"နောက်တော့ သူက ငါနဲ့ ဆွေးနွေးတယ်.. မင်းကို ဂရုစိုက်ဖို့နဲ့ အချိန်ပြည့် အိမ်ရှင်မ တစ်ယောက် ဖြစ်လာဖို့အတွက် စာရေးတာကို ရပ်နားလိုက်တယ်"
ဖေဖေဝမ်က ပါးစပ်ထဲတွင် စီးကရက်ခဲ၍ ဆိုဖာပေါ် မှီနေသေးသော်လည်း သူ့မျက်လုံးထဲတွင် မှုန်ကုပ်ကုပ် အမူအရာများ ပျောက်ကွယ်သွားကာ လှပသော အမှတ်တရများကို ပြန်လည်သတိရသည့် ပျော်ရွှင်မှုဖြင့် အစားထိုးလာသည်။
ဝမ်လင်းက သေသေချာချာ စဉ်းစားပြီးနောက် သူ့ဖခင်အနေဖြင့် သူ့အမေ၏ အတိတ်အကြောင်း ပြောသည်ကို ပထမဆုံးအကြိမ် ကြားရခြင်း ဖြစ်သည်ဟု ခံစားခဲ့ရသည်။
မေမေဝမ်က သူ့ကို မမွေးခင် ဝတ္ထုတွေ ရေးလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ပေ။
ထို့အပြင် သူမ၏ အရေးအသားက အလွန်ကောင်းမွန်သည်ဟု သိရသည်။
"စာအုပ်နာမည်က ဘာလဲ"
သူက သိချင်စိတ်ပြင်းပြစွာဖြင့် စိတ်ချင်းဆက်သွယ်၍ မေးလိုက်သည်။
ဖေဖေဝမ်က မေးစေ့ကို ပွတ်သပ်ပြီး ခဏလောက် စဉ်းစားလိုက်သည်။
"အဲဒီတုန်းက မင်းအမေရဲ့ ကလောင်နာမည်က 'ယောကျာ်း တစ်ယောက် ဒစ်တစ်ခု'တဲ့.. သူ ထုတ်ဝေခဲ့တဲ့ ဝတ္ထုနာမည်က အင်မော်တယ်တစ်ပိုင်း နွေဦးလေဒီလို့ ခေါ်တယ်.. အဲဒီဝတ္ထုက ကျင့်ကြံခြင်းနဲ့ဆိုင်တဲ့ ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းမျိုးပေါ့"
ဝမ်လင်း ".............."
"မမျှော်လင့်ဘဲ ဒီစာအုပ်ကို ထုတ်ဝေပြီးနောက်မှာ ရောင်းအားကောင်းခဲ့ပေမယ့် စာဖတ်သူ တော်တော်များများက မင်းအမေရဲ့ ကလောင်နာမည်နဲ့ ပတ်သက်ပြီး ထုတ်ဝေရေးဌာနကို တိုင်ကြားစာပို့ခဲ့တယ်"
"အဲဒီနောက်မှာတော့ မင်းအမေက သူ့စာအုပ်အသစ် မရေးခင်မှာ ကလောင်နာမည်ကို အသစ်ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်.. ဒါပေမယ့် စာအုပ်ရဲ့ အဓိက ဖရိန်တွေကို ချပြီးတာတောင်မှ သူမရဲ့ ကလောင်နာမည် အသစ်က ဘာလည်းဆိုတာ ငါ့ကိုမပြောပြခဲ့ဘူး.. အဲဒါက ကျင့်ကြံခြင်းနဲ့ ပတ်သက်တဲ့ ဝတ္ထုတစ်ပုဒ်ဖြစ်မယ်လို့ ငါထင်တယ်.."
ထိုစကားကို ပြောရင်း ဖေဖေဝမ်က ပြာခွက်ထဲသို့ စီးကရက်ပြာ ချွေချလိုက်ကာ ပြုံးလိုက်သည်။
"မင်း ဒီကိစ္စကို သိချင်ရင် မင်လေးဆီ မေးကြည့်လေ.. သူသိလိမ့်မယ်လို့ ငါထင်တယ်
ဝမ်လင်း "...???..."
ဖေဖေဝမ် "အချိန်ဆေးတောင့် ဆိုတာကို ကြားဖူးလား"
"မင်းအမေက စာရေးတာကို ရပ်နားဖို့ ဆုံးဖြတ်လိုက်စဥ်က သူ့ရဲ့ စာမူအားလုံးကို မင်လေးဆီ ပေးလိုက်တယ်.. မင်လေးက မင်းအမေစာမူကို အချိန်ဆေးတောင့်ထဲမှာ သိမ်းထားခဲ့တယ်"
"အဲဒီတုန်းက မင်းအမေရေးခဲ့တဲ့ စာရွက်တွေက အရမ်းကြမ်းတယ်.. မင်လေး အပြောအရတော့ ဒီနည်းလမ်းကပဲ စာရွက်ကို မပျက်စီးအောင် ကာကွယ်နိုင်တယ်လို့ သိရတယ်.. မင်လေးကတော့ မင်းအမေရဲ့ စာမူတွေကို ဖတ်ဖြစ်မယ်လို့ ထင်တယ်"
ထိုစကားကိုကြားလျှင် ဝမ်လင်းက နှုတ်ခမ်းများ တုန်ရီလာသည်။
သူ့အမေစာမူကို သူတောင် မဖတ်ရသေးဘဲ တခြားသူက ဖတ်သွားခဲ့သည် မဟုတ်လော။
ဝမ်မင်က အမှန်တကယ် ဖတ်ဖြစ်မည်မှာ သေချာ၏။
အဘယ်ကြောင့်ဆိုသော် ဝမ်မင်က ဝတ္ထုဖတ်ခြင်းကို အလွန် နှစ်သက်သူ ဖြစ်သောကြောင့်ပင်။
သူက မကျင့်ကြံနိုင်သော်လည်း ကျင့်ကြံခြင်း ဝတ္ထုထဲမှ ဇာတ်ကောင်လို မကြာခဏ တုပပြီး အရူးထတတ်၏။
ဝမ်လင်းက မေမေဝမ်နှင့် ပတ်သက်ပြီး စူးစမ်းလိုစိတ် နိုးကြားလာသည်။
ဝမ်မင် ရောက်လာမှ အပေါ်ထပ်သို့ ဆွဲခေါ်ပြီး ထိုအကြောင်းကို မေးမည်ဟု ဆုံးဖြတ်လိုက်၏။
မေမေဝမ်၏ ထုတ်ဝေမှုမလုပ်ရသေးသောဝတ္ထုကို သူ အမှန်တကယ် စိတ်ဝင်စားမိသည်။
ထိုကိစ္စကို တွေးနေရင်း အိမ်ရှေ့တံခါးဖွင့်သံကို ကြားလိုက်ရသည်။
သူ့မျက်လုံးထောင့်ကနေ လှမ်းကြည့်လိုက်ရာ လဲ့မုန့်မုန့်က အိမ်ထဲသို့ လွယ်လင့်တကူ ဝင်လာသည်ကို မြင်လိုက်ရ၏။
ဝမ်မိသားစု အိမ်ငယ်လေးတွင် လက်ဗွေရာစနစ်ကို အသုံးပြုထားပြီး ဖေဖေဝမ်၏ သီးသန့် တည်းဖြတ်တာဝန်ခံ ဖြစ်သည့်လဲ့မုန့်မုန့်၏ လက်ဗွေကို လွန်ခဲ့သည့် နှစ်ပတ်ခန့်ကစပြီး ဖေဖေဝမ်က တံခါး၏ စနစ်အတွင်းသို့ ထည့်သွင်းခဲ့သည်။
ဖေဖေဝမ်က ယနေ့အထိ သူ့ဝတ္ထုကို အပ်ဒိတ် မတင်ရသေးသောကြောင့် လဲ့မုန့်မုန့် လာရသည့် အကြောင်းရင်းကို ခန့်မှန်းရန်မှာ ဝမ်လင်းအတွက် လွယ်ကူသွားသည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဝဘ်ဝတ္ထု စာရေးဆရာများသည် အပ်ဒိတ်တင်ဖို့ တိုက်တွန်းရန်အတွက် ၎င်းတို့၏ တာဝန်ခံအယ်ဒီတာများက အထူးလာရောက်လည်ပတ်ခြင်းကို မနှစ်သက်ကြပေ။
"မင်္ဂလာပါဝမ်လင်း.. မင်းအိမ်မှာရှိနေတာကိုး"
လဲ့မုန့်မုန့်က သူ့ကို ပြုံးပြ၍ နှုတ်ဆက်ရင်း ဖေဖေဝမ်ကို အားကိုးတကြီး စိုက်ကြည့်လိုက်၏။
သူ့မျက်နှာက ချက်ချင်းပင် မှိုင်ခနဲ ဖြစ်သွားသည်။
"ညီနောင်ဝမ်.. မင်းဒီနေ့ အပ်ဒိတ် မတင်တာ ဘာကြောင့်လဲ.. မင်းလက်ထဲမှာ စာမူတွေ အများအပြား ရှိနေတယ် မဟုတ်လား"
ဖေဖေဝမ်က ကော်ဖီကို အလျင်စလို ငုံ့သောက်၍ ပြန်ဖြေလိုက်သည်။
"ငါအကုန်တင်ချလိုက်ပြီ"
လဲ့မုန့်မုန့်၏ ပါးစပ်ထောင့်များ တလှုပ်လှုပ် ဖြစ်သွားသည်။
"ငါအမှတ်မမှားဘူးဆိုရင် မင်းကြိုရေးထားတဲ့ စာလုံးအရေအတွက်က နှစ်သိန်းတောင်လေ"
ဖေဖေဝမ် "အင်း.. အားလုံး တင်ပြီးသွားပြီ"
လဲ့မုန့်မုန့် ".............."
ဖေဖေဝမ် သက်ပြင်းချလိုက်သည်။
"မကြာသေးမီကပဲ ငါအခန်းအသစ်တွေ တင်တိုင်း HNY တစ်သောင်းဆုချမယ်လို့ စာဖတ်ပရိသတ် တစ်ဦးက ပြောခဲ့တယ်.. ငါလည်း မအောင့်အီးနိုင်တော့ဘဲ ကြိုရေးထားတာ အားလုံးကို တစ်ပြိုင်ထဲ တင်ချလိုက်တယ်"
လဲ့မုန့်မုန့် သူ့မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်သည်။
"ညီနောင်ဝမ်.. ကိုယ့်ကိုကိုယ် ထိန်းချုပ်ပါ.. မြန်မြန်ပြီးအောင် လုပ်တာက မကောင်းဘူးလေ"
ဖေဖေဝမ်နှင့် ဝမ်လင်း "..."
[မင်းစကားက ညစ်ညစ်ပတ်ပတ်ကြီး]
လဲ့မုန့်မုန့် "အပေါ်ထပ်ကိုသွားရအောင်.. ကျန်တဲ့ ဇာတ်ကွက်တွေကို ငါကူညီဖြေရှင်းပေးမယ်"
ဖေဖေဝမ်က ခေါင်းခါလိုက်သည်။
"အခုက ဇာတ်ကွက်နဲ့ မဆိုင်ဘူး.. ဝတ္ထုမှာ ဇာတ်ကောင်အသစ်တစ်ခု ထပ်ထည့်လိုက်ပေမဲ့ အဲဒီဇာတ်ကောင်ကို ဘယ်လို ပုံဖော်ရမလဲဆိုတာ ငါစဥ်းစားမရဘူး ဖြစ်နေတယ်.. အကောင်းဆုံးကတော့ အဲဒါကို အကောင်အထည်ဖော်ဖို့ တစ်ယောက်ယောက်ကို ရှာဖို့ပါပဲ.. ထုံးစံအတိုင်း လိုအပ်တာတွေတော့ အကုန်ပြင်ဆင်ပြီးပြီ”
"ဇာတ်ကောင်အသစ်လား"
လဲ့မုန့်မုန့်က သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး ခဏအကြာတွင် ခေါင်းညိတ်လိုက်သည်။
"ဒါဆို ငါက မင်းကို ထုံးစံအတိုင်း သရုပ်ဖော်ပေးမယ်လေ.. ဇာတ်ကောင်ရဲ့ ပုံစံက ဘယ်လိုလဲ"
ဖေဖေဝမ် "ရွှေရောင်ဆံပင်နဲ့ ဂျာမန်သူလေး"
လဲ့မုန််မုန့် ပြုံးလိုက်သည်။
"ကိစ္စမရှိပါဘူး.. ဒါက ၀တ်စုံ ၀တ်ဆင်ရုံပဲဟာ.. ဘယ်လိုပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့ ပထမဆုံး အကြိမ်လည်း မဟုတ်တော့ပါဘူး"
ဝမ်လင်း "............"
ဖေဖေဝမ် "ချောဆီပါ သုတ်ရမှာနော်"
"............"
ဖေဖေဝမ် "ငါ လက်တွေ့အကျဆုံး တုံ့ပြန်မှုကို လိုချင်တယ်.. ဒီနည်းနဲ့ပဲ စာဖတ်သူတွေက စစ်မှန်မှုကို ခံစားရမှာ"
လဲ့မုန့်မုန့်၏ မျက်လုံးများတွင် မျက်ရည်များ စီးကျလာသည်။
"လာစမ်းပါ.. စာပေ အဖွဲ့အစည်း အတွက် ငါ့ကိုယ်ငါ စတေးဖို့ အဆင်သင့်ဖြစ်နေပြီ"
ဝမ်လင်း "............"
[ဒီကစားနည်းက ဘာလဲဟ]
............................
ဖိုးဖိုးဝမ် နှင့် မေမေဝမ်တို့ စျေးဝယ်ရာမှ ပြန်ရောက်မလာမီ နေ့လယ်ပိုင်း၌ ဝမ်မင် ရောက်လာသည်။
ဝမ်လင်းက တံခါးကိုဖွင့်လိုက်ရာ ဝမ်မင်က စိတ်ဓာတ်ကျသော အမူအရာဖြင့် ရပ်နေပြီး သူ့နောက်တွင် ထုံးစအတိုင်း ကျိုက်ယန်က ကပ်၍ ရပ်နေသည်ကို တွေ့လိုက်ရသည်။
ပြီးခဲ့သည့် အကြိမ်တွင် မေမေဝမ် နှင့် ဖိုးဖိုးဝမ်တို့က မီးဖိုချောင်တွင် ချက်ပြုတ်နေသောကြောင့် ဝမ်လင်းက ကျိုက်ယန်ကို အပြင်ဘက်တွင် သော့ခတ်ထားခဲ့သည်အား မသိလိုက်ပေ။
ယခုမူ သူတို့ ပြန်မလာသေးသဖြင့် တံခါးအပြင်ဘက်တွင် ကျိုက်ယန်ကို ချန်ထားရန်မှာ မသင့်တော်ပေ။
ဝမ်လင်းက မကောင်းတတ်၍ ဒေါသတကြီးဖြင့် ဝင်ခွင့်ပြုလိုက်သည်။
အတိအကျပြောရလျှင် ဤသည်မှာ ဝမ်လင်း နှင့် ကျိုက်ယန်၏ ဒုတိယအကြိမ် မျက်နှာချင်းဆိုင် တွေ့ဆုံခြင်းလည်း ဖြစ်သည်။
တစ်နည်းအားဖြင့် ဝမ်မင်က ဝမ်လင်းတို့ကို အလွန်ဆင်တူသည်ဟု ထင်ခဲ့သည်။
သူတို့တွင် တူညီသည့် အေးစက်စက် မျက်နှာပေးမျိုး ရှိကြသည်။
ကွာခြားချက်မှာ ဝမ်လင်းက မွေးရာပါ ဖြစ်ပြီး ကျိုက်ယန်၏ အေးစက်စက် မျက်နှာကမူ သူ၏စိတ်ပျက်ဖွယ် အတွေ့အကြုံများ၏ ရလဒ် ဖြစ်နိုင်သည်။
ဝမ်မင်ကို နောက်ဆုံးအကြိမ် ပြန်ပို့ပြီးနောက်တွင် ကျိုက်ယန်က ဝမ်လင်းကို တိတ်တဆိတ် စုံစမ်းနေခဲ့သော်လည်း ကံမကောင်းစွာဖြင့် သူစစ်ဆေးခဲ့သမျှ အရာအားလုံးမှာ ရေရေရာရာမရှိချေ။
ယခုတစ်ကြိမ်တွင်မူ ဝမ်လင်းက သူ့ကိုယ်ပိုင် အကြောင်းပြချက် ရှိသောကြောင့် ကျိုက်ယန်ကို တိုက်ရိုက်ခွင့်ပြုခဲ့သည်။
ဝမ်မင်အိမ်ထဲ ဝင်လာပြီးသည်နှင့် ဝမ်လင်းက ဝမ်မင် နောက်ကနေ လိုက်ဝင်လာသည့် ကျိုက်ယန်ကို စိုက်ကြည့်လိုက်၏။
ဤအကြည့်ကြောင့် ကျိုက်ယန်က နေရာမှာပင် ချက်ချင်း အေးခဲသလို ခံစားလိုက်ရသည်။
သူက စစ်ပြန်တစ်ဦး ဖြစ်သော်လည်း ဝမ်လင်း၏ လေးနက်သည့် အကြည့်ကြောင့် ထိတ်လန့်သွားကာ အေးစက်စက် ချွေးများပင် ထွက်လာ၏။
သူ့စိတ်ဝိညာဉ်၏ နက်နဲသောနေရာကနေ ကြီးမားသော ဖိအားတချို့ကို ခံစားခဲ့ရသည်။
ယင်းက သတိပေးချက်တစ်ခု ဆိုသည်မှာ သိသာထင်ရှားနေသည်။
ဝမ်မင်က အိမ်ထဲသို့ရောက်လျှင် ကျိုက်ယန်ကို စိုက်ကြည့်လိုက်သည်။
"မင်းငါ့နောက်ကို အပြင်မှာ ဘယ်လိုပဲလိုက်လိုက် ငါ ဂရုမစိုက်ဘူး.. ဒါက ငါ့ညီလေးရဲ့အိမ် ဆိုပေမဲ့ ငါ့အိမ်လိုပဲ.. မင်းဒီမှာ ဒုက္ခပေးဝံ့ရင် ဥက္ကဌချီကို ပြောပြီး အလုပ်ထုတ်ခိုင်းမယ်"
ကျိုက်ယန်၏ မျက်လုံးများက ခံစားချက်များဖြင့် နက်နဲလာသည်။
"တတ်နိုင်ရင် လုပ်ကြည့်လိုက်လေ"
ဝမ်မင်က လက်မှိုင်ချလိုက်သည်။
ကျိုက်ယန်ကို သဘောမကျသော်လည်း အတင်းအကြပ် အမိန့်ပေး၍မရသည်ကို သူမေ့သွားခဲ့သည်။
ထို့နောက်တွင် ဝမ်မင်က ဧည့်ခန်းရှိ ဆိုဖာပေါ်သို့ ကျိုက်ယန်ကိုဆွဲခေါ်လိုက်၏။
"ဒီမှာထိုင်ပါ.. တီဗီကြည့်လို့လည်းရတယ်.. ဒါမှမဟုတ်ရင်လည်း ဒီမှာထိုင်ပြီး ကျင့်ကြံနေလို့ရတယ်.. မင်းသဘောပဲ"
ထိုစကားကိုပြောပြီးနောက် ကျိုက်ယန်ကိုကြည့်ရင်း ရုတ်တရက် သူ့ကိုယ်သူ လိမ္မာပါးနပ်စွာ ပြုံးလိုက်သည်။
"မလှုပ်နဲ့ ဒီမှာပဲနေဦး.. ငါ လိမ္မော်သီးတစ်လုံး သွားယူလိုက်မယ်"
ဝမ်လင်း "..........."
"....?....."
ကျိုက်ယန် မတုံ့ပြန်ခင်မှာပင် ညီအကိုနှစ်ယောက်က အပေါ်ထပ်ကို အမြန် ပြေးတက်သွားကြသည်။
အပိုင်း(၃၃၉) ပြီး၏