နှစ်အတော်ကြာပြီးနောက်တွင် ညီအစ်ကိုနှစ်ဦးက နတ်ဆိုးလောကတွင် ပေါ်လာခဲ့သည်။
၎င်းတို့က ချောက်ကမ်းပါး တစ်ခုပေါ် ဆင်းသက်ခဲ့ကြ၏။
အရိုးကို ထိုးဖောက်လုမတတ် အေးစက်နေသော နတ်ဆိုးချီက လေနှင့်အတူ တိုက်ခတ်နေရာ နှစ်ယောက်သား မျက်မှောင်ကြုတ်လိုက်မိသည်။
ရှေးဟောင်းစာအုပ်ကြီးက သက်ပြင်းချလိုက်သည်။
"ကမ္ဘာခြားဂိတ်တံခါးရဲ့ တစ်ဖက်က မျှော်လင့်ထားသလိုပဲ.. လူသားကမ္ဘာနဲ့ အရမ်းကွာခြားတယ်"
တာအိုဆရာတောက်တိက ခေါင်းညိတ်လိုက်သည်။
"ဒီနေရာရဲ့ ပတ်ဝန်းကျင်က အရမ်းကြမ်းတမ်းတယ်လို့ လူတွေပြောကြတာ အံ့သြစရာ မဟုတ်ပါဘူး.. နတ်ဆိုးချီ တစ်ခုတည်းကိုတောင် ခံနိုင်ရည်ရှိဖို့ မနည်းကြိုးစားနေရတယ်"
"ကျွန်တော်နဲ့ စီနီယာအစ်ကိုရဲ့ နယ်ပယ် အဆင့်အရတော့ ကိုင်တွယ်ဖြေရှင်းလို့ ရပေမယ့် စိတ်ဝိညာဥ် ဖွဲ့စည်းခြင်း နယ်ပယ် အဆင့် ဒါမှမဟုတ် အကာအကွယ် တစ်စုံတစ်ရာ မပါဘဲ ဒီနေရာမှာ ပေါ်လာတဲ့လူ ဆိုရင်တော့ တစ်ရက်တောင် ခံမှာ မဟုတ်ဘူး"
ဤအချက်ကို ပြောရင်း တာအိုဆရာ တောက်တိက ဒုက္ခတွင်းထဲ သက်ဆင်းမိသလို ရုတ်တရက် ခံစားလိုက်ရသည်။
လွန်ခဲ့သည့် နှစ်ပေါင်းများစွာက ကမ္ဘာခြား ဂိတ်ပေါက်ကို ဖြတ်သန်းရန် စိတ်မဝင်စားမိသည်မှာ ကံကောင်းသည်ဟု ဆိုရမည်။
ဤနေရာရှိ အခြေအနေက သူထင်ထားသည်ထက် ပိုမိုဆိုးရွားနေသည် မဟုတ်လော။
သို့သော် ယခုတစ်ကြိမ်တွင်မူ ညီအစ်ကိုနှစ်ဦးက ၎င်းတို့၏ ပြဿနာများကို ဖြေရှင်းခဲ့ပြီး တာအိုဆရာတောက်တိ အတွက် စိတ်သက်သာရာရစေမည့် ရင်းမြစ်ရှိရာ နေရာဖြစ်သည့် ဤနေရာသို့ မရောက်မီ ပြင်ဆင်မှုများစွာ ပြုလုပ်ခဲ့သည်။
ဆိုရလျှင် သူတို့က ဒဏ္ဍာရီလာ နတ်ဆိုးကမ္ဘာ၏ သိဒ္ဓိရေစင် အတွက် ဤနေရာသို့ ရောက်လာခဲ့ကြခြင်း ဖြစ်၏။
လွန်ခဲ့သော နှစ်ပေါင်းများစွာက တာအိုဆရာ တောက်တိ ရရှိခဲ့သည့် ယုံကြည်စိတ်ချရသော အချက်အလက်များကိုအခြေခံ၍ နတ်ဆိုးကမ္ဘာ၏ သိဒ္ဓိရေစင်ကို ကမ္ဘာခြားဂိတ်တံခါး အတွင်းရှိ ဝေးလံခေါင်သီသော ကျေးရွာတွင် တွေ့ရှိခဲ့သည်။
သိဒ္ဓိရေစင်ဖြင့်သာ မှားယွင်းသော ကျင့်စဥ်ကြောင့် ဖြစ်ပေါ်လာသော ဘေးထွက်ဆိုးကျိုးများကို လုံးလုံးလျားလျား ဖယ်ရှားနိုင်မည် ဖြစ်သည်။
တာအိုဆရာ တောက်တိက မျက်နှာဖုံးကို နှစ်ရာပေါင်းများစွာ ကြာအောင် ဝတ်ဆင်ပြီးနောက် ချွတ်ရတော့မည်ဟု တွေးတောမိသောအခါတွင် စိတ်လှုပ်ရှားသည့် အမူအရာများ ဖြစ်ပေါ်လာသည်။
"စီနီယာအကို.. ငါတို့သေချာပေါက် အောင်မြင်မှာပါ"
ရှေးဟောင်းစာအုပ်ကြီးက ခေါင်းညိတ်လိုက်သည်။
"ဒီလိုပဲ မျှော်လင့်ကြတာပေါ့.. ကံတရားက ငါတို့ဘက်မှာ ရှိနေဖို့ ဆုတောင်းရမယ်"
သူတို့က သိဒ္ဓိရေစင် ရှိသည့် ရွာ၏ တည်နေရာကို ပြန်လည် အတည်ပြုရန် မြေပုံကို လှန်လိုက်ကြသည်။
ဤမြေပုံကို တာအိုဆရာ တောက်တိက အဖိုးတန်မြေပုံများ ရောင်းဝယ်သည့် ကိုယ်စားလှယ်ထံမှ အလွန် စျေးကြီးပေး၍ ဝယ်ခဲ့ရသည်။
မြေပုံအရောင်း ကိုယ်စားလှယ်များမှာ တစ်နှစ်ပတ်လုံး ကမ္ဘာအနှံ့ ခရီးထွက်ပြီး လျှို့ဝှက် တည်နေရာများ၏ အဖိုးတန်မြေပုံများကို စုဆောင်းခဲ့ကြသည်။
သူတို့ထံတွင် လျှို့ဝှက်မြေပုံ ရှိနေ၍ ပိုအဆင်ပြေခဲ့သည်။
အနည်းဆုံးတော့ မရင်းနှီးသည့် နေရာတစ်ခုတွင် ပျောက်ဆုံးသွားမည်ကို စိုးရိမ်နေစရာ မလိုအပ်ပေ။
ကမ္ဘာခြားဂိတ်၏ တည်နေရာပြ မြေပုံကို မြေပုံရောင်းဝယ်သူများက အက်ဒိပ်များ ဖြည့်စွက်လေ့ ရှိသည်။
ကမ္ဘာခြားဂိတ်က ငါးနှစ်လျှင် တစ်ကြိမ်သာ ဖွင့်လှစ်သော်လည်း ဂိတ်အတွင်း နေထိုင်သောလူများ ပြင်ပသို့ ခရီးသွားခြင်းမှ တဆင့် အရောင်းကိုယ်စားလှယ်က ၎င်းတို့ထံမှ နောက်ဆုံးရ သတင်းများကို ရရှိမည် ဖြစ်သည်။
ဟုတ်ပါသည်။ ဤမြေပုံအမျိုးအစားကို ဝယ်ဖို့က အလွန်ပင် စျေးကြီးလှ၏။
သာမာန်လူများ အနေဖြင့် ဝယ်ယူဖို့ မည်သို့မှ တတ်နိုင်မည် မဟုတ်ပေ။
ညီအစ်ကိုနှစ်ယောက်က ဤတစ်ကြိမ် ကမ္ဘာခြားဂိတ်ကို ဝင်ရောက်ရန် မြေပုံတစ်ခု ဝယ်ယူရာတွင် ၎င်းတို့၏ စုဆောင်းထားသမျှ ငွေအားလုံးနီးပါးကို အသုံးပြုခဲ့ရသည်။
၎င်းတို့က လုပ်ကြံရေး နယ်ပယ်၏ မော်ကွန်းဝင် အဆင့် လူသတ်သမား နှစ်ဦး ဖြစ်ရာ အခြားသူသာဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
တာအိုဆရာ တောက်တိက မြေပုံကိုကြည့်ရင်း ရင်လေးသလို ခံစားနေရသည်။
"စီနီယာအကို.. အကယ်၍ နတ်ဆိုးကမ္ဘာရဲ့ သိဒ္ဓိရေစင်ကို ရှာမတွေ့ခဲ့ရင် ဒီမြေပုံက ဘာမှ အသုံးချလို့ မရတော့ဘူး ထင်တယ်"
"ဟမ့်.. သိဒ္ဓိရေစင်ကို ရှာမတွေ့ခဲ့ရင် ကမ္ဘာခြားဂိတ် တစ်ဝိုက်ကို လှည့်ပတ် သွားလာမယ်.. ပြီးရင် အသစ်မွမ်းမံထားတဲ့ မြေပုံတစ်ခုကို ဆွဲပြီး ရောင်းပစ်လိုက်လို့ ရပါတယ်"
တာအိုဆရာတောက်တိ ".........."
[ဒီလိုမျိုး စီးပွားရေးလည်း ရှိသေးတယ်လား]
သူတို့က တည်နေရာကို အတည်ပြုပြီးနောက် ချက်ချင်း ထွက်သွားကြသည်။
ဤနေရာ၏ ဝိညာဉ်စွမ်းအင်က အလွန် နည်းပါးသောကြောင့် ဂိတ်အတွင်းမှ ဝိညာဉ်စွမ်းအင်များကို စုပ်ယူပြီး ခန္ဓာကိုယ်အတွင်း၌ ဝိညာဉ်စွမ်းအင် အဖြစ် သိမ်းဆည်းရန်မှာ မဖြစ်နိုင်ပေ။
၎င်းတို့အနေဖြင့် ဝိညာဉ်စွမ်းအင် ဖြည့်စွက်စာများကိုသာ စားသုံးနိုင်သည်။
ဝိညာဉ်စွမ်းအင်သာ ချို့တဲ့လာလျှင် ၎င်းတို့အတွက် အလွန်အန္တရာယ်များသည် မဟုတ်လော။
ယင်းမှာ ရေတိုလုပ်ဆောင်မှု အတွက်သာ ဖြစ်ပြီး အကောင်းမွန်ဆုံး နည်းလမ်းမှာ တတ်နိုင်သမျှ မြန်မြန် ပြီးမြောက်ရန် ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ်တွင် ညီအစ်ကိုနှစ်ဦးသည် လူနှစ်ဦးအသုံးပြုရန် လုံလောက်သော ဝိညာဥ်ဆေးဝါးများကို ပြင်ဆင်ထားခဲ့သည်။
ဂရုတစိုက် ချွေတာ အသုံးပြုပါက သုံးလခန့် တောင့်ခံနိုင်မည် ဖြစ်၏။
သူတို့က နတ်ဆိုးလောက၏ သိဒ္ဓိရေစင်ကို ရယူရေး နှင့် ပတ်သက်ပြီး ကြိုတင် ပြင်ဆင်မှု အားလုံးကို ပြုလုပ်ခဲ့ကြသည်။
မြေပုံပေါ်တွင် ကုန်သည်မှ အမှတ်အသား ပြုထားသည့် ကိုသြဒိနိတ်များက အလွန်တိကျ၏။
မြေပုံအတိုင်းသွားပြီး နောက်ဆုံးတွင် သူတို့က ထိုဝေးလံခေါင်သီသော ရွာကို တွေ့ရှိခဲ့သည်။
မြေပုံအရောင်း ကိုယ်စားလှယ်၏ ဖော်ပြချက်အရ ဤရွာကို လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် တည်ထောင်ခဲ့မှန်း သိခဲ့ရ၏။
ထို့အပြင် ဤရွာ၏ ရွာသူကြီးများမှာ ကမ္ဘာခြား ဂိတ်ပေါက်ကို မှားယွင်းစွာ ဝင်ရောက်မိခဲ့ကြသော လူသား ကျင့်ကြံသူ နှစ်ဦးဖြစ်သည်။
အဆုံးသတ်တွင် ၎င်းတို့က ဤနေရာတွင် အထိုင်ချပြီး နတ်ဆိုးကမ္ဘာ၏ သိဒ္ဓိရေစင်ကို မှီခို၍ ရွာတစ်ရွာကို ထူထောင်ခဲ့ကြသည်။
ရွာဝင်ပေါက်နားကို ရောက်လျှင် နှစ်ဦးသားက သူတို့ရှေ့မှ မြင်ကွင်းကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်ကြသည်။
အကြောင်းရင်းမှာ ဤရွာရှိ ဝိညာဉ်စွမ်းအင်က ပုံမှန်မဟုတ်ဘဲ သိပ်သည်းနေသောကြောင့် ဖြစ်သည်။
ဂိတ်၏ အခြားနေရာတိုင်းနှင့် မတူဘဲ ဤနေရာ၏ ဝိညာဉ်စွမ်းအင်သည် ဝိညာဉ်စွမ်းအင် စုစည်းမှု အစီအရင် ခင်းကျင်းထားသည့်နှယ် အဆတစ်ရာမျှ ထူထပ်နေ၏။
ရွာဝင်ပေါက်ကို ချဉ်းကပ်လိုက်ရုံဖြင့် ပေါ့ပါးသော ခံစားချက်ကို ခံစားရမည်ဖြစ်သည်။
ဝိညာဥ်စွမ်းအင် နည်းပါးသည့် ကမ္ဘာခြားဂိတ်၏ ပတ်ဝန်းကျင်တွင် ဤရွာကလေးမှာ ကန္တာရထဲမှ အိုအေစစ် တစ်ခုလိုပင်။
ဒါတင်မကသေးဘဲ ရွာထဲတွင် ဝိညာဥ်မြက်ပင် အမျိုးမျိုးနှင့် အပင်တွေ အများကြီး ရှိသေးမှန်း ရှေးဟောင်း စာအုပ်ကြီးက မြင်ခဲ့ရသည်။
ဤဝိညာဥ်မြက်ပင်နှင့် သစ်ပင်များက သန့်ရှင်းသော ပတ်ဝန်းကျင်ကို မှီခိုအားထားရသော မျိုးများ ဖြစ်သည်။
နတ်ဆိုးချီများဖြင့် ပြည့်နှက်နေသော ကမ္ဘာခြားဂိတ်၏ အလွန်ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် ၎င်းတို့အနေဖြင့် အသက်ရှင် ရပ်တည်ရန် မဖြစ်နိုင်ပေ။
"စီနီယာအစ်ကို ကြည့်စမ်းပါဦး..."
တာအိုဆရာ တောက်တိက လက်ချောင်းတစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး ၎င်းတို့ပတ်ဝန်းကျင်ရှိ နတ်ဆိုးချီ အနည်းငယ်ကို လေထဲမှ ဆွဲယူလိုက်ရာ နတ်ဆိုးချီက သူ၏ လက်ချောင်းထိပ်တွင် ခရမ်းရောင်ဝိညာဉ် အလင်းတန်း အဖြစ် ပြောင်းလဲသွားခဲ့သည်။
ရွာကို လက်ညိုးထိုးလိုက်သည်နှင့် တစ်ပြိုင်နက် ဤနတ်ဆိုးချီက မျက်စိတစ်မှိတ်အတွင်း အမှန်တကယ်ပင် ပြိုကွဲသွားခဲ့၏။
"ကြည့်ရတာ ဒီရွာတစ်ဝိုက်မှာ နတ်ဆိုးချီ လုံးဝ မထိုးဖောက်နိုင်တဲ့ သဘာဝ အတားအဆီး တစ်ခုကို ဖန်တီးထားပုံပဲ.. ဒီအတိုင်းဆို ဒီရွာက နတ်ဆိုးတွေရဲ့ တိုက်ခိုက်ခံရမှာကိုတောင် စိုးရိမ်စရာ မလိုဘူး.. နတ်ဆိုးသားရဲတွေက နတ်ဆိုးချီရဲ့အကူအညီနဲ့ သားကောင်ကို လိုက်ရှာကြလေ့ရှိတယ်.. ရွာကိုနတ်ဆိုးချီနဲ့ ဖြတ်တောက် ထားတာကြောင့် နတ်ဆိုးတွေ လုံးဝဝင်ရောက်နိုင်မှာ မဟုတ်ဘူး"
ဤစကားကို ပြောရင်း နှစ်ဦးစလုံး၏ မျက်နှာပေါ်တွင် အံ့အားသင့်နေသော အမူအရာများ ရှိနေသည်။
ဆိုရလျှင် ဤရွာက ကမ္ဘာခြား ဂိတ်ပေါက် အတွင်းမှ စိတ်ကူးယဉ်လောက နှင့် ဆင်တူသည်။
ယင်းအချိန်တွင် ဝါးခြင်းတောင်းကို ထမ်းလာသည့် လူတစ်ယောက်က သူတို့ကို ရုတ်တရက် လှမ်းမြင်သွားခဲ့သည်။
"လူသားကျင့်ကြံသူတွေလား"
ထိုလူက သူတို့ကိုတွေ့လျှင် အံ့ဩသွားဟန် ရှိသော်လည်း ကြောက်ရွံ့သည့် လက္ခဏာတော့ မပြပေ။
သူတို့နှစ်ဦး ဘာမှ ပြန်မဖြေသောကြောင့် ရွာသားက စိတ်ပူစွာ ပြောလိုက်သည်။
"အဲဒီမှာ ရပ်မနေပါနဲ့.. ရွာထဲမြန်မြန်ဝင်.. အပြင်မှာနေရင် နတ်ဆိုးတွေက မင်းတို့ကို အာရုံခံမိသွားလိမ့်မယ်"
ထိုစကားကို ပြောပြီးနောက် ရွာသားက ရွာဝင်ပေါက်ရှိ အရာဝတ္ထု တစ်ခုကို ညွှန်ပြလိုက်သည်။
"ဒီကျောက်ရုပ်တုကိုတွေ့လား.. ဒါက နယ်နိမိတ်မျဉ်းပဲ"
ထိုစကားကို ကြားပြီးနောက် သူတို့နှစ်ဦးက လန့်ဖျပ်သွားပြီး ရွာထဲသို့ ကမန်းကတန်း ဝင်ရောက်လိုက်ကြသည်။
ရွာသားက ရယ်မော၍ မေးလိုက်၏။
"မင်းတို့တွေ သိဒ္ဓိရေစင် အတွက် ဒီကိုလာခဲ့တာလား"
သူတို့သည် တစ်ဖန် အံ့အားသင့်သွားပြန်သည်။
ရှေးဟောင်း စာအုပ်ကြီးက ခေါင်းညိတ်ပြလိုက်သည်။
"ဟုတ်ပါတယ်"
ရွာသားက သက်ပြင်းချလိုက်သည်။
"သိဒ္ဓိရေစင်ကို လာရှာတာ မင်းတို့က ပထမဆုံး မဟုတ်ပါဘူး...ဘာပဲဖြစ်ဖြစ် ငါတို့ရွာကို ရှာနိုင်တယ် ဆိုမှတော့ မင်းတို့က ထူးခြားတဲ့ အရည်အချင်းရှိတဲ့သူတွေပဲ ဖြစ်ရမယ်.. သိဒ္ဓိရေစင်ကို လိုချင်ရင်တော့ ငါတို့ ရွာသူကြီးနဲ့ အရင်တွေ့ရမယ်"
"ရွာသူကြီးက လောလောဆယ် အလုပ်ရှုပ်နေတော့ မင်းတို့တွေ ငါ့နေရာဆီ အရင်လိုက်လာလို့ ဖြစ်မလား"
တာအိုဆရာတောက်တိ "ငါတို့လိုက်လာရင် ရောင်းရင်းအတွက် အဆင်ပြေရဲ့လား"
ရွာသားက ပြုံးပြုံးလေး ပြန်ပြောလိုက်သည်။
"အဆင်ပြေပါတယ်.. မင်းတို့က ငါတို့ရဲ့ ဖောက်သည်တွေပဲလေ.. ငါတို့ရဲ့ အကြီးအကဲက ဖောက်သည်တွေကို နတ်ဘုရားလို ဆက်ဆံရမယ်လို့ မှာထားတယ်"
လမ်းတစ်လျှောက်တွင် ရွာသူရွာသားများက သူတို့နောက်မှ လိုက်လာကြသည်။
သူတို့က ရွာသားများစွာ၏ ဧည့်ဝတ်ကျေပွန်သော အကြည့်များကို သတိပြုမိခဲ့ကြသည်။
ရှေးဟောင်းစာအုပ်ကြီးက မေးလိုက်သည်။
"ဒီမှာနေတဲ့သူတွေများလား"
"များတယ်လို့ပဲ ပြောရမယ်.. အများစုက ဂိတ်အတွင်းမှာ ပိတ်မိပြီး အပြင် မထွက်နိုင်တဲ့ ကျင့်ကြံသူတွေပဲ"
တာအိုဆရာတောက်တိ "ဒါဆို မင်းတို့တွေ ဒီမှာပုံမှန်ဆို ဘာတွေ လုပ်ကိုင်ကြလဲ"
ရွာသားက ပြန်မဖြေခင် ခဏလောက် စဉ်းစားခဲ့သည်။
"ငါတို့ရွာသားတွေက ဖရဲစိုက်တယ်၊ ဝိညာဥ် မြက်ခင်းတွေ စိုက်တယ်.. ဒါပေမယ့် ငါတို့ရဲ့ အဓိကလုပ်ငန်းက သိဒ္ဓိရေစင် ရောင်းတဲ့အလုပ်ပဲ.. တစ်ခါတစ်လေဆို ဆိုရှယ်လစ်အယူအဆကို ကျင့်သုံးတဲ့အနေနဲ့ တစ်ရွာလုံး သိုးမွှေးထိုးလေ့ ရှိကြတယ်"
ရှေးဟောင်း စာအုပ်ကြီး "............."
တာအိုဆရာတောက်တိ "............"
ဆိုရှယ်လစ်ခေတ်တွင် နိုင်ငံတစ်ဝှမ်း သိုးမွှေးထိုးသော အလေ့အထ တစ်ခု ပေါ်ပေါက်ခဲ့ဖူးသည်။
အပိုင်း(၃၆၂) ပြီး၏