအဆင့်ဂိုဏ်းရှိတယ်..... ရှင်းဟန်အင်ပါယာမှာ အားအကြီးဆုံး ဂိုဏ်းက ကောင်းကင်တပိုင်းအဆင့်ရှိတဲ့ ကောင်းကင်ဘုရားကျောင်းပဲ...." ဟန်ချန်အန်းသည် တမ်းတသကဲ့သို့ ပြောလိုက်သည်။ သူသည် စီရင်စု မြို့စားကြီးဖြစ်သော်လည်း သူသည် ထိုဂိုဏ်းများကို မော့ကာ ကြည့်ရ၏။
မိုဝူကျီသည် ဆက်လက်၍ မေးလိုက်သည် "အဲဆို ကောင်းကင်တပိုင်းအဆင့် ဂိုဏ်းတွေရှိရင် ကောင်းကင်အဆင့်ဂိုဏ်းရော ရှိရမှာပေါ့..... ဘာလို့ မြို့စားကြီးက မပြောတာလဲ....."
ဟန်ချန်အန်းသည် ခေါင်းကို ခါလိုက်ပြီး "ဒါတော့ ငါလဲ မသေချာဘူး.... အရင်က ငါလည်း ဒီအကြောင်းတွေ သိချင်ခဲ့တာ.... အခုသိသလောက်ဆိုရင် ရှင်းဟန်အင်ပါယာမှာ ကောင်းကင်အဆင့်ဂိုဏ်း မရှိသေးဘူး..... တခြားအင်ပါယာတွေရဲ့ အားအကြီးဆုံးဂိုဏ်းတွေလည်း ကောင်းကင်တပိုင်းအဆင့်တွေပဲ......"
"ရှင်းဟန်အင်ပါယာမှာ ကောင်းကင်ဘုရားကျောင်းက တစ်ခုတည်းသော ကောင်းကင်တပိုင်းအဆင့်ဂိုဏ်းလား....."
"မဖြစ်နိုင်ပါဘူး..... နောက်ထပ် ကောင်းကင်တပိုင်း အဆင့်ဂိုဏ်းတစ်ခု ရှိတယ်လို့ ပြောတာ ကြားဖူးတယ်.....ဒါပေမဲ့ "ငါက စီရင်စု မြို့စားကြီးသာ ဖြစ်တာ အဲဒီအကြောင်းတွေ သိပ်မသိဘူး...."
မိုဝူကျီနှင့် ဟန်ချန်အန်းတို့သည် နာရီအနည်းငယ် ကြာသည့်အထိ ဆက်ပြောနေကြသည်။ ဟန်ချန်အန်း ပြန်သွားသည့်အခါတွင် မိုဝူကျီသည် အင်ပါယာငါးခုအကြောင်း အကြမ်းဖျင်းကို သိရှိလိုက်ရ၏။
မိုဝူကျီနှင့် နေ့ဝက်ခန့်လောက် စကားပြောပြီးသည့်နောက်တွင် ဟန်ချန်အန်းသည် မိုဝူကျီအား ပို၍ပင် စိတ်ချသွားလေသည်။ ထိုနာရီအနည်းငယ် အတွင်းတွင် မိုဝူကျီသည် မြောက်ဖက်ပိုင်း ချင်စီရင်စု အကြောင်း ဘာမှ မမေးခဲ့ချေ။ ထို့ကြောင့် မိုဝူကျီသည် ကမူရှုးထိုး လုပ်တတ်သူ မဟုတ်ကြောင်း ပြောနိုင်သည်။
ပုံမှန်အားဖြင့်လျှင် မိုဝူကျီသည် ဟန်ချန်အန်းအား သူ့၏ မြောက်ဖက်ပိုင်း ချင်စီရင်စု အရိုက်အရာကို မည်သူ ခိုးယူသွားသည့်အကြောင်း ကို မေးလိမ့်မည် မဟုတ်ချေ။ မိုထင်းချန် ပျောက်ကွယ်ရသည့် အကြောင်းနှင့် မိုဂေါင်ယွမ်သည် အရိုက်အရာဆက်ခံခွင့် ဆုံးရှုံးသွားသည့် အကြောင်းအရာများကိုလည်း မေးလိမ့်မည် မဟုတ်။
မိုဝူကျီတွင် ပူပင်ကြောင့်ကြမဲ့သည့် စရိုက်ကို ပိုင်ဆိုင်ထား၍ ထိုကိစ္စများကို စိတ်မဝင်စားခြင်း မဟုတ်ပေ။ အကြောင်းသည်ကား ထိုကိစ္စတွင် ချင်ယွီပြည်နယ် သခင်စစ်ထူချင် ပါဝင်နေ၍ ဖြစ်၏။ စစ်ထူချင်သည် အမှောင်ထဲမှ မိုမျိုးနွယ်စုကို ပုန်ကန်ထားခြင်း ဖြစ်နိုင်လေသည်။ ဟန်ချန်အန်း၏ သူ့အား ကယ်တင်လိုက်သည့် ဆိုသော စကားများသည် အမှန်တကယ် အများကြီး မထိုက်တန်ချေ။ မိုဝူကျီသည် ထိုကြင်နာမှုကို မှတ်မိသော်လည်း ဟန်ချန်အန်းကို ယုံကြည်ရမည့်လူအဖြစ် မဆက်ဆံပေ။
သူသည် ဟန်နင်အား ကူညီလျှင်ပင် ဟန်ချန်အန်းသည် စစ်ထူချင်နှင့် သူ့ကြား ရွေးချယ်ရမည်ဆိုလျှင် သူသည် တွေဝေခြင်းမရှိ စစ်ထူချင်ကိုသာ ရွေးလိမ့်မည်မှာ သေချာလှ၏။ သူ့စကားများသည် ဟန်ချန်အန်းမှတဆင့် စစ်ထူချင်ဆီ ပြန်မရောက်ဘူးဟု မည်သူ ပြောနိုင်မည်နည်း။ အရင်က စစ်ထူချင် သူ့အား မသတ်သည်မှာ သူ့ဂုဏ်သတင်း ကောင်းရန် အတွက်သာ ဖြစ်၏။ သို့သော် စစ်ထူချင်သည် သူ့အား အနာဂတ်တွင် မသတ်ဟု ဆိုလိုခြင်း မဟုတ်။ အကယ်၍ စစ်ထူချင် အလိုရှိလျှင် သူသည် အကြောင်းပြချက်မရှိ ထွက်ပေါ်လာပြီး မိုဝူကျီအား သတ်လိမ့်မည်။ ထို့ကြောင့် မိုဝူကျီသည် အနည်းငယ်သော လှိုင်းလုံးမျှ အဖြစ်မခံနိုင်ပေ။
ထို့အပြင် မိုဝူကျီသည် သူ့အား အဆိပ်ခတ်သူကို သိချင်လျှင် သူသည် မြောက်ဖက်ပိုင်းချင် စီရင်စု သခင်အဖြစ် လက်ခံပြီး စောင့်ကြည့်ရုံသာ လိုလေသည်။ အဘယ်ကြောင့် သူသိလာမည့် အရာတစ်ခုကို မေးနေမည်နည်း......
မိုဝူကျီသည် ဟန်နင်အား နှစ်လွှာမီးမြက်ရှာရန် မိုးကြိုးမြူတောသို့ သွားပြီးနောက်တွင် တစ်ခါမှ မတွေ့ချေ။
မိုဝူကျီသည် ငြီးငွေ့နေသောကြောင့် ယောင်ကျိုးမြို့သို့ စက်ဝယ်ရန် သွားလိုက်သည်။ သူသည် ဆေးပင်အချို့ရရှိရန် ကူညီပေးရန် တင်းဘူအာ ရှိလေ၏။ သူသည် သွေးကြောဖွင့်ဖြေဆေးကို ဖော်စပ်သည့် သူ့ဘဝသို့ ပြန်ရောက်သွားလေပြီ။
တစ်လအကြာတွင် မိုဝူကျီသည် ဖြေဆေးပေါင်း ပုလင်း ၃၀ ကို ထုတ်လုပ်နိုင်လေသည်။ မိုဝူကျီသည် သူ့အား သတ်ရန် ကြံစည်သော ထိုလူက ထပ်၍ ကြံစည်မည်ကို စိုးရိမ်နေလေသည်။ ထို့ကြောင့် သူသည် သူနှင့်အတူ ပုလင်းအများအပြားကို သယ်ဆောင်ရန် အဆင်မပြေသည့်အတွက် ထုတ်လုပ်မှုကို ရပ်ဆိုင်းပစ်လိုက်သည်။
ရက်များသည် လျှင်မြန်စွာ ကူးပြောင်းသွားပြီး မကြာခင် ယောင်ကျိုးမြို့မှ ထွက်သွားရတော့မည့် အချိန်သို့ နီးကပ်လာလေပြီ။ တင်းဘူအာသည် အလည်အပတ် လာရောက်လေ့ရှိပြီး "ဝူကျီ.... ငါတို့ နှစ်ရက်အတွင်း ယောင်ကျိုးက ထွက်သွားလိမ့်မယ်...... တခုခု ဝယ်ချင်တာ ရှိသေးလား....."
မိုးကြိုးမြူတောထဲ ဖြစ်ပျက်ခဲ့သော ကိစ္စရပ်များကြောင့် တင်းဘူအာသည် ဟန်စံအိမ်တွင် မိုဝူကျီ၏ အကောင်းဆုံး သူငယ်ချင်း ဖြစ်လာ၏။
"မလိုတော့ဘူး.....ငါက ရွှေပြားတွေပဲ သယ်လာတော့မယ်....." မိုဝူကျီသည် ဟန်စံအိမ်တွင် ထားရစ်ခဲ့ရန် ဆန္ဒမရှိချေ။
မြောက်ဖက်ပိုင်း ချင်စီရင်စု၏ မိုမျိုးနွယ်စုနှင့် ဆက်နွယ်နေသောကြောင့် တစ်စုံတစ်ယောက်သည် သူ့အား သတ်ရန် ကြိုးပမ်းခဲ့ပြီး စစ်ထူချင်၏ နာမည်ပျက်စာရင်းသို့ ရောက်ရှိသွားလေသည်။ ထို့ကြောင့် သူသည် မြောက်ဖက်ပိုင်း ချင်၏ မိုမျိုးနွယ်စုတွင် မိုဝူကျီ ရှိနေသေးကြောင်းကို အားလုံးကို သတိပင် မရစေချင်ပေ။ ထိုသည်က သူ့အတွက် ချင်ယွီပြည်နယ်၏ အန္တရာယ်အများဆုံး မြို့တော် ယောင်ကျိုးမြို့မှ ထွက်သွားရန် အကောင်းဆုံး ဖြစ်၏။
"ပျင်းနေမှာ မစိုးရိမ်ဘူးလား..... မင်းလိုချင်တာ ရအောင် ကူပေးနိုင်တယ်....." တင်းဘူအာသည် မိုဝူကျီက သူ့ခြံဝန်းတွင် ပျင်းရိနေကြောင်းကို တွေ့နေကြ ဖြစ်၏။
"မလိုတော့ပါဘူး.... ထွက်သွားရမဲ့ အချိန်ကျ လာခေါ်ပေး......" မိုဝူကျီသည် လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။
သူသည် ပြင်ဆင်ရန် လိုအပ်သည်များကို ပြင်ဆင်ပြီးသွားလေချေပြီ။ ပစ္စည်းအများအပြား ယူလာခြင်းသည် အဆင်မပြေမှုကိုသာ ဖြစ်စေလိမ့်မည်။
နောက်နှစ်ရက်ကြာ အာရုံတက်တွင် တင်းဘူအာသည် မိုဝူကျီ၏ ခြံဝန်းသို့သွား၍ သူ့အား မမလေးသည် သွားရန် အဆင့်သင့်ဖြစ်နေကြောင်း လာပြောပြခဲ့သည်။