သံသယများ ပြည့်နှက်နေသော ငွေရောင်လေးက ထိုညမှာပင် ခေါက်ဆွဲခြောက်ဘောက်စ်ကို ရင်ဝယ်ပိုက်၍ ထွက်ခွာသွားခဲ့သည်။
သီအိုရီအရ ပြောရလျှင် ဤခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ် အနည်းငယ်က အသုံးဝင်မည်ဟု သူမထင်ပေ။
သို့သော် သူအိမ်က မထွက်ခင်တွင် ဤခေါက်ဆွဲခြောက်ကြွပ်ကြော်ထုပ်က တန်ဖိုးမဖြတ်နိုင်သော အရာဟု မွန်းစတားဘောပင်က အရိပ်အမြွက် ပြခဲ့သည်။
ငွေရောင်လေးအနေဖြင့် ခေါက်ဆွဲခြောက် ကြွပ်ကြော်ထုပ်၏ တိကျသော အကျိုး သက်ရောက်မှုများကို ဖြည်းဖြည်းချင်းလေ့လာရန် အိမ်ပြန်ရောက်သည် အထိ စောင့်ရုံသာ ရှိတော့၏။
သူက သူတော်စင် သားရဲ ဖြစ်သော်လည်း ခေါက်ဆွဲခြောက်ကြွပ်ကြော်ကို တစ်ခါမှ မကြားဖူးသည်တော့ မဟုတ်ပေ။
ခေါက်ဆွဲခြောက်ထုပ်မှာ လူများစွာအတွက် ငယ်ဘဝ အမှတ်တရ ဖြစ်သည်။
လူများစွာတို့က ကလေးအရွယ်တွင် မုန့်ထုပ်ထဲမှ ကတ်များကို စုဆောင်းရန် ဝယ်စားခဲ့ကြ၏။
ထို့နောက် သက်ဆိုင်ရာ ကတ်များ အားလုံးကို စုဆောင်းပြီးသည်နှင့် ဆုလဒ်တစ်ခု ရရှိမည် ဖြစ်သည်။
ယခုခေတ်တွင် အဘယ်ကြောင့် ကတ်ဂိမ်းများ ခေတ်စားရသနည်း ဆိုသော် ခေါက်ဆွဲခြောက်ထုပ်ထဲမှ ကတ်ကိုစုကာ ကြီးပြင်း လာကြသောသူများကြောင့်ပင်။
ငွေရောင်လေးက သူတော်စင် သားရဲ၏ အသက်အရွယ်အရ "ကလေး" အရွယ် မျှသာ ရှိသေးသော်လည်း ခေါက်ဆွဲခြောက်ထုပ်ကို ဖောက်ကာ လမ်းပေါ်တွင် စားသုံးမည့် နည်းလမ်း မရှိပေ။
အသက်တစ်ခုတည်းကို အခြေခံလျှင် ဤကမ္ဘာ၌ ငွေရောင်လေး နေထိုင်ခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သည်။
ကျင့်ကြံခြင်း ပြက္ခဒိန်က ဟွာရှို့နိုင်ငံကို တည်ထောင်ပြီးမှ စတင်ခဲ့သော်လည်း ထိုမတိုင်မီ ကြာမြင့်စွာ ကတည်းကပင် ငွေရောင်လေးက မွေးဖွားခဲ့ခြင်း ဖြစ်၏။
ထို့ကြောင့် သူက သမိုင်းကြောင်းများစွာကို တွေ့ကြုံခဲ့ရသည်။
သူတော်စင် သားရဲများမှာ အချိန်ကာလနှင့် ကပ်ကာလ၏ တိုက်စားမှုဒဏ်ကို ခံစားခဲ့ရပုံပင်။
သူတစ်ယောက်သာလျှင် ထိုကပ်ကာလမှ လွတ်မြောက်ခဲ့သည်။
တစ်ခါတရံ ပြန်တွေးကြည့်မိလျှင် သူ့အတွက် တကယ်မလွယ်ဟု ခံစားရသည်။
သူသေသေချာချာ တွေးကြည့်လိုက်ရာ လူ့အသိုင်းအဝိုင်းနှင့် ဤမျှ နီးကပ်စွာ ထိတွေ့ခွင့်ရခြင်းမှာ ရှည်လျားသော အသက်တာ အတွင်း သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်နိုင်သည်။
ယခုအခါ သူက ဗုံးပစ်စီနီယာ အင်မော်တယ်၏ အိမ်တွင် နေထိုင်နေပြီး အလွန်လုံခြုံသည်ဟု ယူဆနိုင်ပေသည်။
ထို့အပြင် ဝမ်လင်းကိုလည်း သူ့သခင်အဖြစ် လက်ခံခဲ့သည်။
ဤသခင်က အနည်းငယ် တွန့်တိုတတ်သော်လည်း ခွန်အားကမူ လုံးဝ မေးခွန်းထုတ်စရာ မလိုသည်အထိ ငွေရောင်လေးကို လုံးဝ ကာကွယ်နိုင်၏။
သူတော်စင် သားရဲများက အသက်ရှည်စွာ နေထိုင်ခဲ့ကြသည်။
ငွေရောင်လေး ကိုယ်တိုင်ပင် သူမည်မျှကြာအောင် အသက်ရှင်နိုင်မည်ကို မသိနိုင်လောက်သည် အထိ ရှည်လျားလှသည်။
ယခု သူ့တွင် ဆန္ဒသုံးခု ရှိ၏။
တစ်ခုက သူ့လို အသက်ရှင် ကျန်နေသေးသည့် သူတော်စင် သားရဲများကို ရှာဖွေဖို့ ဖြစ်သည်။
ဒုတိယအချက်မှာ အပြင်းအထန် ကျင့်ကြံပြီး ပဉ္စမတန်းစား အဆင့် သူတော်စင် သားရဲ ဖြစ်လာရန် ဖြစ်၏။
နောက်ဆုံးဆန္ဒမှာ ယာရွှယ်ကို ကောင်းကောင်း ဂရုစိုက်ပြီး သူမ၏ ဇစ်မြစ်ကို ရှာဖွေဖော်ထုတ်ဖို့ ကူညီပေးရန်ပင်။
ဤမိန်းကလေးက တုံးအပြီးရွှတ်နောက်နောက် ဖြစ်နေသည့်အပြင် မှတ်ဉာဏ်များ ပြန့်ကျဲနေ၍ အတိတ်မှ အရာများစွာကို မှတ်မိပုံမရပေ။
သူမ အဆိပ်ပြင်း မိသွားချိန်တွင် သူမကို ကုသရန်အတွက် ငွေရောင်လေးက အင်မော်တယ်စံအိမ်ကို ခေါ်သွားခဲ့သော်လည်း ကံမကောင်းစွာဖြင့် အင်မော်တယ်စံအိမ်၏ ထိန်းချုပ်မှုကို ခံခဲ့ရသည်။
သို့သော် ကံတရား၏ ဖေးမမှုဖြင့် ဆရာလေးလင်းက အချိန်မီ ပေါ်လာခဲ့သည်။
သို့မဟုတ်လျှင် ယာရွှယ်တစ်ယောက် သေသွားလောက်ပြီဟု ငွေရောင်လေး ထင်ခဲ့သည်။
ယာရွှယ်က သူ့ကို ယခင်က ကယ်တင်ခဲ့ဖူး၍ သူ့အနေဖြင့် ကျေးဇူး ပြန်ဆပ်နေခြင်းပင်။
အိမ်အပြန်လမ်းတွင် ငွေရောင်လေးက ရုတ်တရက် ယာရွှယ်ကို အနည်းငယ် လွမ်းဆွတ်သွားသည်။
သူမက ချိုက်လျန်ဆီတွင် ဘယ်လို အခြေအနေရှိလဲ သူမသိပေ။
.......................
ထွင်ထျန်းဟာက ဖန်းကွမ်း၏ နေရာလွတ်ထဲကို ရောက်ရှိခဲ့သည့် အကြောင်းအား ဝမ်လင်းကို ပြောပြဖို့ ပြင်လိုက်သည်။
ထွင်ထျန်းဟာက ငွေရောင်လေး ထွက်သွားမှသာ ထိုအကြောင်းကို ပြောဆိုရန် ဆုံးဖြတ်ခဲ့သည်။
တစ်ဖက်လူက သူ၏ အိပ်စက်ခြင်းရောဂါ သက်သာရန်အတွက် သွေးများစွာ ပေးခဲ့သော်လည်း ဤကိစ္စမျိုးက လူသိနည်းလေ ကောင်းလေ ဖြစ်သည် မဟုတ်လော။
သူက ဆရာလေးလင်းနှင့် ထိုကိစ္စကို ဆွေးနွေးရန် ဆုံးဖြတ်လိုက်သော်လည်း ဘယ်ကနေ စပြောရမှန်းမသိပေ။
သေသေချာချာ တွေးကြည့်လျှင် ဖန်းကွမ်းက တကယ်ကို သနားစရာ ကောင်းသည်ဟု သူခံစားမိသည်။
ကျင့်ကြံခြင်း အဆင့် တက်ရန်အတွက် နေရာလွတ် အတွင်း၌ သူ၏ စိတ်ဝိညာဉ်ကို တံဆိပ်ခတ်ထားခဲ့သည်။
ယခုအခါ ဖန်းကွမ်းက သူ၏ လွတ်လပ်မှုအတွက် နည်းလမ်းရှာပေးရန် ဆရာလေးလင်းအား အသနားခံနေသည်။
ကမ္ဘာကြီးက ပြောင်းလဲသွားပြီ ဖြစ်၍ သင်လိုချင်တာ မှန်သမျှ ကို ရဖို့မလွယ်တော့ပေ။
ဤလောက၌ လူအများစုသည် ရွေးချယ်မှုပြုလုပ်ရန် လိုအပ်ချိန်များတွင် ချီတုံချတုံ ဖြစ်တတ်ကြလေ့ ရှိသည်။
ဖန်းကွမ်းက လူဆိုးလူသွမ်း မဟုတ်ဟု ထွင်ထျန်းဟာ ခံစားမိသည်။
ဝိညာဥ်သားရဲ၏ ဆဋ္ဌမအာရုံသည် အမြဲလိုလို တိကျသည်။
ဤဆဋ္ဌမအာရုံမျိုးသည် အန္တရာယ်ကို သိမြင်ခြင်း အပြင် ရန်သူ၏ အသွင်အပြင်နှင့် နယ်ပယ်အဆင့်ကို ခန့်မှန်းရာတွင်လည်း တိကျမှုရှိ၏။
ထို့အပြင် လူတစ်ဦး၏ သဘောသဘာဝကိုလည်း အကဲဖြတ်နိုင်သည်။
စိတ်ဝိညာဉ်နေရာလွတ်၌ ရှိစဥ်အတွင်း ထွင်ထျန်းဟာက ဖန်းကွမ်းနှင့် ရင်းနှီးကျွမ်းဝင်သလို ခံစားခဲ့ရသည်။
ဤစီနီယာက အနည်းငယ် မိုက်မဲပြီး သမာဓိ မရှိဟု သူခံစားမိသည်။
သို့သော်လည်း အခြေခံအားဖြင့် ဖန်းကွမ်းက လူဆိုးတော့ မဟုတ်လောက်ပေ။
ဤကိစ္စက မည်မျှ လေးနက်ကြောင်း တွေးတောရင်း ထွင်ထျန်းဟာက ခေါင်းမော့ကာ ရှားရှားပါးပါး လေးနက်သော အမူအရာဖြင့် ပြောလိုက်သည်။
"ဝမ်လင်း ငါပြောစရာရှိတယ်"
ထွင်ထျန်းဟာ၏ ထူးဆန်းသော အပြုအမူကြောင့် ဝမ်လင်း ချက်ချင်းပင် အံ့အားသင့်သွားသည်။
ဤကဲ့သို့ သူ့နာမည်ကို တိုက်ရိုက်ခေါ်ခြင်းမှာ အိမ်ကို ခေါ်လာစဥ်ကတည်းက ပထမဆုံးအကြိမ် ဖြစ်၏။
တစ်စုံတစ်ရာကို ဆွေးနွေးလိုသောကြောင့် သူ့မျက်နှာတွင် လေးနက်သော အမူအရာများ ရှိနေပုံပင်။
ဝမ်လင်း၏ အတွေးများက ချက်ချင်းပင် အရိုင်းဆန်လာသည်။
အဆုံးသတ်တွင် သူက အသက်ဆယ့်ခြောက်နှစ်သာ ရှိသေး၏။
တစ်နည်းအားဖြင့် ဖေဖေဝမ် နှင့် မေမေဝမ် တို့၏ ဝတ္ထုရေးသားဖန်တီးခြင်း ဗီဇကို အမွေဆက်ခံခဲ့သည်။
ထို့ကြောင့် သူ၏ စိတ်ကူးက သူ့ရွယ်တူများထက်ပင် အရောင်အသွေး စုံလင်သည်ဟု ဆိုရမည်။
ဤကဲ့သို့ လေးနက်သော မျက်နှာဖြင့် ထွင်ထျန်းဟာက ဘာကို ပြောချင်နေပါသနည်း။
ထို့အပြင် ထွင်ထျန်းဟာက ၎င်း၏ပါးစပ်ကို မည်သို့ဖွင့်ရမည်ကို မသိသကဲ့သို့ တွေဝေနေသည်ကိုလည်း သူသတိပြုမိသည်။
ယင်းမှာ ရိုးသားပြီး လိမ္မာရေးခြားရှိသည့် ချာတိတ် တစ်ယောက်က ရီးစားနှင့် အတူနေပြီး ရီးစားတွင် ကိုယ်ဝန်ရှိသွား၍ အိမ်ကို ပြန်ရောက်သည့်အခါ မပြောရဲမဆိုရဲ ဖြစ်နေသလိုမျိုးပင်။
"ငါ့အထင် ကိုယ်ဝန်ကိစ္စလား"
ဝမ်လင်းက သူ့လေသံကို တည်ငြိမ်အောင် ထိန်း၍ မေးလိုက်သည်။
"ပြောစမ်း.. တခြားအိမ်က ခွေးမတစ်ကောင်ကို မင်းဘာလုပ်လိုက်တာလဲ"
"ဖူး"
ထိုစကားကိုကြားလျှင် ထွင်ထျန်းဟာက ပါးစပ်ထဲကနေ သွေးအန်လုမတတ် ဖြစ်သွားသည်။
"ခွေးမတစ်ကောင်ကို ဘာလို့ ရှာတာလဲ.. လူပုံစံ အသွင်ပြောင်းလာတဲ့ အထိ စောင့်ပြီး ရင်ခုန်သံချင်းတူတဲ့ မိန်းကလေးကို ရှာပါလား"
စိတ်အနှောင့်အယှက် ဖြစ်စရာ အကောင်းဆုံးမှာ ဆရာလေးလင်းက စိတ်ချင်းဆက်သွယ်၍ ပြောနေခြင်း မဟုတ်ဘဲ လေသံတိုးတိုးဖြင့် ပြောနေခြင်းပင်။
ထွင်ထျန်းဟာက မေမေဝမ်တို့ ကြားသွားမည်ကို အလွန်စိုးရိမ်နေမိသည်။
[မင်းစိတ်နဲ့နှိုင်းပြီး သူများတွေကို လျောက်မထင်နဲ့]
သူက စိတ်ထဲကနေ ကျိန်ဆဲလိုက်သည်။
သို့သော် တစ်နည်းအားဖြင့် သူအတော်လေး ပျော်ရွှင်ခဲ့ရ၏။
အနည်းဆုံးတော့ သူက ဆရာလေး လင်း၏ နှလုံးသားထဲတွင် ရှိနေသည်ကို သိလိုက်ရသည်။
ယင်းက မိသားစုဝင် တစ်ယောက်အနေဖြင့် သူ့ကို အမှန်တကယ် အသိအမှတ်ပြုကြောင်း သက်သေပြနေ၏။
တကယ်တမ်းတွင် ဝမ်လင်းနှင့် အချိန်အကြာကြီး ရှိနေပြီးနောက် သူက ဝမ်လင်း၏ စိတ်နေစိတ်ထားနှင့် ပတ်သက်၍ များစွာ နားလည်နေပြီ ဖြစ်သည်။
ဆရာလေးလင်းက မျက်နှာကြောသေနေပုံ ရသော်လည်း ကောင်းမွန်သော စိတ်ထားရှိ၏။
ယင်းကို အကြောတင်းသော မျက်နှာ၊ ကြင်နာသောနှလုံးသားဟု ထွင်ထျန်းဟာ သတ်မှတ်ထားသည်။
ဝမ်လင်းက များသောအားဖြင့် စကားပြောလေ့ မရှိသော်လည်း ဆရာလေးလင်း၏ စိတ်ထဲတွင် အလွန် အရောင်အသွေး စုံလင်နေမည်ကို ထွင်ထျန်းဟာ သေချာပေါက်သိ၏။
ကံမကောင်းစွာဖြင့် သူက "စိတ်ဖတ်စွမ်းရည်"ကို မသင်ယူထားခဲ့ပေ။
သို့မဟုတ်လျှင် အလွန်စိတ်ဝင်စားစရာ ကောင်းပေလိမ့်မည်။
ပြတ်ပြတ်သားသား ပြောရလျှင် ဆရာလေးလင်းက လူအများကို ခပ်တန်းတန်းသာ ဆက်ဆံလေ့ရှိသည်။
သူက အပြင်လူများကို သတိထားပြီး သူနှင့်ရင်းနှီးသောသူများကိုသာ ပေါင်းသင်းတတ်၏။
ထွင်ထျန်းဟာက ကျောင်းခြောက်ကျောင်း စုပေါင်း စစ်ရေးလေ့ကျင့်မှုအတွင်း တွေ့ခဲ့ရသည့် နက္ခတ်ဗေဒင်ဆရာ စုန့်ချိုက်ကို ရုတ်တရက် တွေးလိုက်မိသည်။
စုန့်ချိုက်က နက္ခတ်ဗေဒင်ပညာကို ကောင်းစွာ တတ်မြောက်ထားသူ ဖြစ်သည်။
ထွင်ထျန်းဟာက နက္ခတ်ဗေဒင်ပညာကို အစက မယုံခဲ့ပေ။
သို့သော် ယခုကိစ္စကို ကွဲပြားသော ရှုထောင့်မှကြည့်လျှင် ဆရာလေးလင်းတွင် မကရ ရာသီဖွား၏ လက္ခဏာဖြစ်သည့် မျက်နှာကြောသေ ရောဂါရှိနေပုံရသည်။
အပိုင်း(၃၉၇) ပြီး၏။