စစ်ဆေးမှုတစ်ခုလုံးက အလွန်ပင် ချောချောမွေ့မွေ့ဖြစ်ခဲ့သည်။
ထွင်ထျန်းဟာက နေ့လည် နှစ်နာရီခန့်တွင် စမ်းသပ်ခန်းမှ ထွက်လာနိုင်ခဲ့သည်။
၎င်း၏စမ်းသပ်မှု ပုံရိပ်များကို လူသိရှင်ကြား ထုတ်လွှင့်မပြသခဲ့ပေ။
ထွင်ထျန်းဟာက သိုသိပ်သိသိပ် နေရန်သာ ဆုံးဖြတ်ခဲ့ပြီး စမ်းသပ်ပြီးနောက်တွငိ ချက်ချင်း ထွက်ခွာလာခဲ့သည်။
ဤအဆင့်အကဲဖြတ်မှုသည် မူလကတည်းက ထွင်ထျန်းဟာ နှင့် ဝမ်လင်း အတွက် အဓိပ္ပါယ်မရှိပေ။
ထွင်ထျန်းဟာက ၎င်း၏ ကိုယ်ပိုင်တန်ဖိုးနှင့် ပတ်သက်၍ အလွန် ရှင်းလင်းစွာ နားလည်သည်။
ဤကဲ့သို့ အကဲဖြတ်မှုလေးက သူ့အတွက် မည်သို့ လုံလောက်ပါမည်နည်း။
အရည်အချင်းစစ် အကဲဖြတ်မှု စာမေးပွဲပြီးသည်နှင့် အရည်အချင်းစစ် လက်မှတ်ကို သုံးရက်အတွင်း အိမ်သို့ ပို့ပေးမည် ဖြစ်ရာ ထွင်ထျန်းဟာ အနေဖြင့် စောင့်ဆိုင်းရုံသာ ရှိတော့သည်။
ထွင်ထျန်းဟာက ထိုအကြောင်းကို တွေးတောရင်း အကဲဖြတ်စင်တာ၏ တံခါးမှ ထွက်ခွာလာခဲ့ရာ ဝေ့ကျစ်က ကျောက်စာတိုင်ကို မှီ၍ သူ့ကိုစောင့်နေမှန်း သိလိုက်ရသောအခါ အံ့အားသင့်သွားခဲ့သည်။
အစောပိုင်း စာမေးပွဲခန်းထဲက ထွက်လာစဥ် ဝေ့ကျစ်ကို မတွေ့ရသောကြောင့် သွားနှင့်ပြီဟု သူထင်ခဲ့၏။
ဝေ့ကျစ်က ဤနေရာတွင် စောင့်နေမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ထားမိပေ။
"အိုး.. ညီနောင်ခွေး.. တိုက်ဆိုင်လိုက်တာ.. စာမေးပွဲပြီးတာနဲ့ ထွက်ချလာတာ.. နောက်တစ်ခါ ပြန်ဆုံမယ်လို့ မထင်ခဲ့မိဘူး"
ဝေ့ကျစ်က လက်ဝှေ့ယမ်းပြ၍ ပြောလိုက်သည်။
ထွင်ထျန်းဟာ "..............."
[ဒီလို အရှက်မဲ့တဲ့ ဗြောင်လိမ်ဗြောင်စားကောင်ကို တစ်ခါမှ မကြုံဖူးဘူး]
သူက ဝေ့ကျစ်ကို အမှန်တကယ် မနှစ်သက်သော်လည်း ဤဖော်ရွေသော ကောင်လေးက အနည်းငယ် စိတ်ဝင်စားစရာကောင်းသည်ဟု ခံစားမိသည်။
အရေးအကြီးဆုံးမှာ ဝေ့ကျစ်က ဟွာရှို့နိုင်ငံ၏ ဝိညာဉ်သားရဲစနစ် တစ်ခုလုံးနှင့် အလွန်ရင်းနှီးနေမှန်း သိလိုက်ရခြင်းပင်။
ဝေ့ကျစ်က အလွန် ဗဟုသုတ ကြွယ်သည်ဟု ဆိုနိုင်သည်။
သူတို့နှစ်ဦးက မိတ်ဆွေများ ဖြစ်လာနိုင်ပါသလော။
ထွင်ထျန်းဟာက ထိုအကြောင်းကို စိတ်ထဲကနေ တွေးနေခဲ့၏။
"စာမေးပွဲအခြေအနေက ဘယ်လိုလဲ.. ဘယ်အဆင့်ရခဲ့လဲ"
ဝေ့ကျစ်က စကားပြောနေရင်း သူ၏အနီရောင်ဦးထုပ်ကို ချွတ်ကာ လက်ညိုးဖြင့်လှည့်၍ ကစားလိုက်သည်။
ယင်းက ဝေ့ကျစ်၏ အကျင့်တစ်ခု ဖြစ်ကောင်း ဖြစ်နိုင်၏။
ထိုသို့ ပြုလုပ်သည်ကို ထွင်ထျန်းဟာက အကဲဖြတ်စင်တာတွင် အကြိမ် အနည်းငယ်ခန့် မြင်ဖူးခဲ့သည်။
"စတုတ္ထတန်းစားသားရဲ"
ထွင်ထျန်းဟာက ၎င်း၏ ရလဒ်နှင့် ပတ်သက်၍ ဖုံးကွယ်စရာ အကြောင်းရင်း တစ်စုံတစ်ရာ မရှိဟု တွေးခဲ့သည်။
မည်သို့ပင်ဖြစ်စေ သူက တကယ်ကို ထိန်းချုပ်ထားနိုင်ခဲ့၏။
သူသာ သိုသိုသိပ်သိပ် မနေခဲ့လျှင် သူ၏ စစ်မှန်သော အဆင့်မှာ တတိယတန်းစား သားရဲပင် ဖြစ်သွားနိုင်သည်။
ထွင်ထျန်းဟာ၏ အံ့အားသင့်နေပုံကို ကြည့်၍ ဝေ့ကျစ်က ခပ်ယဲ့ယဲ့ ပြုံးလိုက်၏။
သူက ဤရလဒ်ကို မျှော်လင့်ထားပြီးပုံ ရသည်။
"ညီနောင်ခွေး.. မင်း လျှိုထားတယ် မဟုတ်လား"
ထွင်ထျန်းဟာက ၎င်း၏အမြီးကို လှုပ်ယမ်းလိုက်သည်။
"မင်းပြောနိုင်တယ်လား"
"ငါတို့မျိုးနွယ်စုက စိတ်ဝိညာဉ်အိမ်မွေး တိရစ္ဆာန်တွေကို မျိုးဆက်ပေါင်း များစွာ မွေးမြူ လေ့ကျင့်ပေးခဲ့တယ်.. ငါတို့မှာ သားရဲရဲ့ထူးခြားတဲ့အော်ရာကို အခြေခံပြီး သားရရဲ့ အစွမ်းသတ္တိကို ဆုံးဖြတ်နိုင်တဲ့ လျှို့ဝှက်နည်းစနစ် တစ်ခု ရှိတယ်.. ညီနောင်ခွေးကို အနံ့ခံကြည့်တော့ အော်ရာက အရမ်းသိပ်သည်းတယ်လို့ ခံစားရတယ်.. ဒါကြောင့် မင်းရဲ့အစွမ်းသတ္တိက အနည်းဆုံး တတိယတန်းစား အဆင့်မှာရှိတယ်"
ထိုအချိန်တွင် ဝေ့ကျစ်က ရုတ်တရက် ထွင်ထျန်းဟာကို စိုက်ကြည့်ကာ နှာရည်များ ထိန်းမရအောင် ယိုလာသည်။
ထွင်ထျန်းဟာ ထိတ်လန့်သွားသည်။
"..............."
"ချီးပဲ.."
"ဒီကောင် ဘာလိုချင်တာလဲ"
ဝေ့ကျစ် "ညီနောင်ခွေး.. ငါ မင်းကို အားရပါးရ ပွေ့ဖက်ထားလို့ရမလား.."
ထွင်ထျန်းဟာ "မင်းအတွေးကို မေ့လိုက်.."
ဝေ့ကျစ်က စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။
"မင်း ဘယ်လိုဖြစ်ရတာလဲ.. ငါတို့ ဆုံတွေ့တာက ရေစက်ပဲလေ.. ဒီလိုမျိုး ထူးခြားတဲ့ အနံ့ကို မရတာ အတော်ကြာပြီ"
ထွင်ထျန်းဟာ၏ ပါးစပ်ထောင့်များ တလှုပ်လှုပ် ဖြစ်သွားသည်။
"မင်းက ခွေးလား"
ဝေ့ကျစ် "မင်းဘယ်လိုသိတာလဲ?"
ထွင်ထျန်းဟာ "............."
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ထွင်ထျန်းဟာက အဝေးကို လှမ်းကြည့်လိုက်သည်။
"ငါအိမ်ပြန်တော့မယ်"
ထိုစကားကို ပြောပြီးသည်နှင့် ပေါ့ပါးသော ခြေလှမ်းများဖြင့် ခုန်ပေါက်ပြေးသွားခဲ့သည်။
လမ်းသွားလမ်းလာများက လူကူမျဥ်းကြားကနေ အဆုံးမရှိ ဖြတ်သန်းသွားလာနေသောကြောင့် ယာဉ်ကြောပိတ်ဆို့မှုက အလွန်ပင် ထူထပ်နေ၏။
နေရောင်က ထွင်ထျန်းဟာ၏ အစိမ်းရောင်ခွေးမွေးများ ပေါ်သို့ တိုက်ရိုက် ကျရောက်နေသဖြင့် ၎င်းက လူအုပ်ကြားထဲတွင် ထင်ရှားနေသည်။
လှေကားထစ်များ ပေါ်တွင် ရပ်နေသော ဝေ့ကျစ်က ထွင်ထျန်းဟာ၏ နောက်ကျောကို ကြည့်ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
"ညီနောင်ခွေး ငါတို့ပြန်တွေ့ကြမလား"
ထွင်ထျန်းဟာက စကားပြန်မပြောဘဲ ၎င်း၏ ရှေ့ခြေတစ်ချောင်းကို မြှောက်ပြလိုက်သည်။
ထိုအချိန်မှပင် သူ့ဦးထုပ်ကို ယူသွားကြောင်း ဝေ့ကျစ် သိလိုက်သည်။
"မင်းကို ငါတွေ့အောင်ရှာမယ်"
ထွင်ထျန်းဟာက ပေစောင်းစောင်း ကြည့်လိုက်ပြီးနောက် လူအုပ်ထဲသို့ လျှပ်စီးလက်သလို တိုးဝင်ကာ လျင်မြန်စွာ ပျောက်ကွယ်သွားသည်။
"ထင်ထားတဲ့အတိုင်းပဲ ညီနောင်ခွေးက မရိုးရှင်းဘူး"
ဝေ့ကျစ်က ဦးထုပ်အသစ်ကို ထုတ်ကာ ပြန်လည်ဆောင်းလိုက်သည်။
...................
အပြန်လမ်းတွင် ထွင်ထျန်းဟာက ဝိညာဉ်ဘတ်စ်ကားကို စီး၍ ဝမ်မိသားစု အိမ်ငယ်လေး ဆီသို့ ပြန်သွားရန် ပြင်လိုက်သည်။
သူက ဘတ်စ်ကားမှတ်တိုင်ရှိ ခုံတန်းရှည် အောက်တွင် ငြိမ်သက်စွာ ဝပ်နေခဲ့သည်။
ခွေးတစ်ကောင်က သူ့ဘာသာသူ ငွေပေးချေခြင်း သို့မဟုတ် အများသုံး ပို့ဆောင်ရေးကတ်ကို အသုံးပြု၍ ယာဉ်စီးခဲ့လျှင် ရုတ်ရုတ်သဲသဲ ဖြစ်စေမည် မဟုတ်လော။
ထို့အတွက် ထွင်ထျန်းဟာ၏ ပုံမှန်နည်းဗျူဟာမှာ ဘတ်စ်ကားတံခါးများ ပွင့်လာမည့်အချိန်ကို စောင့်ဆိုင်းရန်ဖြစ်ပြီး လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် ပြေးဝင်ကာ ထိုင်ခုံအောက်တွင် ပုန်းအောင်း၍ လိုက်လာရန် ဖြစ်သည်။
ထို့နောက် ဘက်စ်ကားမှ မဆင်းမီ ထိုင်ခုံအောက်တွင် ဒင်္ဂါးနှစ်ပြားကို ချန်ထားလေ့ရှိသည်။
သူ့အနေဖြင့် ဘတ်စ်ကားပေါ် တက်ရန် လုံလောက်သော မြန်ဆန်မှုအတွက် အလွန် ယုံကြည်မှုရှိသည်။
ဘက်စ်ကားတွင် စောင့်ကြည့်ဗီဒီယိုများ ရိုက်ယူထားသော်လည်း ရုပ်ပုံများကို အဆငါးဆယ်မျှ နှေးကွေးစေခြင်း မရှိလျှင် ထွင်ထျန်းဟာ၏ အရိပ်ကိုပင် မြင်နိုင်ကြမည် မဟုတ်ပေ။
ထွင်ထျန်းဟာက ခုံတန်းလျား အောက်တွင် ဝပ်၍ သမ်းဝေနေချိန်တွင် ရင်းနှီးသော အော်ရာတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်ကို ချက်ချင်း သတိပြုမိလိုက်သည်။
ယခငကြ ဤအနံ့ကို သူရဖူး၏။
ဤအော်ရာက ရန်လိုသော အော်ရာ ဖြစ်သည်မှာ အလွန်ရှင်းလင်းနေသည်။
ထွင်ထျန်းဟာက ခုံတန်းလျားအောက်ကနေ ၎င်း၏ မျက်လုံးများကို ကျဉ်းမြောင်း၍ ကြည့်လိုက်ရာ အနက်ရောင် လေကာအင်္ကျီဝတ်ထားသည့် အမျိုးသား တစ်ဦး ပေါ်လာသည်ကို တွေ့လိုက်ရသည်။
ထိုလူက အစောပိုင်းက အကဲဖြတ်စင်တာတွင် တွေ့ခဲ့ရသည့် အရိုးနဂါးပိုင်ရှင် ဖြစ်ကြောင်း သူမှတ်မိလိုက်သည်။
"သူက လက်စားချေချင်တာလား"
ထွင်ထျန်းဟာက စိတ်ထဲကနေ ရယ်မောလိုက်သည်။
သူက ထိုလူကို ရှောင်ဖို့ စိတ်မကူးဘဲ တိုက်ရိုက် ထွက်လာ၏။
ထိုသို့ ထွက်လာသည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်မှ အမှောင်ရိပ် များစွာလည်း ထွက်ပေါ်လာသည်။
၎င်းတို့က ကြိုးနှင့် လှောင်အိမ်များကို ယူဆောင်လာကြ၏။
ကြောက်စရာအကောင်းဆုံးမှာ သူတို့ထဲက တစ်ယောက်က လျှပ်စစ်ကျဥ်စက်ကို ကိုင်ထားခြင်းပင်။
ဤလူတစ်စုက ကောက်ကျစ်စွာ ရယ်မောနေခဲ့သည်။
သူတို့၏ မျက်နှာအမူအရာများ အရ ရည်ရွယ်ချက်ကောင်း မရှိမှန်း သိသာနေသည်။
"ချီးပဲ သူတို့ ဘာလိုချင်တာလဲ"
ဤလူတစ်စုက သူ့ကို ပစ်မှတ်ထားခဲ့ကြောင်း သိရှိခဲ့သည်။
သူ့ရှေ့မှ အနက်ရောင် ၀တ်ထားသည့် အမျိုးသားကို ငေးကြည့်ရင်း ထွင်ထျန်းဟာ၏ စိတ်က တည်ငြိမ်လွန်းနေ၏။
သူ့ကို ဝိုင်းရံထားသော လူငါးယောက်ရှိပြီး ၎င်းတို့အားလုံးမှာ ရွှေအမြူတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသည်။
အကယ်၍ ၎င်းတို့ထဲမှ တစ်ဦး သို့မဟုတ် နှစ်ဦးသာ ဖြစ်ခဲ့လျှင် ထွင်ထျန်းဟာအနေဖြင့် လုံးဝ ကိုင်တွယ်နိုင်မည် ဖြစ်သော်လည်း လက်ရှိအခြေအနေတွင်...
အဆုံးသတ်တွင် ခြေလေးချောင်းက လက်ဆယ်ချောင်းကို ယှဥ်တိုက်ရန် တကယ်ပင် ခက်ခဲလှသည် မဟုတ်လော။
သို့သော် ပြေးဖို့တော့ အခွင့်အလမ်း ရှိပါသေးသည်။
ဤအတွေးအတွက် ထွင်ထျန်းဟာက အနည်းငယ် မကျေမနပ် ခံစားလိုက်ရသည်။
အတိတ်တွင် သူက နတ်ဆိုးဘုရင်ဖြစ်ခဲ့၏။
လက်ရှိတွင် သူက မူလစွမ်းအားများကို အပြည့်အဝ မရရှိသေးသောကြောင့်သာ။
မဟုတ်လျှင် ဤသေးနုပ်သော ကျင့်ကြံသူများကို တစ်ကိုက်တည်းဖြင့် မျိုချပစ်လိမ့်မည် ဖြစ်သည်။
"မင်္ဂလာပါ မစ္စတာခွေး.. ငါတို့ အဖွဲ့အစည်းက မင်းကို အရမ်းစိတ်ဝင်စားနေတဲ့ အတွက် လက်ဖက်ရည်နဲ့ မုန့်စားဖို့ ဖိတ်ခေါ်ချင်ပါတယ်"
အရိုးနဂါးပိုင်ရှင်က စကားပြောနေစဥ် ကြိုးတစ်ချောင်းကို ကိုင်ဆောင်ထား၏။
သူ၏မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးက ထင်ဟပ်နေခဲ့သည်။
ထွင်ထျန်းဟာက ဤလူများကို ထိတ်လန့်စွာ ကြည့်လိုက်သည်။
တကယ်ကြီး နေ့ခင်းကြောင်တောင် ခွေးတစ်ကောင်ကို ပြန်ပေးဆွဲနေတာလား...
အရည်အချင်းစစ် အောင်လက်မှတ် အတွက် စာမေးပွဲဖြေဖို့ ထွက်လာပေမယ့် ပစ်မှတ်ထားခြင်းကို ခံခဲ့ရသည်။
"ဒါက ဘယ်လို ဆိုးရွားတဲ့ အခြေအနေမျိုးလဲ"
"မလိုက်ဘူး ဆိုရင်ရော ဘာဖြစ်မလဲ"
ထွင်ထျန်းဟာက ထိုလူကိုကြည့်ကာ ပြန်ဖြေလိုက်သည်။
အနက်ရောင်ဝတ် အမျိုးသားက သူသယ်လာတဲ့ လျှပ်စစ်ပစ္စည်းကို ဆွဲထုတ်လိုက်၏။
"ဒီလျှပ်စစ်ပစ္စည်းက လျှပ်စစ်ဓာတ်အား ဗို့တစ်ထောင်ကို ထုတ်ပေးနိုင်တဲ့ အထူးပြုပြင် မွမ်းမံထားတဲ့ လျှပ်စစ်ကျဥ်စက် မှော်ရတနာတစ်ခုပဲ"
စကားပြောရင်း ထိုလူက ရယ်လိုက်သည်။
"မင်း ငါတို့နဲ့ မလိုက်ရင် တစ္ဆေသရဲမြင်သလို တုန်စလိ ဖြစ်သွားလိမ့်မယ်"
အပိုင်း(၃၇၉) ပြီး၏။