အခန်း (၅) : သူ့အား တားဆီးထားသည့် အရာများ
အလုပ်ခေါ်စာ ရုံးဝန်ထမ်းသည် အဘယ်ကြောင့် မှင်သက်သွားလဲဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ ဘေးဝန်းကျင်မှ လူများသည်လည်း မိုဝူကျီက အကူဆေးဖော်စပ်သူလျှောက်သည့် ကိစ္စကို ကြား၍ လန့်ဖြတ်သွားသည်ကလည်း အံ့သြစရာ မဟုတ်တော့ပေ။
ယောင်ကျိုးမြို့သည် ချင်ယွီပြည်နယ်၏ မြို့တော်ဖြစ်သော်လည်း အကူဆေးဖော်စပ်သူသည် နည်းလှပြီး ဆေးဖော်စပ်သူသည် ပို၍ နည်းပါး၏။
ဆေးဖော်စပ်သူ အကူလက်ထောက် များသည် အများအားဖြင့် အသက်ရွယ်ကြီးသော အမျိုးသားများဖြစ်ကြ၏။ ထို့ကြောင့် မိုဝူကျီကဲ့သို့ ငယ်ရွယ်သည့် အကူဆေးဖော်စပ်သူသည် အလွန်တရာ ရှားပါးလှသည်။ ချင်ယွီပြည်နယ်မှာသာလျှင် မဟုတ်ပေ.... ရှင်းဟန်အင်ပါယာတစ်ခုလုံးတွင် ဖြစ်၏။ ထိုသို့ ငယ်ရွယ်သည့် ဆေးဖော်စပ်သူသည် အလားလာကောင်းပြီး မှန်းဆမရသည့် အနာဂတ်ကို ပိုင်ဆိုင်လေသည်။ မိုဝူကျီကဲ့သို့ ငယ်ရွယ်သည့် အကူဆေးဖော်စပ်သူသည် ဆယ်စုနှစ်အနည်းငယ်ကြာသည်နှင့် ကြားတွင် တစ်ခုခုမဖြစ်ပျက်ခဲ့ပါက သေချာပေါက် ဆေးဖော်စပ်သူ ဖြစ်လာလိမ့်မည်။
ဆေးဖော်စပ်သူ အရည်ချင်းအသိမှတ်ပြု မူရင်းမိတ္တူတဲ့လား.... မိုဝူကျီ၏ နှလုံးသားသည် လုံးလုံး နစ်မြှပ်သွားလေပြီ..... ထိုအရာကို ဘယ်နေရာမှာ ရနိုင်တာလဲ....
သူသည် မသိစိတ်ဖြင့် တုန်လှုပ်အံ့အာသင့်နေသည့် လူထုကြီးကို ကြည့်မိလိုက်ပြီး နောက်ဆုံးတွင် နားလည်သွားခဲ့သည် "အဟမ်းဟမ်း...." မိုဝူကျီသည် ဘာမှမဖြစ်ခဲ့သကဲ့သို့ ဆက်၍ ပြောလိုက်သည် "အကူဆေးဖော်စပ်သူ စာမေးပွဲကို ဖြေဖို့ အချိန်မရလိုက်လို့.....ဒါပေမဲ့ အဆင့်တစ်ခုတော့ ရောက်နေပါပြီ...."
မိုဝူကျီသည် လူထု၏ အကြည့်များ ပြောင်းလဲသွားကြောင်း ခံစားမိ၏။
အလုပ်ခေါ်စာ ရုံးဝန်ထမ်းသည် နေသားကျသွားပြီး သူမမျက်နှာပေါ်မှ သိချင်စိတ်များနေသည့်ပုံသည် လုံးဝပျောက်ကွယ်သွားခဲ့ပြီ။ သူမသည် ဒေါသမထွက်ပေ။ ထို့အစား တည်ငြိမ်စွာ မေးလိုက်သည် "အဲဆို ဘယ်ဆေးဖော်စပ်တဲ့ကျောင်းက အောင်မြင်လာတာလဲ.... ရှင့်ဆရာက ဆေးဖော်စပ်သူ ဘယ်သူလဲ...."
မိုဝူကျီသည် ဝန်းကျင်ကို နောက်တစ်ကြိမ်ထပ် ဆန်းစစ်လိုက်ပြီး နောက်ဆုံးတွင် အလုပ်လာလျှောက်သူများသည် သူတို့လက်ထဲတွင် စာအုပ်အသေးလေးများ ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသည်။ သူနှင့် အနီးဆုံးအကွာအဝေးမှ တစ်ယောက်ကိုင်ဆောင်ထားသည့် စာအုပ်ပေါ်ရှိ စာလုံးများမှာ ... ယောင်ကျိုး သတ္တုလေ့လာရေး ကျောင်း အသိမှတ်ပြု လက်မှတ်... ဖြစ်၏။
မိုဝူကျီသည် ဤတွင် အလုပ်လျှောက်ရသည်မှာလည်း အသိမှတ်ပြုလက်မှတ်တွေ လိုအပ်သည့် ကမ္ဘာမြေနှင့် တူညီလိမ့်မည်ဖြစ်ကြောင်း မမျှော်လင့်ထားခဲ့ပေ။ အခြေအနေကိုကြည့်လိုက်ပြီး သူသည် တခြားအလုပ်ကို လျှောက်ရန်သွားလျှင်ပင် အသိမှတ်ပြုလက်မှတ်မပါရှိဘဲ ကျရှုံးလိမ့်မည်ဖြစ်၏။
အချိန်ကြာလာသည်နှင့်အမျှ ထိုရုံးဝန်ထမ်းသည် စိတ်အခြေအနေဆိုးလာကြောင်း တွေ့လိုက်ရပြီး မိုဝူကျီသည် နေရခက်စွာ ရယ်မောလိုက်ရင်း ပြောလိုက်သည် "ကျွန်တော်က..... ကိုယ်ဘာသာလေ့လာထားတာ....အဲဒါကြောင့် အသိမှတ်ပြုလက်မှတ်တို့ ဆရာတို့ မရှိဘူး....."
"ဟားဟား....." လူထုထဲမှ တစ်ယောက်သည် ထိုအချိန်တွင် အားရပါးရ ရယ်မောလိုက်လေ၏။ ကြည့်ရသည်မှာ ထိုအံ့သြစရာကောင်းလှသည့် အကူဆေးဖော်စပ်သူသည် လိမ်ညာထားသည့် အတုအယောင်ဖြစ်နေသည်လား.....
ချန်လင်း ဆေးအလုပ်ရုံ၏ ဝန်ထမ်းသည် မရယ်မောပေမဲ့ ထို့အစား သူမမျက်နှာတွင် ကြောက်စရာကောင်းလှသည့် ပုံစံပေါ်နေလေသည်။ ချန်လင်းဆေးအလုပ်ရုံသည် ချင်ယွီပြည်နယ်တွင် ထိပ်တန်း ဆေးဖော်စပ်သူများထဲမှ တစ်ခုအပါအဝင်ဖြစ်ပြီး မည်သို့ကြောင့် သူမကို အရူးကွက်လာနင်းရဲသည်နည်း.....
ဤအမျိုးသမီး၏ ပေါက်ကွဲလုနီးနီး စိတ်အခြေအနေကို မြင်သည့်အခါ မိုဝူကျီသည် မိမိဘာသာတွေးလိုက်၏ "မကောင်းတော့ဘူး....."
ထိုအခိုက်အတန့်မှာပင် စကားပြောခါနီး မိုဝူကျီကို နှောင့်ယှက်သည့် အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့၏ "အာ... ဒါက ငါတို့ဘုရင်ကြီး မဟုတ်ဘူးလား..... ဘုရင်ကြီး အဖွဲ့စည်းကို ကိုယ်တိုင်လာတာလား..... မြို့အပြင်က တောထဲမှာ ညီလာခံတက်စရာမလိုဘူးလား...... အို ဟုတ်သားပဲ.... ငါတို့ဘုရင်ကြီးက ဒီနေရာကို လာစစ်ဆေးတာဖြစ်ရမယ်...... ကြည့်ပါဦး ငါ့အပြုအမူတွေ ဘယ်ရောက်နေပါ့လိမ့်...... ဘုရင်ကြီးကို လေးလေးစားစား မြန်မြန် နှုတ်ဆက်ကြဦးလေ....'
အသံသည် သရော်မှု၊ လှောင်ပြောင်မှုတို့ဖြင့် ပြည့်နေပြီး သူပြောနေသည့် လေးစားမှု တစ်စက်လေးမှ မပါဝင်ချေ။
မိုဝူကျီသည် လှည့်ကြည့်လိုက်သည့်အခါ ဒီဘက်သို့ စိန်ပြေနပြေလမ်းလျှောက်လာသည့် မီးခိုးရောင်ဝတ်စုံနှင့် လူငယ်ကို မြင်လိုက်ရသည်။ သူသည် ဤအမျိုးသားကို တစ်ခါမှ မတွေ့ဖူးချေ။ မနေ့ညက တွေ့သည့် ဝမ်မန်ကျူနှင့် အတူလမ်းလျှောက်လာသည့် လူငယ်များမှ တစ်ယောက်ဖြစ်ပုံပေါ်သည်။ သူ့တွင် ရည်မွန်သည့်သွင်ပြင်ရှိပေမဲ့ မောက်မာမည့်ပုံ ပေါ်လေသည်။
"သူက အဲဒီ.. မြောက်ဖက်ပိုင်း ချင်စီရင်စု......" လူလတ်ပိုင်း ဝန်ထမ်းသည် ရုတ်တရက်နားလည်သွား၍ သူမမျက်နှာပေါ်မှ ဒေါသများလည်း ပျောက်ကွယ်သွားလေသည်။ ထိုအမျိုးသားသည် အရူးတစ်ယောက်သာဖြစ်၏..... ဘာကြောင့် ဒေါသထွက်နေရမည်နည်း......
ပတ်ဝန်းကျင်ရှိ လူထုသည် မိုဝူကျီ ဒီနေရာမျာရှိနေခြင်းကို ဟာသအဖြစ် ယူဆကာ ကျယ်လောင်စွာ ရယ်မောလိုက်ကြသည်။
"ကျောက်ရွီ.... ဒါက ရယ်ရတယ်လို့ ထင်နေတာလား...." အေးစက်နေသည့် အသံထွက်ပေါ်လာပြီးနောက် အဖွဲ့စည်းအတွင်း ရယ်မောနေမှုများသည် သိမ်းဆည်းထားလိုက်သကဲ့သို့ လုံးဝငြိမ်ကျသွားလေသည်။
ခရမ်းရောင်ဝတ်စုံနှင့် မိန်းကလေးသည် အဖွဲ့အစည်း၏ တံခါးပေါက်ရှေ့တွင် ရပ်နေပြီး သူမတွင် ခါးသိမ်သိမ်လေးနှင့် ရှည်လျားသော ဆံပင်များ ပိုင်ဆိုင်လေ၏။ သူမ၏ ရင်သပ်ရှုမောဖွယ် သွင်ပြင်သည် ချက်ချင်းဆိုသလို အဖွဲ့စည်းကို ဖြူဖျော့သွားစေ၏။ ထိုအချက်များသည် တကယ်တမ်းအားဖြင့် မလုံလောက်ပေ။ သိသာသည်က ထိုမိန်းကလေးသည် သူတို့သိကြသည့် တစ်စုံတစ်ယောက်ဖြစ်နေခြင်းဖြစ်၏။ ချင်ယွီပြည်နယ်၏ ယောင်ရှန်းစီရင်စု မှူးမတ်ဖြစ်သည့် ဝမ်ကျွီ၏ တစ်ဦးတည်းသော သမီး ဝမ်မန်ကျူဖြစ်၏။
စီရင်စု မှူးမတ်များသည် ရှင်းဟန်အင်ပါယာတွင် ပင်လယ်ထဲရှိ ရေစက်များကဲ့သို့ဖြစ်၏။ မည်သူမျှ မဟုတ်ပေ။ သို့သော် ဤအဖွဲ့စည်းနှင့် ယောင်ကျိုးတွင် သူသည် အရေးကြီးလှသည့် သူဖြစ်၏။
"မန်ကျူ...." ကျောက်ရွီသည် အနေခက်စွာ လှမ်းခေါ်လိုက်သည်။ အကြောင်းရင်းက ဝမ်မန်ကျူသာ စိတ်အခြေအနေမကောင်းနေပါက သူသည် ဆက်မလုပ်ရဲပေ။ သူသည် ဝမ်မန်ကျူ သူ့နားရောက်နေမှန်းမသိဘဲ အရင်သူ့အပေါ်ရှိ အမြင်ကောင်းများ ဖျက်စီးမိလိုက်ခြင်းကို နောင်တရမိလိုက်၏။ တခါက သူသည် ဝမ်မန်ကျူရှေ့တွင် မိုဝူကျီသည် အခြေအနေများ မည်သို့ပင် ဖြစ်နေပါစေ ခွင့်မလွတ်သင်ကြောင်း ပြောဖူး၏။ သို့သော် သူ့၏ လှောင်ပြောင်မှု စကားတစ်ခွန်းသည် သူ့ပုံစံအမှန်ကို သူမရှေ့ဖွင့်ဟ ပြမိသကဲ့သို့ ဖြစ်သွား၏။
ဝမ်မန်ကျုသည် ချိုက်ကျောက်ရွီကို လျစ်လျူရှုကာ မိုဝူကျီရှေ့ လျှောက်လှမ်းလာပြီး အဝတ်ရှုံအိတ်အဝကို ထုတ်ယူကာ သူ့အား ပေးလိုက်၏ "ရှင်းဟယ်.... ဒါကိုယူသွားပြီး ယန်အာကို ပေးလိုက်....."
အဝတ်အိတ်မှ တချွင်ချွင်မြည်နေသောကြောင့် မိုဝူကျီသည် ထိုအသံသည် ရွှေပြားများတိုက်ခတ်ရာမှ ထွက်ပေါ်လာကြောင်းသိ၏။ ပိုက်ဆံအသည်းအသန် လိုအပ်နေသည့် မိုဝူကျီအတွက် သူသည် ငွေပြားတစ်ပြားဖြစ်စေ အလိုရှိသည်။ ဤရွှေပြားများဆို ပိုတောင်ကောင်းပေသည်။
မိုဝူကျီသည် ဝမ်မန်ကျူအပေါ်တွင် မုန်းတီးမှုဖြစ်စေ အကောင်းထင်မြင်ချက်ဖြစ်စေ မခံစားရပေ။ အသိစိတ်လွတ်ပြီး ရူးသွပ်နေသည့် မိုရှင်းဟယ်ကို သူမစွန့်ပစ်ခြင်းကိုလည်း မိုဝူကျီသည် ဒေါသမထွက်ပေ။ ကမ္ဘာပေါ်တွင် ထိုသို့သောလူစားမျိုး အများကြီးရှိပြီး အရမ်းလက်တွေ့ဆန်ကြလေသည်။ မိုမိသားစုသည် ပြိုလဲသွားပြီး မိုရှင်းဟယ်ရူးသွပ်သွားလျှင် ဝမ်မန်ကျူသည် သေချာပေါက် စွန့်ပစ်သွားလိမ့်မည်။ ကောင်းကျိုးကိုသာ အတူမျှဝေချင်ကြပေမဲ့ ဆင်းရဲဒုက္ခများကို မည်သူက မျှဝေခံစားပေးချင်ကြမှာလဲ.....
သူ့၏ လက်ရှိအခြေအနေနှင့် အရင်ဘဝမှ အတွေ့အကြုံများကြောင့် ဝမ်မန်ကျူကဲ့သို့ လူမျိုးနှင့် သိကျွမ်းရန် စိတ်ဝင်စားမှုမရှိပေ။ ဝမ်မန်ကျုသည် မည်မျှပင် လှပစေကာမူ သူသည် ထိုသို့သော မိန်းမမျိုးနှင့် မပတ်သတ်ချင်ဆဲ ဖြစ်၏။ သူသည် ပိုက်ဆံလိုချင်နေသော်လည်း ဝမ်မန်ကျူ၏ ပိုက်ဆံတော့ မယူပေ။ မိုဝူကျီသည် ကိုယ့်ဘဝကို ကိုယ့်ပိုင်နည်းလမ်းဖြင့် နေထိုင်သောသူဖြစ်ပြီး သူ့မာနလဲ ရှိ၏။
မိုဝူကျီသည် ဘယ်သောအခါမှ ထွက်မသွားသည့် ယန်အာကို တွေးမိသွားသည်။ အမျိုးသမီး ဘယ်လောက်များများက ယန်အာကဲ့သို့ နေနိုင်မည်နည်း...... ဗုဒ္ဓ၏ မရေတွက်နိုင်သော တောင်းဆုခြွေ သစ်သားငါးများ ရိုက်ခတ်လွန်း၍ ကျိုးပဲ့ပျက်စီးသွားပြီးနောက်မှ ရရှိသည့် ဘဝတွင် တစ်ကြိမ်သာတွေ့နိုင်သော သူမျိုးဖြစ်၏။ ကြုံတွေ့ခဲ့ဖူးသော မိုဝူကျီအနေနှင့် ထိုအရာက ဘယ်လောက်အဖိုးတန်ကြောင်း ရှင်းရှင်းလင်းလင်း သိရှိလေ၏။
"အဲဒါက ယန်အာအတွက်ဆိုရင် ကိုယ်တိုင်ကိုယ်ကျတွေ့ပြီး ပေးလိုက်ပါ့လား....." မိုဝူကျီသည် ပြောပြီးနောက် လှည့်၍ ထွက်သွားခဲ့သည်။ ခြေနှစ်လှမ်းလှမ်းပြီးသည်နှင့် သူသည် ရပ်တန့်လိုက်ပြီး တစ်ခါထပ်လှည့်ကာ ပြောလိုက်သည် "ဟုတ်သား...... ငါက မိုဝူကျီ လို့ခေါ်တယ်.... မိုရှင်းဟယ်မဟုတ်တော့ဘူး......အတားအဆီးမရှိခြင်း ထဲက ကျီ နဲ့ ဝူကျီ......ဒါပေမဲ့ ငါ့ကို တားဆီးထားတဲ့အရာ မရှိတာ မဟုတ်သေးဘူး..... တချို့အရာတွေက အခုထိ တားဆီးထားဆဲပဲ...... "
ဝမ်မန်ကျူသည် မိုဝူကျီစကားများ ကြားသည်နှင့် သူမနှလုံးသားသည် မမျှော်လင့်ဘဲ ခုန်သွားလေသည်၊ နာမည်ပြောင်းလဲလိုက်တာလား..... မိုဝူကျီထွက်သွားမည်ကို မြင်ပြီး သူမသည် မြန်မြန် တုံ့ပြန်ကာ အော်ပြောလိုက်သည် "ရှင်းဟယ်...... ဝူကျီ.....ယန်အာက ယူဖို့ ဆန္ဒမရှိဘူး.... နင်ယူသွားသင့်တယ်....."
ယန်အာက ယူဖို့ ဆန္ဒမရှိဘူးလား...... မိုဝူကျီသည် ရုတ်တရက် အော်ရယ်ချင်လာသည်။ ဤသူ၏ သူ့အပေါ် သဘောထားသည် ....ကောင်းသည်..... ဒါက ကောင်းသည်....
"ငါတို့ဝမ်မိသားစုရဲ့ သတ္တုခွဲခြားရေးက အလုပ်ခေါ်နေတာ..... စိတ်ဝင်စားရင် သွားလျှောက်လို့ရတယ်......" ဝမ်မန်ကျုသည် သူမနှလုံးသားအောက်ခြေမှ သူမရှေ့တွင်ရှိနေသော မိုရှင်းဟယ်....မဟုတ်ဘူး... မိုဝူကျီသည် ရူးသွပ်မသွားခင်အထိ ဘုရင်ဖြစ်ရန် စိတ်ကူးယဉ်အိမ်မက် မက်နေသည့် မင်းသားမဟုတ်တော့ကြောင်း ရုတ်တရက် ခံစားမိလိုက်၏။ သူပြောင်းလဲသွားပြီ.... သူ့မာနသည် စိတ်အားထက်သန်မှုနှင့် ပြည့်နေပြီး သူမကို သူ့၏ ပြောင်းလဲမှုကို ရှင်းရှင်းလင်းလင်း မြင်စေ၏။
မိုဝူကျီသည် နောက်တစ်ကြိမ်ရပ်တန့်လိုက်ပြီး ဝမ်မန်ကျူအား ကြည့်ကာ ပြောလိုက်သည် "မင်းဘာသာ ကောင်းကင်ကြီး ကြည့်ပြီး ရယ်ချင်လဲ ရယ်လိုက်..... ငါက ဘယ်လိုလုပ် ဆေးဖော်စပ်တဲ့သူဖြစ်နိုင်မှာလဲ...... ငါက အကူဆေးဖော်စပ်သူဖြစ်ဖို့ကို တော်တော်ပျင်းနေတာ.....အကယ်၍ ငါသာ တစ်ခုခုဖြစ်လာမယ်ဆိုရင် ဆေးဖော်စပ်သူ ဖြစ်လာလိမ့်မယ်....."
"ဟားဟားဟား...." မိုဝူကျီသည် ပြောပြီးသည်နှင့် ရယ်မောလိုက်ပြီး သူ့၏ ကြီးကျယ်ခမ်းနားသည့် အရှိန်အဝါကို ပြသလိုက်၏။
သူသည် ခမ်းနားကြီးကျယ်သည့်သူမဟုတ်ပေမဲ့ ထိုကိစ္စအတွက် တွေးထားသည်များ ရှိ၏။ သူ့ကို သစ္စာဖောက်သွားသည့် အမျိုးသမီးနှင့် ယှဉ်လျှင် ဝမ်မန်ကျူသည် အဆများစွာ ပိုကောင်းလေ၏။ သို့သော် သူသည် စိတ်အာရုံအကုန် ဇီဝဗေဒနှင့် ဆေးပညာ သုတေသနများတွင် မြှပ်နှံကာ သူ့ဘေးတွင် ရှိနေသည့် အမျိုးသမီးသည် မည်သို့အမျိုးအစားမှန်း မသိသည့်အထိ ဖြစ်သွားခဲ့၏။
အသက်ပြန်ရှင်လာခြင်းသည့်အခါ မိုဝူကျီသည် ထိုသို့ ဘယ်သောအခါမှ ထပ်မဖြစ်ရန် ကြိမ်ဆိုထားလေ၏။
"ဟားဟား......" အဖွဲ့စည်းတွင် နောက်တစ်ကြိမ် လှောင်ပြောင်ရယ်မောမှုများနှင့် ပြည့်နှက်သွားခဲ့ပြီး မိုဝူကျီက အမှန်ပြောနေသည်ဟု မည်သူမျှ မတွေးထင်ခဲ့ကြချေ။ မိုဝူကျီသည် ပြန်နေမကောင်းသေးကြောင်း ပိုတွေးမိပြီး သူ့၏ ဘုရင်ဖြစ်ရန် ရူးနှမ်းသည့်အတွေးသည် ဆေးဖော်စပ်သူဖြစ်ရန် ပြောင်းလဲသွားခြင်းသာ ဖြစ်ရမည်ဟု ထင်နေကြလေသည်။
တစ်ယောက်က ပြောလိမ့်မည် .....မိုဝူကျီတွင် ဘုရင်ဖြစ်ရန် မျှော်လင့်ချက်အနည်းငယ်ရှိသော်လည်း ဆေးဖော်စပ်သူဖြစ်ရန်အတွက် မျှော်လင့်ချက်လုံးဝ မရှိပေ။