အခြေခံ တည်ထောင်ခြင်းအဆင့်မှ ရွှေအမြူတေ အဆင့်အထိလျှောက်ရသောလမ်းမှာ အလွန် ရှည်လျားသောလမ်း ဖြစ်သည်။
တစ်နေ့တွင် သင့်ရှေ့မှောက်၌ ဤကဲ့သို့ အခွင့်အရေးမျိုး ရခဲ့လျှင် အသီးကို စားဖို့သာ လိုအပ်ပြီး သင်၏ ခွန်အားများလည်း တဖြည်းဖြည်း တိုးတက်လာလိမ့်မည်။
တိုတောင်းသော ရက်အနည်းငယ်အတွင်း သင်က သာလွန်စွမ်းအားကို ရရှိပြီး ရွှေအမြူတေ အဆင့်ကို တစ်ကြိမ်တည်း ဖြတ်ကျော်သွားနိုင်မည် ဖြစ်ပြီး မြင့်မားသောနယ်ပယ် အထိပင် အဆင့်တက်သွားပေလိမ့်မည်။
အကယ်၍ ထိုသို့ လုပ်ဆောင်ရာတွင် အန္တရာယ်မရှိဟု သိလျှင် အများစုမှာ နှစ်ခါမတွေးဘဲ စားရန် ရွေးချယ်မည်ဟု ဝမ်လင်း ခံစားရသည်။
သို့သော် ယခုအချိန်ထိ အသီး၏ ဘေးထွက်ဆိုးကျိုးကို မည်သူမျှ မသိကြသေးပေ။
အသီးကို စားမည့် ကျောင်းသားတချို့ ရှိကောင်းရှိနိုင်သော်လည်း ချက်ဂရု မှတ်တမ်းများအရ အတန်းထဲရှိ လူအများစုမှာ ဆင်ခြင်တုံတရားများ ရှိနေကြသေးသည်။
ရှောင်ယွင်ချမ်း၏ ဖြစ်ရပ်က စင်စစ် ၎င်းတို့အပေါ် သက်ရောက်မှု မရှိခဲ့ပေ။
ဆိုရလျှင် ကျင့်ကြံရာ၌ ဖြတ်လမ်းမရှိသလို အသီးများလည်း ကောင်းကင်မှ အလကား ကျမလာတတ်ပေ။
ယင်းက ရွှေကုံးဂိုဏ်း၏ အမှားဟု ယူဆ၍မရချေ။
ကျောင်းသားအများစုက ဆင်ခြင်တုံတရား ရှိသော်လည်း အသီးအနှံကို ရွေးချယ်စားမည့် ကျောင်းသားများလည်း ရှိလောက်၏။
ရွှေကုံးဂိုဏ်းအတွက်မူ အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းသားတစ်ယောက် အသီးအနှံကို စားနေသရွေ့ ၎င်းတို့၏ အစီအစဉ်က အောင်မြင်သည်ဟု ယူဆနိုင်ပေသည်။
ဤအဖြစ်အပျက်က လျင်မြန်စွာ လှုံ့ဆော်ခဲ့ပြီး မီဒီယာတစ်ခုလုံးကို ပွက်လောရိုက်စေခဲ့သည်။
အသီးတွင် ချို့ယွင်းချက်ရှိမရှိ မသိသောကြောင့် ကျောင်းပေါင်း 100 အထွေထွေအုပ်ချုပ်ရေးမှ အမှတ် 60 အထက်တန်းကျောင်းမှ ဆရာ၊ဆရာမများအား အသီးများကို တစ်အိမ်တက်ဆင်း သွား၍ သိမ်းဆည်းရန် အကြောင်းကြားစာ ထုတ်ပြန်ခဲ့သည်။
ထို့နောက် အသီးစားပြီးသော ကျောင်းသားများကို ဆေးရုံသို့ ပို့ဆောင်၍ အလုံးစုံစစ်ဆေးရန် ညွှန်ကြားခဲ့သည်။
ဝမ်လင်းက ဗုံးပစ်စီနီယာ အင်မော်တယ်၏ ကျင့်ကြံရေးဖိုရမ်တွင် ပို့စ်တစ်ခုကို သတိပြုမိလိုက်သည်။
ထိုပို့စ်အောက်တွင် ထင်မြင်ချက် အမျိုးမျိုးကို တွေ့ရသည်။
မေးခွန်း-
"ရွှေကုံးဂိုဏ်းက အသီးတွေကို လက်ခံရရှိတဲ့ အမှတ် 60 အထက်တန်းကျောင်းကိစ္စကို ဘယ်လိုမြင်ပါသလဲ.. ကျင့်ကြံခြင်းမှာ ဖြတ်လမ်း အမှန်တကယ်ရှိပါသလား.. ဒါက လှည့်စားတယ်လို့ရော ယူဆနိုင်လား"
ဖြေကြားသူမှာ ဖိုရမ်တွင် အလွန်ဗဟုသုတရှိပြီး အတွေ့အကြုံကြွယ်ဝသော ဆရာတော် ကျစ်ချူး ဖြစ်သည်။
ချက်ဂရုအဖွဲ့ကို စတင်ဖွဲ့စည်းစဉ်က ဗုံးပစ်စီနီယာ အင်မော်တယ်မှာ အမှန်တကယ်ပင် ဤဆရာတော်ကြီးအား ပုဂ္ဂိုလ်ရေးအရ ဖိတ်ခေါ်ခဲ့သော်လည်း ဆရာတော်က ငြင်းပယ်ခဲ့သည်။
စီနီယာ အင်မော်တယ်၏ အဆိုအရ ဆရာတော်က လောကီလမ်းစဉ်များကို စွန့်ပယ်ထားသည့် သူတော်စင် တစ်ဦး ဖြစ်သည်။
သူ လေ့လာလိုက်စားခဲ့သည့်အရာမှာ ဝိညာဉ်များနှင့် စိတ်အာရုံကြားက ဆက်စပ်မှု ဖြစ်သည်။
ထို့ကြောင့် သူက လူအများ၏ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုကို ဖြေရှင်းသည့် ကျင့်ကြံခြင်း ဆွေးနွေးပွဲ ဖိုရမ်တွင် မကြာခဏဆိုသလို ဝင်ပါရင်း ထင်ရှားလာခဲ့သည်။
ဤမေးခွန်းကို ကျင့်ကြံခြင်း ဖိုရမ်တွင် ညနေခြောက်နာရီ၌ အွန်လိုင်းအသုံးပြုသူ တစ်ဦးမှ ပို့စ်တင်ခဲ့ပြီး ဆရာတော် ကျစ်ချူးက လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။
မူရင်းပို့စ်၏ ပြန်စာကဏ္ဍတွင် ဆရာတော်ကျစ်ချူးက သူရိုက်ကူးထားသည့် ဗီဒီယိုအတိုကို လျင်မြန်စွာတင်လိုက်သည်။
ဗီဒီယိုထဲတွင် ဆရာတော်က နာမည်ကျော် ရှုခင်းပန်းချီကို သရုပ်ဖော်ထားသည့် စာလိပ်တစ်လိပ်ကို ဖြန့်၍ ကိုင်ထားသည်။
ဝမ်လင်းက ပန်းချီကားလိပ်၏ အပေါ်ပိုင်းတွင် ရေးထားသော စာသားကို ရှင်းရှင်းလင်းလင်း မြင်နိုင်ခဲ့သည်။
"အရှေ့ခြံစည်းရိုးအောက်က ဂန္ဓမာပင်တွေကို ကောက်ကိုင်ရင်း တောင်ပိုင်းက တောင်တန်းတွေကို ငေးကြည့်နေမိတယ်"
ထို့နောက် ဆရာတော်ကျစ်ချူးက ပန်းချီကားလိပ်ကို လိပ်၍ နံရံတွင် ချိတ်ဆွဲထားလိုက်သည်။
ကြည့်ရှုသူများက ဗီဒီယိုကို ကြည့်ရှုစဉ်တွင် မက်ဆေ့ချ်များ ပေးပို့နိုင်သဖြင့် ယခုအခါတွင် မက်ဆေ့ချ်များမှာ မရေမတွက်နိုင်အောင် ဖြစ်နေသည်။
"ဆရာတော်ကျစ်ချူးက ဒီပန်းချီကားလိပ်ကို ဘာလို့ ငါတို့ကို ပြနေတာလဲဆိုတာ တစ်ယောက်ယောက် သိလား"
"အဖြေကို ပန်းချီကားလိပ်ထဲက ဂန္ဓမာပင်ထဲမှာများ ဝှက်ထားတာလား"
"ငါတို့ဆွေးနွေးနေတဲ့ ကိစ္စကို ဆရာတော်ရဲ့ပန်းချီက ကိုယ်စားပြုနေတာလား"
"ဆရာတော်က ညွှန်ပြမယ်ဆိုရင် ငါတို့က တန်ဖိုးထားရလိမ့်မယ်"
မက်ဆေ့ချ်များ ဖန်သားပြင်ပေါ်တွင် ပျံဝဲနေစဥ် ဝမ်လင်းက ဆရာတော်ကြီး ကျစ်ဟူ၏ ညာဖက်လက် လှုပ်ရှားသွားသည်ကို တွေ့လိုက်ရ၏။
ထိုခဏမှာပင် ဆရာတော်၏ ဗုဒ္ဓဘာသာ သင်္ကန်းအောက်ကနေ အကန့်အသတ်မဲ့ ရွှေရောင်အလင်းတန်း တစ်ခု တောက်ပလာခဲ့သည်။
တစ်စုံတစ်ယောက်က မက်ဆေ့ဂျ်ကို ပို့လိုက်သည်။
"ဒါက ဆရာတော်ကြီး ကျစ်ချူးရဲ့ နာမည်ကျော် နေမင်းဗာဂျရာလက်ဝါးပဲ"
ဤလက်ဝါးနည်းစနစ်ကို အသုံးပြုလျှင် တောက်ပသောနေမင်းကဲ့သို့ ပြင်းပြသော အလင်းရောင်ကို ထုတ်ပေးနိုင်သည်ဟု ကောလဟာလ ရှိခဲ့သည်။
၎င်းက လူတိုင်းကို အံ့အားသင့်စေခဲ့သည်။
ဗီဒီယိုထဲတွင် တောက်ပနေသည့် အလင်းတန်းတစ်ခုကို သူတို့အားလုံး မြင်လိုက်ရပြီးနောက် ကျယ်လောင်သော ပေါက်ကွဲသံကို ကြားလိုက်ရ၏။
အလင်းရောင် လွင့်စင်သွားသည်နှင့် အမျှ ရှုခင်းပန်းချီချိတ်ဆွဲထားသည့် နံရံက လုံး၀ပျက်စီးနေပြီး လေထဲတွင် ပြန့်ကျဲနေသော ဖုန်မှုန့်များ အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
"ဆရာတော် ကျစ်ချူး ဆိုလိုချင်တဲ့ အဓိပ္ပါယ်က ဘာလဲ"
"လူတိုင်း စခရင်ကို သေချာအာရုံစိုက်ပြီး ဆရာတော် ရှင်းပြတာကို နားထောင်ပါ"
တစ်ချိန်တည်းမှာပင် မက်ဆေ့ချ်များ ပိုမိုများပြားလာသည်။
နံရံကို ဖျက်ဆီးပြီးနောက် ဆရာတော်ကျစ်ချူးက ကင်မရာဘက်သို့ ဖြည်းညှင်းစွာ လှည့်၍ လက်အုပ်ချီလိုက်သည်။
"အော်မီသောဖော.. ကောင်းလေစွ.. ကောင်းလေစွ.. ကျင့်ကြံမှုမှာ ဖြတ်လမ်းဆိုတာ တစ်ခါမှ မရှိခဲ့ဖူးဘူး.. ဒီဆရာတော်က လိမ်လည်လှည့်ဖြားသူတွေ အတွက် ကောင်းမွန်တဲ့အဆုံးသတ် မရှိဘူးလို့ ပြခဲ့တာပါ"
လူတိုင်း "............"
ဝမ်လင်း "..........."
........................
ကျောင်းဆင်းချိန်ကနေ ည၈နာရီ အထိ ဤသစ်သီး အဖြစ်အပျက်က အွန်လိုင်းမှာ ဟော့သတင်း ဖြစ်နေသည်။
အမှတ် ၆၀ အထက်တန်းကျောင်းမှ ကျောင်းသားတိုင်းနီးပါးမှာ ရွှေကုံးဂိုဏ်း၏ သစ်သီးဝေငှမှုကို လက်ခံရရှိခဲ့ကြသည်။
ထို့အပြင် သစ်သီးများကို အမှတ် 60 အထက်တန်းကျောင်းကိုသာ ဝေထားခြင်း ဖြစ်သည်။
ယင်းက ကျောင်းကို ပစ်မှတ်ထားသည့် လက်စားချေ စစ်ဆင်ရေး တစ်ခုမှန်း သံသယဖြစ်စရာ မရှိပေ။
ဆရာဝမ်က တာအိုဆရာ တောက်တိ၏ မွေးစားသား ဘလက်ဂါ့ဇ်ကို မှားယွင်းသတ်မိခဲ့သည်။
ယခုအခါတွင် တောက်တိက သူ့မွေးစားသား အတွက် လက်စားချေရန် အမှတ် 60 အထက်တန်းကျောင်းမှ ကျောင်းသား အားလုံးကို သတ်ပစ်ချင်နေ၏။
တောက်တိက ဆရာဝမ် အပေါ်တွင် ဤမျှ အငြိုးကြီးလိမ့်မည်ဟု ဝမ်လင်း မထင်ခဲ့ပေ။
ဇာတ်လမ်း အပြည့်အစုံကို မသိသည့် ကျိုးရီကမူ အသီးစားမိသည့် ကျောင်းသားများကြောင့် ခေါင်းကြီးနေသည်။
စုန့်ဟိုင်မြို့တွင် ကြီးကြီးမားမား ကိစ္စတစ်ခုခု ကြုံတိုင်း အမှတ် 60 အထက်တန်းကျောင်းမှာ ကန့်လန့်ပါနေတတ်သည်။
ထိုအချိန်တွင် ဝမ်လင်းက ကျိုးရီဆီမှ မက်ဆေ့ချ်တစ်စောင်ကို ရရှိခဲ့၏။
"ကူညီပါဦးဆရာ"
"............"
..........................
ဝမ်လင်းက အဖြေကို အမှန်တကယ် တွေးမိခဲ့သော်လည်း ၎င်းက အလုပ်ဖြစ်မဖြစ် တပ်အပ်မသိပေ။
သူက လူတစ်ယောက်ကို ဖုန်းခေါ်ဖို့ စဉ်းစားနေချိန်မှာပင် ထိုလူက သူ့ဆီ ချက်ချင်း ဖုန်းခေါ်လာသည်။
"မင်္ဂလာပါ ညီနောင်လင်း.. သတင်းကိုကြည့်ပြီးပြီလား"
ဗုံးပစ်စီနီယာ အင်မော်တယ်၏ အသံက ဖုန်းထဲမှ ထွက်လာသည်။
"ဒီသစ်သီးကို စားမိတဲ့ ကျောင်းသားတွေ ရှိတယ်ဆိုတာ ငါသေချာပြောရဲတယ်.. လက်ရှိ အခြေအနေကို ကြည့်လိုက်ရင် ဒီအသီးက သူတို့ရဲ့ ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ် စွမ်းအားတွေကို လှုံ့ဆော်နေလောက်ပြီ"
ထိုစကားကို ပြောရင်း ဗုံးပစ်စီနီယာ အင်မော်တယ်က ဝမ်လင်းနှင့် တူညီသော အတွေးကို တွေးမိခဲ့သည်။
အင်မော်တယ် စံအိမ်သခင် ကျန်ရစ်ခဲ့သော ကောင်းကင်သတ္တုဓားလက်နက်..
ဗုံးပစ်စီနီယာအင်မော်တယ် "ညီနောင်ဖန့်ရှင်းက သတိပြန်ရလာခဲ့ပြီ.. ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး ပိုကောင်းတဲ့ အကြံဥာဏ်တစ်ခု ရဖို့အတွက် သူ့ကို ဖုန်းခေါ်လိုက်တယ်.. သူ့အပြောအရတော့ ကောင်းကင်သတ္တုဓားနဲ့ ထိလိုက်တာနဲ့ သူ့ဝိညာဉ်စွမ်းအင်တွေ အဆက်မပြတ် ကျဆင်းသွားတယ်လို့ သိရတယ်"
ဝမ်လင်း ခေါင်းညိတ်လိုက်သည်။
ဤသည်မှာ ဓါးထဲရှိ "ဝမ်လင်းဆန့်ကျင်ရေးပစ္စည်း"မှ ထုတ်လွှတ်သော သက်ရောက်မှု ဖြစ်ကြောင်း သူသိသည်။
ဗုံးပစ်စီနီယာ အင်မော်တယ်က သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒီပြဿနာကို ဖြေရှင်းဖို့ တခြားနည်းလမ်း မရှိတော့ဘူး.. ငါတို့က ကောင်းကင်သတ္တုဓားကို ကိုင်ပြီး ကျောင်းသားတစ်ဦးစီကို ဓားနဲ့လိုက်ထိုးမှပဲ ဖြစ်နိုင်လိမ့်မယ်"
"............."
ဤနည်းလမ်းက အနည်းငယ် ရက်စက်ပုံရသော်လည်း တကယ်တမ်းတွင် ယင်းက ဝမ်လင်း၏ ကိုယ်ပိုင်အစီအစဉ်နှင့် အတူတူပင် ဖြစ်၏။
အပိုင်း(၃၄၂) ပြီး၏