shady☆ [julyz] ✔️

By ji__aan

9K 1K 201

You locked me with those starry eyes ever since that day, when I initially started to feel weird, odd, uncomf... More

1
2
3
4
5
6
7
8
9
10
11
12
13
14
15
16
17
18
19
20
21
22
23
24
25
26
27
28
29
announcement 🙌🏻

30 [ FINAL ]

370 32 15
By ji__aan

[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]

suggestion: play the music when the song title was mentioned.



" ကျွန်တော်တို့က လက်ထပ်မယ့် သတို့သားတွေပါနော်။ ဘာလို့ အမြွှာတွေနဲ့ တူအောင်ပြင်ပေးထားရတာလဲ"

ထယ်ရယ့်ရဲ့ အထွန့်တက်စကားသံအား နားနေခန်းထဲမှာ အတူရှိနေသည့် လူတိုင်း ရယ်ကြသည်။

ဘေးနားမှာ ဖုန်းသုံးရင်း နားစွင့်နေတဲ့ ကျန်းဟောက်က နှူတ်ခမ်းထောင့်တစ်ဖက် ကွေးတက်သွားပြီး ထယ်ရယ့်ကို ရယ်ချင်နေဟန်။

မမက အထွန့်တက်တဲ့ ထယ်ရယ့် လက်မောင်းကို တစ်ချက်လှမ်းရိုက်သည်။

" တူအောင်မပြင်ရင် ဟာအို့က နင့်ထက်ပိုချောနေတာကိုး။ မျှမျှတတဖြစ်အောင်လုပ်ပေးထားတာ ကျေးဇူးတင်စမ်းပါ"

အလစ်တိုက်ခိုက်ခံလိုက်ရတဲ့အခါ ကျန်းဟောက်က အသံထွက်ရယ်သည်။ မမနဲ့ သူငယ်ချင်းအရင်းလို ဖြစ်နေတဲ့ ကျန်းဟောက်က လက်ဝါးချင်းရိုက်ပြီး စနောက်မှူကို သဘောတကျနှင့်။

" ထယ်ရယ်ကလည်း မှန်ထဲကိုကြည့်။ ဘယ်မှာ အမြွှာနဲ့ တူလို့လဲ "

အကုန်လုံးဝိုင်းရယ်နေကြတာနဲ့မှ မှန်ထဲကို သေချာကြည့်မိတော့ stylist ဖြစ်တဲ့ မမက သူ့အလုပ်သူ ကောင်းကောင်းလုပ်ထားတာသာဖြစ်၏။

ဒါပေမဲ့ အမြွှာတွေနဲ့ တူနေတုန်းလို့ ထယ်ရယ် စိတ်ထင်နေဆဲ။

အဖြူရောင်အနောက်တိုင်းဝတ်စုံကိုယ်စီမှာ မတူတာဆိုလို့ အိတ်ကပ်ထဲထည့်ထားတဲ့ ပန်းအရောင်ပဲရှိတော့မယ်။
အလိုမကျစွာ မျက်မှောင်ကြုံ့ထားမိတဲ့တိုင် ကြည့်လို့ကောင်းနေတာကိုတော့ ငြင်းမရ။

ဆံပင်က ဘာလို့ အောက်ကိုချထားရတာလဲ။
မိတ်ကပ်က ဘာလို့ ပါးပြင်မှာ ပန်းလိမ္မော်ရောင်သန်းနေရတာလဲ။

ကျန်းဟောက်မျက်လုံးအောက်မှာ glitter လေးတွေ ပါးပါးထည့်ထားပြီး ထယ်ရယ့်အတွက်ကျ freckles တွေ မသိမသာထည့်ထားတာရယ်။ ဆောင်းဦးရာသီလို အရောင်ရွေးချယ်မှူတွေက လှလှပပတော့ မျက်နှာကို ထင်ဟပ်နေသား။

နှစ်ယောက်လုံးကို ချစ်ဖို့ကောင်းအောင် ပြင်ပေးထားတော့ ဘယ်လိုလုပ်ရမလဲ။

" ဒါနဲ့ ပန်းစည်းပစ်ရင် ငါ့ဆီရောက်အောင် ပစ်ပေးနော် ဟာအို"

မမက ပန်းစည်းပစ်ဖို့ရာ ကျန်းဟောက်ကို ရယ်စစနဲ့ အကူအညီတောင်းတော့ ကျန်းဟောက်ကလည်း အတိုင်အဖောက်ညီစွာ ခေါင်းငြိမ့်တယ်။

" ကြိုးစားကြည့်ပေးမယ်"

" ကျွန်တော့်အစ်မမို့ဆိုပြီး စိတ်ချမ်းသာအောင် ပြောစရာမလိုဘူး ကိုကို။ အပျိုကြီး ဖြစ်မယ့်သူကို မျှော်လင့်ချက်တွေမပေးပါနဲ့"

ရုတ်တရက် ဗိုက်ခေါက်ဆွဲလိမ်ခံလိုက်ရပြန်သည်မို့ မျက်နှာမဲ့သွားတော့ ကျန်းဟောက်က ရယ်ချင်ရက်နဲ့ ပြုံးစိစိသာလုပ်၏။

" ဒါပေမဲ့လေ အခုကတော့ အတည်ပြောတာ။ ပန်းစည်းကို   ထယ်ရယ့် သူငယ်ချင်း ဂျောင်ဟျွန်းဖမ်းမိမယ်လို့ ထင်နေတယ်ရော်။"

" အီဂျောင်ဟျွန်း? ကျွန်တော်လည်း ထင်မိသလိုပဲ။ ပတ်ဟန်ဘင်းနဲ့ လက်ထပ်ဖို့ စဉ်းစားနေပြီဆိုတာ ပြောတယ်။"

ထယ်ရယ်နဲ့ မမရဲ့ ခန့်မှန်းချက်အပေါ်မှာ ကျန်းဟောက်က တုံ့ပြန်မှူမရှိ။

" မင်္ဂလာဆောင်မှာ ပန်းစည်းဖမ်းမိသွားရင် ခြောက်လအတွင်း လက်ထပ်ရမှာလေ။ ခြောက်လအတွင်း လက်ထပ်နိုင်လောက်လား သူတို့"

" အင်း.."

ထယ်ရယ်လည်း တွေးကြည့်လိုက်တဲ့အခါ အခြေအနေတစ်ခုတော့ရှိသည်။ အခုမှ စစဉ်းစားနေတာဆိုရင် ခြောက်လအတွင်း ဖြစ်လာဖို့က အလောသုံးဆယ် အခြေအနေပဲ။

ရေရည်တွဲတဲ့သူတွေက လက်ထပ်ဖို့ကို ပိုကြာတာကို။

မဟုတ်သေးဘူး။
မင်္ဂလာဆောင်မယ့်သူနှစ်ယောက်က ဘာလို့ သူများမင်္ဂလာဆောင်ဖို့ကိစ္စကို ကူစဉ်းစားပေးနေတာလဲ။

မိနစ်အနည်းငယ်နေတော့ နားနေခန်းထဲမှာ သတို့သားနှစ်ယောက်တည်းသာ ကျန်နေခဲ့တော့သည်။ မမကလည်း နှစ်ဖက်ဆွေမျိုးတွေဆီ နှူတ်ဆက်ရအောင်ဆိုကာ ထွက်သွားပြီဖြစ်၏။

ကျန်းဟောက်က သူ့လွယ်အိတ်ထဲက ဆေးဗူးတစ်ဗူးကို ထုတ်ကာ ဆေးနှစ်လုံးလောက် ပါးစပ်ထဲ ပစ်ထည့်လိုက်တာ မြင်ရသည်။

စိတ်ငြိမ်ဆေးသောက်လေ့သောက်ထမရှိတဲ့ လူကတောင် စိတ်ငြိမ်ဆေးဆောင်လာရတယ်ဆို..စကားလမ်းကြောင်းလွှဲထားတာက အကောင်းဆုံးဖြစ်မှာပေါ့။ ထယ်ရယ်လည်း စိတ်ငြိမ်ဆေးလိုအပ်နေပေမဲ့ ကျန်းဟောက်လက်ကိုသာ သွားချိတ်ဆွဲထားရင်း အသက်ဝဝရှူနေရ၏။

" ထယ်ရယ် ကိုယ့်လက်ကို အတင်းဆွဲထားတာ။ အင်္ကျီတွေတောင် ကြေကုန်တော့မယ်"

" ဟုတ်သားပဲ..ဆောရီး"

ထယ်ရယ်က လက်ကို ဖြုတ်လိုက်မယ်ပြင်ပေမယ့် ကျန်းဟောက်က ပြန်ဆွဲထားသည်။ နှစ်ယောက်လုံး စိတ်လှူပ်ရှားနေတာ အတူတူ ဒီလိုလေးဖြစ်ဖြစ် နေနေတာက အကောင်းပဲ။

မင်္ဂလာပွဲကို ဘုရားကျောင်းဝင်းတစ်ခုမှာ အကျဉ်းခြုံးသာ လုပ်ဖြစ်၏။ ဧည့်သည်က လူအယောက်ခြောက်ဆယ်လောက်ဝန်းကျင်ရယ်။ လျှောက်လမ်းကို အတူတူ ထွက်ဖို့ ပြင်ဆင်ထားတာကြောင့် နားနေခန်းကိုလည်း အတူတူသုံးလိုက်ပြီး အထူးတလည် မလုပ်ဖြစ်။

ကျန်းဟောက် ချောတာလှတာကို ကောင်းကောင်းသိပါတယ်။ ဆယ်ဘီလီယံလောက်တန်တဲ့မျက်နှာကို ပြင်ဆင်နေတာလည်း ထယ်ရယ် ကြည့်ချင်တယ်လေ။

ညဘက်ရောက်ရင် after party လုပ်ဖို့ စိတ်ကူးကတော့ လူကြီးမိဘတွေနဲ့ ဆွေမျိုးအသိုင်းအဝိုင်းတွေမပါတဲ့ အစီအစဉ်။ အခုတောင် အများကြီးရောက်နေတယ်ရယ် မဟုတ်ပါ။ လုပ်ကိုင်ဖော်ဖက်တွေရယ် သူငယ်ချင်းတွေရယ်က ပိုများသည်။ နှစ်ဖက်မိဘအပြင်ဆိုလို့ ထယ်ရယ့်ရဲ့ ဦးလေးတွေရဘ် အဒေါ်တွေရယ် ရောက်လာပေးတာပဲ ရှိမည်။

နဂိုကတော့ ပါတီလုပ်ဖို့ကို ကျန်းဟောက်တစ်ယောက် သဘောမတူလောက်ဘူးထင်ခဲ့ပေမဲ့ ကျန်းဟောက်က အရင်စကားစလာတာကြောင့် လုပ်ဖို့ပဲ ဖြစ်သွားရုံ။

ပါတီမှာကတော့ အရင်က housemates တွေရယ်။ ထယ်ရယ့်ရဲ့ band အဖွဲ့ဝင်တွေရယ်။
ကျန်းဟောက်က သူငယ်ချင်းများများစားစားမရှိတာအပြင် ထယ်ရယ့်ရဲ့ လူမှူကွန်ယက်နှင့် ကျန်းဟောက်ရဲ့ လူမှူကွန်ယက်ဟာ တစ်ထပ်တည်းဖြစ်နေသည်မို့ အထူးတခြား ဖိတ်စရာမရှိတော့။

" ပွဲစတော့မှာလား"

နားနေခန်းထဲက နာရီကို ကြည့်လိုက်ရင်း ထယ်ရယ်မေးသည်ကို ကျန်းဟောက်က ခေါင်းငြိမ့်လို့။

" သွားရအောင် ထယ်ရယ်။ ဧည့်သည်တွေလည်း ရောက်နေလောက်ပြီ"

" အ..အင်း"

" လက်ကောက်ဝတ်ကို ဆေးမစည်းထားတော့ဘူးလား"

ထိုင်ခုံနေ ထခါနီး ထယ်ရယ့်လက်ကောက်ဝတ်ကို တစ်ချက်လှမ်းကိုင်ကာ မေးသည်။ မင်္ဂလာဆောင်ရတော့မှာကို အရမ်းစိတ်လှူပ်ရှားနေတာ လွန်ခဲ့တဲ့ သုံးလေးရက်လောက်ကတည်းက လက်ကောက်ဝတ်နာနေတာတောင် မေ့နေရဲ့။

မဟုတ်လည်း သက်သာနေတာပဲမို့ လှလှပပဝတ်စားထားရတဲ့ကြားမှာ လက်ကို ဆေးစည်းမထားချင်။ သတိတရရှိနေတဲ့ ကျန်းဟောက်ကြောင့် ပါးချိုင့်တွေပေါ်သည်ထိ တစ်ချက်ပြုံးလိုက်၏။

" ဒီမနက်လေးတော့ ထားလိုက်ပါမယ်။ ပြီးမှ သတိပေးပေးပါအုံး မနက်ဖြန်ရော"


မနက်ဖြန်ဆိုတဲ့ စကားလုံးကို နှစ်ခြိုက်နေပုံ။ ကျန်းဟောက်က ပြုံးစစနှင့် ထယ်ရယ့်လက်ကို ချိတ်ဆွဲကာ နားနေဆောင် အပြင်ကို ထွက်၏။
မင်္ဂလာပွဲ လျှောက်လမ်းပေါ်ကို မတက်ခင် နှစ်ယောက်လုံးရဲ့ နှူတ်ခမ်းအရောင်တွေပင် ဖြူဖျော့ဖျော့ဖြစ်မတတ် စိတ်လှူပ်ရှားနေကြသည်မှာ ရယ်ရသလို လူတွေ ဝိုင်းကြည့်နေကြသည်ကိုလည်း အသားမကျ။

လျှောက်လမ်းဘေးက ထိုင်ခုံတွေမှာ ဧည့်သည်တွေက အစီအရီဖြစ်သည်။  ထယ်ရယ့်မျက်စိထဲ အမြင်ဆန်းနေသည်မှာတော့ ဘုရားကျောင်းဝင်းထဲကို ရောက်ကတည်းက မင်္ဂလာပွဲကျင်းပမည့်နေရာ အပြင်အဆင်ထဲ တီးဝိုင်းပစ္စည်းတွေ ပါနေသည်ကိုသာ။

အရင်ရက်ကထိ မရှိတာကြောင့် ထယ်ရယ့်ရဲ့ band အဖွဲ့ဝင် သူငယ်ချင်းတွေ ဖျော်ဖြေပေးမလို့ ပြင်ဆင်ထားကြတယ်ဟုသာ ပေါ့ပေါ့တွေးလိုက်သည်။

မင်္ဂလာပွဲကို အသေးစိတ် စီစဉ်တာက ထယ်ရယ့် မေမေနှင့် ကျန်းဟောက် ဖြစ်နေတာမို့ ထယ်ရယ်ပဲ လိုက်မမှီတော့တာလို့ ထင်ရလျက်။

အခမ်းအနားမှူးကတော့ ဂယူဗင်းက လုပ်အားပေးတာဖြစ်ပြီး စကားပြောသွက်တဲ့ကလေးမို့ စိတ်ပူစရာမရှိ။

ခြေဖျားလက်ဖျားတွေ အေးနေရင်းကပဲ အချစ်သီချင်းသံ လွင့်လွင့်အောက်မှာ အဖြူရောင်ဝတ်စုံနှင့် သတို့သားနှစ်ယောက်သည် ဘုန်းတော်ကြီးရှေ့မှာ ခြေစုံရပ်နေကြပြီ။

ဆောင်းဦးရဲ့ မင်းသားလေးနှစ်ယောက်လိုအသွင်ဟာ အပြန်အလှန်တင်မက ပရိတ်သတ်တွေအထိ မှင်သက်စေတာတော့ အမှန်။

" ရင်တုန်တာ သေတော့မယ် အရင်"

ထယ်ရယ့်ပါးစပ်က လွှတ်ကနဲ ထွက်သွားသည့်အခါ ဘေးက ကျန်းဟောက်က မျက်လုံးကျယ်သွားသလို ဖာသာကလည်း ရယ်ချင်သွားသည်။ အနားမှာ မယောင်မလည်လုပ်နေတဲ့ အခမ်းနားမှူး ဂယူဗင်းကလည်း ကြားနေရတာကြောင့် မရယ်မိအောင် နှူတ်ခမ်းကို တင်းတင်းစေ့လိုက်တာ မြင်မိ၏။

" မင်္ဂလာဆောင်ရလို့ သေတဲ့လူ မရှိပါဘူး။ ငြိမ်ငြိမ်နေတော့"

ထယ်ရယ် သက်ပြင်းတစ်ချက်ချကာ ပြုံးစစလုပ်လိုက်တဲ့အချိန် ရှေ့မှ ပီသသဖတ်ဆိုနေတဲ့ ကတိကဝတ် လမ်းညွှန်တွေ၊ ချီးမွမ်းခြင်းတွေဟာ သဲကွဲလာ၏။
ထိုကြားထဲမှ လက်ထဲမှာ တစ်ခုခုပါမလာဘူး ထင်နေသည့်ခံစားချက်ကြောင့် သတိရကာမှ ပန်းစည်းဟာ ထယ်ရယ့်လက်ထဲ ပါမလာ။
နားနေခန်းမှာများ ကျန်နေခဲ့ပြီလား။

ဘေးကို တစ်ချက်စောင်းကြည့်လိုက်သည့်အချိန် ကျန်းဟောက်လက်ထဲမှာ ကိုင်ထားတာကိုတွေ့မှ သက်ပြင်းတစ်ချက် ထပ်ချလိုက်သည်။

ကျန်းဟောက်အတွက်ကတော့ ဒီနေ့မှာ စိတ်လှူပ်ရှားတာထက် ပျော်နေသည်လို့ ပြောလို့ရလောက်၏။ မနက်နိုးကတည်းက အင်အားတွေ များနေသလို ထိန်းမနိုင်သိမ်းမရ တရယ်ရယ် တပြုံးပြုံး။

တစ်ချက်တစ်ချက် စိတ်လှူပ်ရှားမှူတွေ တိုက်ခိုက်ခံလို့ စိတ်နဲ့ကိုယ်နဲ့ မကပ်တဲ့အချိန်တွေ ပေါ်လာပါရက်နှင့်..။

ထယ်ရယ်ကတော့ အများကြီး ပိုပြီးစိတ်လှူပ်ရှားနေတာကြောင့် အရမ်းပျော်နေဟန်ပြရင် ဝန်လေးသွားမှာစိုးတာနဲ့ ငြိမ်ငြိမ်နေရုံပင်။

ထယ်ရယ်တစ်ယောက် သူကိုင်ရမယ့် ပန်းစည်းကိုတောင် ချထားခဲ့တာဆို သတိတရ ကျန်းဟောက်က ကိုင်လာခဲ့ရ၏။

" သတို့သား ဂင်မ်ထယ်ရယ်  ကျန်းဟာအိုကို တရားဝင်ခင်ပွန်းအနေနဲ့ သတ်မှတ်ပြီးတော့ တန်ဖိုးထားပါမည်လား။ စိတ်ပိုင်းဆိုင်ရာဖြစ်စေ ခန္ဓာပိုင်းဆိုင်ရာဖြစ်စေ ပျော်ရွှင်မှူ၊ ဝမ်းနည်းမှူနဲ့ နာကျင်မှူတွေကို အတူတူဖြတ်ကျော်ဖို့ သစ္စာပြုနိုင်ပါသလား"

" ဟုတ်ကဲ့ ဘယ်လို အတားအဆီးမျိုးရှိပါစေ အတူတူဖြတ်ကျော်ဖို့ ကတိပြုပါတယ်။"

စိတ်လှူပ်ရှားနေပေမဲ့ သစ္စာပြုစကားဆိုဖို့ရာ မတုံ့ဆိုင်းစွာ ဖြေသည့် ထယ်ရယ့်ကြောင့် နှစ်ခြိုက်စွာ ပြုံးလိုက်မိပြန်သည်။

အလားတူ မေးခွန်းမျိုး ကျန်းဟောက်ထံသို့ ရောက်လာသည့်အခါ ကိုယ်တိုင်လည်း မတုံ့ဆိုင်းစွာပဲ ထပ်တူညီစွာ ဆန္ဒဆိုသည်။

ထို့နောက် လက်စွပ်လဲဝတ်ရမည့်အချိန်ရောက်တော့ အနီရောင်ကတ္တီပါ လက်စွပ်ဗူးလေးဟာ ဘေးနားမယ်။ ကျန်းဟောက် သထားတဲ့အတိုင်း လက်စွပ်ဗူးအပြင်ဘက်မယ်ပင်  vanilla နံ့ခပ်သင်းသင်းလေး စွဲနေတာကြောင့် စိတ်တိုင်းကျစရာအတိ။

လက်ထပ်ခွင့်တောင်းတုန်းက ထယ်ရယ်ပြောသလိုပဲ မင်္ဂလာပွဲမှာ ဝတ်ဖို့ လက်စွပ်ကို ကျန်းဟောက်ကိုယ်တိုင် studio မှာ သွားလုပ်ထားတာဖြစ်သည်။

ဝယ်ဖို့ထက်စာရင် သေသေချာချာ အာရုံစိုက်ပြီး ကြိုးစားထားရတာကို ပေးဖို့ရာ ပိုဘဝင်ကျတာကြောင့်။

စိန်ပွင့်လေးတွေအထိ ထည့်ထားတာအပြင် တလက်လက်တောက်နေကာ ရောမဂဏန်းနှင့်အတူ မွေးနေ့တွေကို ရေးထိုးထားသည်။
လက်စွပ်ကို ထယ်ရယ့်အား ပထမဆုံး ပြချိန်မှာ အတော်ကို သဘောတကျ ဖြစ်သွားသေးရဲ့။

ဘေးမှာ မြင်နေရသည့် လက်စွပ်နှစ်ကွင်းကို ကြည့်နေတုန်းပဲ ထယ်ရယ်က ကျန်းဟောက်ရဲ့ လက်ကို ဂရုတစိုက်ဆွဲယူကာ တစ်ချက်ကြည့်ရင်း။
အဲ့ဒီနောက် ဘယ်ဘက် လက်သန်းကြွယ်မှာ ငွေရောင် လက်စွပ်ကွင်းကို ဝတ်ပေးကာ တစ်ချက်ပြုံးပြသည်။ ထယ်ရယ့်လက်တွေ အေးစက်နေပေမယ့် ရယ်ပြုံးနေတဲ့ ပါးချိုင့်တွေဟာ ခပ်နွေးနွေး။

ကျန်းဟောက်က ထယ်ရယ့်ကို လက်စွပ်ပြန်ဝတ်ပေးချိန်မှာတော့ ထယ်ရယ် တစ်ယောက် မူမမှန်တော့ချေ။

ဟော..လူကြည့်တော့ ကျန်းဟောက်ကို ခေါင်းစခြေဆုံး တရိပ်ရိပ်ကြည့်ပြီး လိုက်စောင့်ရှောက်နေပါတယ်ဆိုပြီး ငိုချင်နေပြန်ပြီ ထင်ပါရဲ့။

ဒီကလေး ဘာလို့ ဒီလောက် မျက်ရည်လွယ်ရတာလဲ။
တခြားဟာတွေအကုန်ပြောင်းလဲနေတောင် တအားမျက်ရည်လွယ်တာကို ကျန်းဟောက်မှာ အသားမကျနိုင်သေး။
စကားပြောတာတောင် မလုပ်ရသေးဘူး။ အံ့ဩစရာ စီစဉ်ထားတာဆို စတောင်မစရသေးတာကို။

မင်္ဂလာပွဲအတွက် အထူးသဖြင့် အဓိကလူနှစ်ယောက် အပြန်အလှန် အမှာစကား ပြောရမယ့်အခါမှာတော့ ကျန်းဟောက်ကို အရင်ပြောဖို့ ထယ်ရယ်က အချက်ပြတာကြောင့် ရုတ်တရက်ဖြစ်သွားတဲ့တိုင် မိုက်ကို သေချာကိုင်လိုက်သည်။

ပန်းစည်းကိုတော့ ထယ်ရယ့်လက်ထဲ ထည့်ပေးထားရင်း လက်တစ်ဖက်ကို ဆုပ်ကိုင်ကာထားမိ၏။ ကျန်းဟောက်ရဲ့ လက်တွေ ရင်ခုန်လွန်းပြီး တုန်ရီနေတာလည်း ထယ်ရယ် သတိထားမိနိုင်သား။

စကားပြောဖို့ ပါးစပ်ဟကာရှိသေးရဲ့။ မျက်ရည်စစကျနေတဲ့ ထယ်ရယ့်ကိုကြည့်ကာ ကျန်းဟောက်လည်း ငိုချင်လာသည်။ ငိုချင်လာသည့် ခံစားချက်ကြောင့် အောင့်သက်သကတစ်ချက် ရယ်လိုက်ရင်း။

" အာ..အခု အရင်ဆုံး ပြောချင်တာက.. ကိုယ်က ခံစားချက်တွေကို ဖော်ပြရတာ ကြိုက်တဲ့သူမဟုတ်ဘူး။ ထယ်ရယ်နဲ့ စပြီး ပတ်သက်ရတဲ့အချိန်မှာ အပင်ပန်းဆုံးက အဲ့ဒီအရာပဲ။ မတူညီတာတွေလည်း အရမ်းများလွန်းတယ်။
အစစအရာရာ ကိုယ့်ဘက် ငဲ့ကြည့်ပေးတဲ့ ထယ်ရယ့်ကြောင့် ခက်ခဲတဲ့အရာတွေက အချိန်ကြာလေ ပိုပြီး လွယ်ကူလာတာပဲ။
ကိုယ့်ကို သတ္တိရှိတဲ့လူ ဖြစ်လာအောင် လုပ်ပေးတဲ့အတွက်၊ ပိုကောင်းမွန်တဲ့အရာတွေဆီကို စွန့်စားနိုင်အောင် လုပ်ပေးတဲ့အတွက် ကျေးဇူးတင်ပြီး ထယ်ရယ့်အနားမှာ အမြဲတမ်းရှိနေရင်း ဘယ်အရာမဆိုကို အတူတူဖြတ်ကျော်ချင်တယ်။ ချစ်တယ် ထယ်ရယ်။
နောက်ပြီးတော့.. ကျွန်တော့်ရဲ့  ပါပါးနဲ့ မာမားကို ကျေးဇူးတင်ပါတယ်။ ထယ်ရယ့်ရဲ့မိသားစုကိုလည်း ကျွန်တော့်ကို တကယ့်မိသားစုဝင်လို ဂရုစိုက်ပေးတဲ့အတွက်ရော...၊ ထယ်ရယ့်ကို ကျွန်တော်နဲ့အတူ စိတ်ချပေးလို့ရော ကျေးဇူးတင်ပါတယ်။ "

လူတွေအများကြီးရှိနေတာရယ် မဟုတ်တာတောင် ထယ်ရယ့်ကိုကြည့်လိုက် ဧည့်သည်တွေဘက်ကိုကြည့်လိုက်နှင့် ခံစားချက်စကားတွေ ပြောရသည်ကား ကျန်းဟောက်အတွက် မဆိုစလောက် ကြောက်ဖို့ကောင်းသည်။

မျက်ရည်ဝဲနေတဲ့ ထယ်ရယ်က ကျေကျေနပ်နပ်ပြုံးရင်း အိတ်ကပ်ထဲက လက်ကိုင်ပုဝါကို ထုတ်ကာ မျက်ရည်သုတ်၏။ ကျန်းဟောက်လည်း ငိုချင်လာသည်ကြောင့် ဘေးဘီဝဲယာကြည့်ရင်း အာရုံလွှဲလိုက်သည့်အခါ အနည်းငယ်တော့ စိတ်သက်သာသလို။

ထယ်ရယ့်လက်ထဲ မိုက်ကို ကမ်းပေးလိုက်တဲ့အခါ စကားပြောဖို့ကို မကြောက်တဲ့ ထယ်ရယ်ကတော့ ငိုထားတဲ့ကြားက သွက်လက်စွာပဲ စကားစ၏။ စိတ်လှူပ်ရှားတာ ငြိမ်သွားပုံထောက်လို့ ပျော်လာဟန်။

" အဓိက ပြောချင်တာက ကျွန်တော့်ကို ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်လာအောင်၊ အချစ်ဆိုတာကို နားလည်လာအောင် လုပ်ပေးတာ ဒီလူတစ်ယောက်တည်းပဲ။ ပေါ့ပေါ့ပါးပါးတွေးနေခဲ့တဲ့ အရာတွေကို ပိုပြီးနည်းလမ်းကျကျမြင်တတ်လာအောင် ဆုံးမပေးခဲ့တာဆိုရင်လည်း မမှားဘူး။ ရင့်ကျက်လာအောင်ရော..။ မှီခိုစရာနေရာတစ်ခု ရှာတွေ့မိအောင်အထိ ကျွန်တော့်အတွက် ချစ်ရတာအပြင် လေးစားရတဲ့လူဆိုလည်း မှန်တယ်။ တစ်ခါတစ်လေ ထင်ရာစိုင်းတာကလွဲရင်..။

ကျန်းဟောက်က အပြန်အလှန်ဆိုတဲ့ စကားကို ခဏခဏ သုံးတယ် မဟုတ်လား။ ကျန်းဟောက် ပင်ပန်းနေရင် ကျွန်တော့်ဆီကို အချိန်မရွေးလာခဲ့ပေး။ ကျန်းဟောက် လိုအပ်တာမှန်သမျှကို ကျွန်တော်က ဖြည့်ဆည်းပေးမှာ။
အဲ့တာကြောင့် နောက်ဆုံးအနေနဲ့ ကျန်းဟောက်ကို ကျွန်တော်နဲ့ လက်ထပ်ပေးလို့ ပြောမပြနိုင်အောင် ကျေးဇူးတင်ပြီး ချစ်တယ်။ လက်မထပ်ခင်အတောအတွင်းမှာကတည်းက ကျွန်တော့်ကို ကျန်းဟောက်အတွက် ယုံကြည်ပြီး ဂရုစိုက်ပေးတဲ့ ယောက္ခမကြီးတို့ကိုရော၊ ဖေဖေနဲ့မေမေရယ် မမရယ်ကိုလည်း ကျေးဇူးတင်ပါတယ်။"

ပါးနဲ့မားကို လှမ်းပြောတဲ့အခါမှာတော့ သမက်ဖြစ်လာသူကို ပျော်ပျော်ကြီး ကြည့်ပြီး အတိုင်အဖောက်ညီလွန်းနေကြတာမို့ ကျန်းဟောက် ထပ်ရယ်လိုက်သည်။

ကျန်းဟောက်ရဲ့ မိဘတွေဆီက သဘောတူညီမှူရဖို့ဟာ နောက်ဆုံးကြုံခဲ့ရတဲ့ ကြီးကြီးမားမားအစိုင်အခဲ ဖြစ်ခဲ့သည် မဟုတ်လား။

သဘောမတူပေးရင် ဆုပ်လည်းစူး စားလည်းရူးဖြစ်ပြီး လူပျိုကြီးလုပ်တော့မည့် ကျန်းဟောက်ကို ကံကြမ္မာက မျက်နှာသာပေးခဲ့တာကြောင့်ရော..ထယ်ရယ်က ကြိုးစားလို့ဖြစ်တာကြောင့်ရော...မင်္ဂလာပွဲမှာ အဓိက ကျေးဇူးတင်သင့်တဲ့ သူတွေဟာ ကျန်းဟောက်ရဲ့ မိဘတွေဖြစ်လိမ့်မည်။

ဖာသာဟာ သူ့အပိုင်းပြီးသည်နှင့် သတို့သားတွေကို အချိန်ပေးကာ စင်အလယ်ကနေ ထွက်သွားသည့်နောက် အခမ်းအနားမှူး ဂယူဗင်းက ဇာတ်ညွှန်းစာရွက်ပေါ်သို့ သေချာကြည့်နေလျက်။

" မနမ်းသေးပဲ ဘာလုပ်နေကြတာလဲ"

ထိုအချိန်မှ ကွက်တိ ပွဲကြည့်ပရိတ်သတ်တွေထဲ ထိုင်နေတဲ့ ထယ်ရယ့်မမအသံထွက်လာတော့ ကျန်းဟောက်ရော ထယ်ရယ်ပါ မျက်လုံးကျယ်သွားသည်။

ရှေ့က ဂယူဗင်း ဖတ်နေတဲ့ စာရွက်ပေါ်ကိုကြည့်တော့ သတို့သားနှစ်ယောက်လည်း ချောင်းကြည့်မိရာ ထိုအကြောင်းအရာသည် ချရေးထားသည့် အစီအစဉ်ထဲမပါ။

ကျန်းဟောက် သေချာပေါက်လုပ်ရအောင်လို့ သတိတရထည့်ရေးခဲ့ပါတယ်။
စာရွက်များ မှားပေးလိုက်မိတာလား မသဲကွဲတော့။

" မနမ်းရဘူးလား"

ထယ်ရယ်မေးလိုက်တော့ ကျန်းဟောက်က မျက်မှောင်တစ်ချက်ကြုံ့၏။

" မဟုတ်ပါဘူး နမ်းမှာပါ။ အခမ်းအနားအစီအစဉ်ကို စာစီစာရိုက်တဲ့ထဲ ကျန်နေခဲ့တာများလား"

မင်္ဂလာဆောင်ကြီးမှာ ဂင်မ်ထယ်ရယ်တစ်ယောက် စိတ်ထကောက်တော့မည်ပုံပေါ်နေတာနဲ့ ကျန်းဟောက်မှာ လူတွေဘက်ကို ကြည့်လိုက် တိုးတိုးကြိတ်ကြိတ်စကားပြောနေရတဲ့ ဂယူဗင်းနှင့် ထယ်ရယ့်ဘက်ကို ကြည့်လိုက်။

နမ်းခိုင်းရမှာလား မသိချင်ယောင်ဆောင်ရမလား မသိဖြစ်နေတဲ့ ဂယူဗင်းဟာ ကြားထဲမှာ မျက်နှာပူနေရင်း တစ်ချက်ချောင်းဟန့်လိုက်သည်။

ထိုခါမှ ကျန်းဟောက်လည်း အနေအထား ပြန်ပြင်မိ၏။

" သတို့သားနှစ်ယောက် အနမ်းပေးလို့ရပါပြီ"

အသိပေးစကားသံဆုံးတာနဲ့ ထယ်ရယ်ဟာ ပြုံးစစနှင့် ကျန်းဟောက်နားတိုးလာသည်။ ခေါင်းကိုစောင်းငဲ့ရင်း နှူတ်ခမ်းပေါ်ကို ထပ်တူကျလာသည့် အနမ်းဟာ သာမာန်နှင့်မတူပဲ ယဉ်ပါးကာ နူးညံ့ခြင်းတို့ဖြင့် သီကုံးထားတဲ့ ကဗျာလို။

ထယ်ရယ့်ထံမှ သင်းပျံ့လာတဲ့ သကြားချိုချဉ်လို ချိုမွှေးတဲ့ ရေမွှေးအနံ့သည် ယခုချိန်မှာ ပိုလို့ တိုးဝင်သည်။

ထယ်ရယ့်လက်မောင်းပေါ်သို့ ဖမ်းကိုင်ထားလိုက်တဲ့အချိန် လစ်ဟာသွားတဲ့ ခံစားချက်ကို မကြိုက်တဲ့တိုင် လူကြီးမိဘတွေရှေ့မှာ စိတ်ထင်တိုင်းနမ်းနေလို့တော့ မဖြစ်ဘူးလေ။

သက်သောင့်သက်သာအနေအထားဖြစ်သွားချိန်မှသာ ဧည့်သည်တွေကို လိုက်နှူတ်ဆက်ရင်း ထယ်ရယ်က ခပ်တိုးတိုးလေး ပြောသည်ရယ်။

" ဒီကိစ္စ နောက်မှ စာရင်းရှင်းမယ်။ အရေးအကြီးဆုံးကို ဘာလို့ ကျန်ခဲ့တာလဲ"

" မတော်တဆဖြစ်သွားတာကို ထယ်ရယ်ကလည်း~ မကျေနပ်ရင် အခုထပ်နမ်း—"

ပြောပြောဆိုဆို ထယ်ရယ့်ကို စနောက်ချင်လာသည်နဲ့ ခန္ဓာကိုယ်က အလိုလိုစောင်းသွားတော့ ကျန်းဟောက် ပုခုံးကို လက်နှင့်လှမ်းတားသည်။

စိတ်တိုနေတဲ့ ခွေးပေါက်လေးက စူပုတ်ကာ မျက်ခုံးကြုံ့တယ်။ ပြီးကာမှ မျက်ခုံးတန်းတွေ ဖြေလျော့ရင်း ကျန်းဟောက်ကို ကြည့်ကာ ရယ်လို့။

" မကျေနပ်တာ မဟုတ်ပါဘူး စနေတာ"

ကျန်းဟောက် မျက်နှာကို ဆူအောင့်အောင့်လုပ်ထားမိပြီး လက်ကောက်ဝတ်က နာရီကို အပြေးကြည့်လိုက်သည်။
ထယ်ရယ့်ရဲ့ band က သူငယ်ချင်းလေးတွေဟာ စီစဉ်ထားတဲ့အတိုင်း တီးဝိုင်းနားမှာ ယောင်လည်လည်လုပ်နေကြပြီဖြစ်၏။

" ထယ်ရယ် ကိုယ် ခဏလေး ဟိုဘက်ကို သွားလိုက်အုံးမယ်"

တီးဝိုင်းနားမှာ ယောင်လည်လည်ဖြစ်နေတဲ့ အဖွဲ့ဝင်တွေကို ထယ်ရယ် အခုမှ သတိထားမိသည်။ ဖျော်ဖြေဖို့ အစီအစဉ်ပါတာမှန်း ထယ်ရယ်သေချာမသိခဲ့။ 

band ရဲ့လက်သံက band အဖွဲ့ဝင်အနေနဲ့ နားယဉ်ပြီးသားကို မင်္ဂလာဆောင်မှာပါ လာဖျော်ဖြေပေးတာကတော့ ကျေးဇူးတင်ရမလား မသဲကွဲနေ။

တီးဝိုင်းအနားကို ရောက်သွားတဲ့ ကျန်းဟောက်ကိုတော့ ပွဲကိုပြင်ဆင်ပေးတဲ့ အဓိကလူအနေနဲ့ ဖျော်ဖြေမယ့် သူငယ်ချင်းတွေကို သွားနှူတ်ဆက်တာဟု ထယ်ရယ် တွေးလိုက်သည်။

" ကျန်းဟောက် သီချင်းဆိုမလို့လား"

ထယ်ရယ့်အနားကို ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ အီဂျောင်ဟျွန်းရဲ့ အပြောအား တစ်ချက်ကြောင်ကြည့်လိုက်ပါ၏။

" ကျန်းဟောက်က တော်ရုံတန်ရုံ သီချင်းဆိုတာ မဟုတ်ဘူး။"

သီချင်းဆိုပြရတာ ဒီလူနှစ်ယောက်ကြားမှာတော့ ထယ်ရယ့်အလုပ်နဲ့ ပိုတူသည်။ ကျန်းဟောက်က သီချင်းဆိုပါ့မလား။

" မင်းအတွက်ဆို သီချင်းဆိုတာလောက်က ကျန်းဟောက်အတွက် ပြဿနာကြီးဖြစ်နေမယ် မထင်ဘူး"

ထယ်ရယ့်နားထဲ သေချာ ဆက်မကြားရတော့ပဲ ဝေဝါးသွားတဲ့ အသံနှင့်အတူ ဂစ်တာသံစစဟာ ပရိတ်သတ်ကြားထဲပျံ့လာတာကြောင့် မျက်လုံးကျယ်သွားရဲ့။

" အထူးအစီအစဉ်အနေနဲ့ ROSY ရဲ့ performance..."

" ကျန်းဟောက်လက်ထဲ မိုက်ကိုင်ထားတာဟ"

ထို့အပြင် တယောလွယ်အိတ်ကိုပါ မြင်လိုက်တာမို့ surprise ဖြစ်ဖို့အတွက် ပြင်ထားမှန်း သိလိုက်သည်။

Starship ရဲ့ Nothing's Gonna Stop Us Now သံစဉ်ဟာ တူရိယာတွေထံမှ လွင့်ထွက်လာသလို ကျန်းဟောက်ရဲ့ လေသံအေးအေးလေးဟာ သီချင်းကို ပိုပြီး နူးညံ့တဲ့အသွင်ဆောင်သွားသည့်အခိုက်။

ထယ်ရယ်မပါတဲ့ ROSY။ ထယ်ရယ်မပါတဲ့ ထယ်ရယ့် band ရဲ့ performance က ကျန်းဟောက်တစ်ယောက်ရဲ့ ပြင်ဆင်မှူနှင့် နားထောင်လို့ ကောင်း၏။

တကယ့် အနုပညာရှင်ပဲ။ ဆက်တိုက် အံ့ဩအောင်လုပ်နေတာ။

သီချင်းကို ခပ်တိုးတိုး လိုက်ဆိုနေမိစဉ်မှာပဲ ထယ်ရယ့်အနားသို့ လျှောက်လာပြီး လက်ကိုဆွဲကာခေါ်သည့်အခါ ယောင်အမ်းအမ်းနှင့် ပါသွားမိရုံ။

Nothing's gonna stop us now က ထယ်ရယ် လက်ထပ်ပွဲနီးလို့ ရင်ခုန်နေမိတာနဲ့အလျောက် မကြာခဏနားထောင်နေမိသည့်သီချင်းဆိုလျှင်လည်း မမှားပေ။

သီချင်းရွေးတာအထိပါတော်ပြီး ပြီးပြည့်စုံအောင် မလုပ်နိုင်တာ မရှိလို့ အံ့ဩရသည်။

And we can build this dream together
Standing strong forever
Nothing's gonna stop us now
And if this world runs out of lovers
We'll still have each other

မျက်လုံးထဲကို တည့်တည့်ကြည့်ပြီး ရည်ရွယ်နေသည်မှာလည်း ထယ်ရယ့်အတွက် ဖော်ကြူးနေခြင်းသာ။ သီချင်းမဆိုရဲဘူးဆိုတဲ့လူက မင်္ဂလာပွဲမှာတော့ အထူးတလည် ထယ်ရယ့်အတွက် သီချင်းဆိုနေသည်။

ထယ်ရယ် သတိထားလိုက်မိတာ မမှားလျှင်  I'm so glad that I found you ဆိုသည့် နေရာမယ် I'm so glad that you're here ဆိုပြီး တစ်ချက်ကလေးပြောင်းဆိုကာ ဒီဇာတ်လမ်းကို စခဲ့တဲ့ ထယ်ရယ့်ကို အမှတ်ပြန်ဖော်လျက်။

ရင်ထဲထိလို့ ထပ်ငိုမိတော့မယ်ထင်ပါရဲ့။

သီချင်းဆုံးဖို့ရာဆဲဆဲမှာ တီးဝိုင်းရဲ့ ဂစ်တာနှင့် drum တီးခတ်မှူအသံသည် တိုးလျသွားပြီးနောက် ကျန်းဟောက်ရဲ့ တယောသံကြည်ကြည်နှင့် keyboard အသံဖျော့ဖျော့ရယ်။

အဖြူရောင်ဝတ်စုံနှင့် တယောတီးခတ်နေသည့် ကျန်းဟောက်က အိမ်မက်နှင့်တူသည်။ နတ်သက်ကြွေလာတဲ့ ဖျော်ဖြေရေးသမားလို ပြီးပြည့်စုံခြင်းရယ်နှင့် ဖျော်ဖြေမှူကို ပိတ်၏။

ထယ်ရယ် လက်ကောက်ဝတ်နာနေတာကြောင့် ဒီလို ဖျော်ဖြေမှူတစ်ခုလောက် မစီစဉ်လိုက်နိုင်တာပင် စိတ်မကောင်းဖြစ်မိသလို။

မင်္ဂလာပွဲဟာ အလှပဆုံး ပြီးဆုံးဖို့ချည်း။
အချိန်အတော်အတန်ကြာသည့်နောက်မှာ ပန်းစည်းပစ်ဖို့ တစ်ခုသာ ကျန်တော့သည်။

" သီချင်းဆိုဖို့ကို ဘယ်လိုတိုင်ပင်လိုက်ကြတာလဲ"

" ဟိုးတစ်ခါ studio ကိုလိုက်လာပြီး ထယ်ရယ်မရှိတုန်း တွေးမိသွားလို့ ပြောလိုက်တာ။ ကလေးတွေက သီချင်းဆိုလိုက်ဆိုလို့"

ခေါင်းကို တဆတ်ဆတ်ငြိမ့်လိုက်ရင်း သဘောတကျ ပြုံးမိပြန်၏။
မင်္ဂလာပွဲရဲ့ အရှေ့စာမျက်နှာမှာ ပန်းစည်းဖမ်းဖို့ကို ရည်ရွယ်နေကြတဲ့ သူငယ်ချင်းတွေကိုကြည့်ရင် အနည်းငယ် ခေါင်းကိုက်ပေမဲ့။

လက်ထပ်ဖို့ရည်ရွယ်ချက်ရှိတဲ့သူတွေဆီ ဦးတည်ပြီးပစ်ရမလား။ မထင်မှတ်ထားတာတွေဖြစ်သွားနိုင်တဲ့ လူတွေဆီ ရောက်သွားမလား။

နဂိုက ပန်းစည်းပစ်မယ် ပြောထားတာဟာ ကျန်းဟောက်ဖြစ်ပေမဲ့ တကယ်တမ်း ပန်းစည်းပစ်ခါနီးမှာတော့ ထယ်ရယ်လက်ထဲ တာဝန်ရောက်လာသည်။

" ထယ်ရယ် သေချာပစ်နော် "

ခေါင်းငြိမ့်ပြလိုက်ပြီးနောက်မှာ အချိန်မဆွဲပဲ ပန်းစည်းကို နောက်ပြန်ပစ်လိုက်ပြီးနောက် လှည့်ကြည့်လိုက်ချိန် ပွဲထဲရှိသမျှသူတွေရော သတို့သားနှစ်ယောက်ကိုပါ မျက်လုံးကျယ်သွားစေသည့် မြင်ကွင်းပင်။

" ချွမ်ရွေ့လား"

" ဂယူဗင်း"

အနေအထားက ဘာကြောင့်ဆို နှင်းဆီပန်းစည်းဖြူဟာ ချွမ်ရွေ့လက်ထဲတွင်ရှိနေရင်း ချွမ်ရွေ့ရဲ့အနောက်ကနေ ဂယူဗင်းဟာလည်း သူဖမ်းမိထားတာဖြစ်သလိုမျိုး ပန်းစည်းလက်ကိုင်အား ထပ်တူကုပ်ဆွဲထားသည်။

အခမ်းအနားမှူးက ဘယ်လိုဖြစ်ပြီး အဲ့နောက်ရောက်သွားတာလဲ။

" ပြိုင်တူဖမ်းမိတာ"

" ပြိုင်တူဖမ်းမိစရာအကြောင်းတော့ မရှိဘူးထင်တာ"

" ကိုယ်မြင်လိုက်တယ်။ လုံးဝကို ပြိုင်တူပဲ"

ပွဲကိုလာသမျှသူတွေ ထင်ကြေးပေးထားသည်က အီဂျောင်ဟျွန်းနဲ့ ပတ်ဟန်ဘင်းတို့အတွဲဖြစ်ပေမဲ့ ကံက ရှောင်လွှဲလို့ကိုမရနေချေ။

အဘယ့်ကြောင့်ဆို ထပ်တူကိုင်ထားသယောင်ဖြစ်နေတဲ့ လက်တွေကြားထဲ ချွမ်ရွေ့တစ်ယောက် ပါးတွေနားတွေ နီရဲကာ ဂယူဗင်းလက်ထဲကနေ ရုန်းထွက်သွားတာဖြစ်သည်။

ဂင်မ်ဂယူဗင်းတစ်ယောက်မှာလည်း နေရခက်စွာပဲ ချွမ်ရွေ့ကို တရိပ်ရိပ်ကြည့်ရင်း စကားပင်ပြောဖို့ရာ အခက်တွေ့နေလျက်။

ကြိုက်နေကြတာပဲ။ ပန်းစည်းတူတူဖမ်းမိရင်း ရင်ခုန်နေတာဆိုရင် သေချာပေါက် ကြားထဲမှာ အသည်းအသန်ဖြစ်ပြီး ခြောက်လအတွင်းလက်ထပ်နိုင်ချေက မဆိုးသယောင်။

အီဂျောင်ဟျွန်းနဲ့ အိမ်နဲ့ကားက အတွဲတွေထွက်လာတဲ့ နေရာများလား။

ပန်းစည်းမဖမ်းမိလိုက်သူ ချစ်သူငယ်ချင်းအား လှည့်ကြည့်ချိန် ဂျောင်ဟျွန်းတစ်ယောက်လည်း သူ့အိမ်ကထွက်တဲ့ နောက်ထပ်တစ်တွဲ ဆန်ကာတင်ကို အံ့ဩနေရင်း။

" အဲ့ဒီနှစ်ယောက်သာ တကယ်ကြိုက်သွားမယ်ဆိုရင် ကိုယ်တော်တော်အံ့ဩမိမှာ"

" ကြိုက်နေကြပြီနဲ့ တူသလားလို့"

" ဟုတ်လား?"

" အင်း"

ထယ်ရယ်ခေါင်းငြိမ့်လိုက်သည့်အခါ ကျန်းဟောက်ကလည်း ဖြစ်နိုင်ချေတွေကို ဖြည်းဖြည်းချင်းစဉ်းစားကာ ခေါင်းငြိမ့်ရင်း။

ဂင်မ်ထယ်ရယ်နှင့် ကျန်းဟာအိုဆိုသည့် တွဲဖက်တွေတောင် ဖြစ်နိုင်ချေအနည်းဆုံး တွဲဖက်တွေထဲကမှ ဖြစ်လာသည်ပဲ။ လက်ထပ်တဲ့အနေအထားထိ ရောက်လာတာ..။

မင်္ဂလာပွဲပြီးသည်နှင့် လက်ထပ်စာချုပ်မှာ လက်မှတ်ထိုးဖို့ရာ မြန်မြန်သွားချင်ပြီ။
ဒီရက်မှာတော့ လေပြည်နုနုဟာ နေရောင်ခြည်နွေးနွေးနဲ့အတူ ထပ်တူကျနေတဲ့ နှလုံးသားအစုံအား ကြည်နူးဖွယ်ရာ မြင်ကွင်းကို အပြည့်အဝပြသထားခဲ့ပါ၏။


ʚʚʚʚʚʚʚʚ ɞɞɞɞɞɞɞɞ




နေ့ခင်းဘက်ရဲ့ အမှတ်တရက လှပသလို ညနေဘက်ရဲ့ အမှတ်တရကတော့ လွတ်လပ်သည်။ ပိုက်ဆံဖြုန်းရတာကို သဘောတွေ့နေတဲ့ ထယ်ရယ်က ပါတီကို အဆင့်မြင့်ဟိုတယ်တစ်ခုမှာ ကျင်းပပြီး အားနာစရာမရှိတဲ့လူတွေချည်း ဖြစ်တာကြောင့် ကျန်းဟောက်သည်လည်း ပျော်ပါးရတာ အကြိုက်တွေ့နေသည်။

သီချင်းသံတွေက ကျယ်လာလိုက်။ စကားပြောသံတွေ ဆူညံလိုက်နှင့်။

ညသန်းခေါင်အချိန်သို့ကပ်လာသည့်အခါ ပါတီကို ခံစားနိုင်မှူအားကုန်လာသည်ကား အဓိကလူနှစ်ယောက်။

ထယ်ရယ် ပွဲခင်းထဲက သူတွေကို အကဲခတ်နေရင်း အလိုလိုထောင့်ကပ်မိတဲ့အချိန်မှာ ပူပူနွေးနွေးခင်ပွန်းဖြစ်သူက ထောင့်မှာရှိနေနှင့်ပြီးသားမို့ ရယ်ရခက် ငိုရခက်။

ကျန်းဟောက်လက်ထဲက ရှမ်ပိန်ခွက်ဟာ အကုန်လုနီးနီးရယ်။
ထယ်ရယ်လည်း သောက်လက်စ ရှမ်ပိန်ကို ဘာရယ်မဟုတ် မြန်မြန်လက်စသတ်လိုက်သည်။
အစ်ကိုလေးကျန်းတစ်ယောက် တစ်နေကုန် ပွဲတွေဆက် စကားတွေအများကြီးပြောရပြီး social energy တွေ ကုန်ခမ်းနေပြီ ထင်ပါရဲ့။

" ပြန်ချင်ပြီလား"

" အွန်း"

ကံကောင်းချင်တော့ အခန်းက ပါတီခန်းမရဲ့ အပေါ်ထပ်လေးတင်ကြောင့် မြန်မြန်ပဲ ထွက်ပြေးလို့ရလာသည်။
ကျန်တဲ့သူတွေ ပါတီ ဆက်လုပ်ချင် လုပ်ပါစေတော့။ အဓိက ဇာတ်ဆောင်နှစ်ယောက်မှာ သီးသန့်အချိန်လိုအပ်လာပြီ ဖြစ်၏။

ရှေ့ရက်တွေမှာ အလုပ်ရှူပ်ခဲ့တာတွေက မင်္ဂလာပွဲပြီးမှ ဝန်းထုပ်ဝန်ပိုးတစ်ဝက်လျော့သည်။

အာ.. တွေးရင် လုပ်စရာတွေက ထွက်ထွက်လာတာ။
ပျားရည်ဆမ်းခရီးအတွက်ကို ဖြည်းဖြည်းချင်း စဉ်းစားမယ်ဆိုရင်းက အခုထိကို မစဉ်းစားနိုင်ကြသေးဘူးပဲ။

အခန်းထဲကို ရောက်သည်နှင့် ထိုအကြောင်း စကားခေါ်မယ်ကြံကာရှိသေး ထယ်ရယ့် တစ်ကိုယ်လုံးကို ကျန်းဟောက်က သိမ်းဖက်လာသည်။ လက်တွေက တင်းကြပ်စွာ ခါးကို ပွေ့ပိုက်ထားပြီး ပုခုံးပေါ်မှာ မျက်နှာအပ်ထား၏။

" ပင်ပန်းနေပြီလား"

" အင်း"

" နားရမယ်လေ"

" ခဏလေး ဒီအတိုင်းလေး ဖက်ထားချင်လို့"

ထယ်ရယ့်လည်တိုင်ပေါ်ကို အမှတ်တမဲ့ ထိတွေ့လာတဲ့ နှူတ်ခမ်းက သက်သက်ကျီစယ်နေတာပဲလား။ မတော်တဆပဲ ပွတ်တိုက်မိနေသလားမသိ။
စိတ်ထင်တာမမှားရင် ကျန်းဟောက်ထံမှ အရက်နံ့စူးစူးကို လှမ်းရလိုက်သည်။ ရှမ်ပိန်ပဲ သောက်ခဲ့တာ မဖြစ်နိုင်လောက်တော့ပေ။

" ဘယ်လောက်တောင် သောက်လာတာလဲ? ပုံမှန် မသောက်ပဲနဲ့..သောက်နိုင်တာလည်းမဟုတ်ပဲ"

" ဒီနေ့က ပုံမှန်မဟုတ်လို့လေ။ ထယ်ရယ် တစ်ယောက်လုံးရှိနေတာပဲ အဲ့တာကြောင့် နည်းနည်း"

ခေါင်းထောင်ကာ ထယ်ရယ့်ကို မျက်လုံးတွေမှိတ်ကျသွားသည်ထိ ရယ်ရင်းပြောတယ်။
ပါးပြင်တွေ ရဲစပ်စပ်ဖြစ်နေတာတိုင်အောင် ကျန်းဟောက် အရမ်းချောတယ်ဆိုတဲ့ ကောက်နုတ်ချက်ကိုသာ အဆိုပြုချင်နေတဲ့ ထယ်ရယ်လည်း အသိစိတ်ကပ်နေတယ်တော့ မဟုတ်။

" ဘယ်လို ပုံမှန်မဟုတ်တာလဲ"

ကလေးချော့သလို အသံပြုရင်း မေးသည်ကို ကျန်းဟောက်က သဘောကျသည်။ သွားဖြူဖြူလေးတွေ အတန်းလောက်ပေါ်နေအောင်ရယ်၏။ စကားတောင် ပြန်မပြောနိုင်တော့ပဲ အာခေါင်တွေ ထုံထိုင်းကာ ကျန်းဟောက်ကို ငေးကြည့်နေမိတဲ့ ထယ်ရယ့်အတွေးထဲ ရှိနေတာ တစ်ခုတည်း။

ဒီလူက သူ့အပိုင်ဖြစ်သွားပြီ။

သဘောကျပါတယ်လို့ ခံယူလိုက်ကတည်းက ပထမဆုံး တွေးခဲ့တဲ့ အတွေးဟာ တကယ် ဖြစ်လာတယ်။
အဲ့ဒီအတွေးကို တွေးခဲ့တာကတောင် သိပ်မကြာသေးသလိုပဲ။ လက်ထပ်တဲ့အဆင့်ထိ ရောက်လာတယ်တဲ့။

" ထယ်ရယ်ကရော ဘာလို့ ကိုယ့်ကို အရမ်းကြည့်နေရတာလဲ"

ကိုယ့်အတွေးနဲ့ကိုယ် မြောနေတုန်း ကျန်းဟောက်ထံမှ အသံကြောင့် မျက်နှာတွေ ပူထူသွားရတယ်။ အရပ်ညီတာကြောင့် တည့်တည့်ကြည့်ရင်... အောက်ကို ငိုက်စိုက်ထားမိတဲ့ခေါင်းကိုသာ နည်းနည်းထပ်မော့လိုက်ရင် အကြည့်ချင်းဆုံပြီကို ကျန်းဟောက်ထံမှ အကြည့်လွှဲလိုက်သည်။

" ဖြေလေ ထယ်ရယ်"

" မကြည့်ပါဘူး"

အဖြေဆုံးတာနဲ့ ထယ်ရယ့်နှူတ်ခမ်းကို ဖွဖွနမ်းသည်။ skinship မကြိုက်တဲ့သူက ဘယ်နားမှာစပြီး ဒီလောက်ဖြစ်လာတာလဲ မမှတ်မိရအောင်ထိ အချိန်တွေဟာ မြန်လွန်းပုံ။

တစ်ကိုယ်လုံးကို အလွှတ်မပေးတဲ့ ကျန်းဟောက်က ထယ်ရယ့်နှူတ်ခမ်းအနား ပြန်တိုးရင်း ဂရုတစိုက် နမ်းရှိူက်လာပြန်သည့်အတွက် အထိတ်တလန့်နှင့် တစ်ဖက်က နက်ခ်တိုင်ကို သွားဆွဲထားလိုက်မိသည်။

ထယ်ရယ့်ခါးပေါ်ကနေ လည်တိုင်ပေါ်ကို ပြန်တက်လာတဲ့ ကျန်းဟောက်က လွန်ခဲ့တဲ့ မိနစ်ပိုင်းကတင် မထိတထိနမ်းထားတဲ့ နေရာကို လက်မနှင့် ခပ်ဖွဖွပွတ်ဆွဲရဲ့။

ဘယ်သူက ဦးဆောင်နေသလဲ မသဲကွဲရအောင် ဟုန်ထိုးတက်လာတဲ့ ရမ္မက်တွေက ခေါင်းတွေ ပူထူအောင်ထိ။ ထယ်ရယ်က ကျန်းဟောက်ကို လက်ကိုထိန်းရင်း ဦးတည်သင့်တဲ့ နေရာကို ဦးတည်လိုက်တဲ့အခါ လုပ်ပုံကိုင်ပုံကို စိတ်ကျေနပ်သည့် ကျန်းဟောက်ဟာ အနမ်းတွေကြားမှ ပြုံးပြန်၏။

နှူတ်ခမ်းသားတွေ ပူထူစွာ ပွတ်တိုက်နေသည့်အခါ ရှမ်ပိန်အရသာ ခါးခါးကိုပါ ခံစားရသည်။ ပိုပြီး မူးယစ်စေတာကတော့ လက်ရှိ ကျန်းဟောက်ရဲ့ ပြုမူပုံတွေပင်။

အောက်နှူတ်ခမ်းကို ဖွဖွလေးကိုက်ရင်း အလွတ်ပေးသွားသည်ကြောင့် ကြောင်အမ်းအမ်းကြည့်မိသည့်အခါ နှူတ်ခမ်းထောင့်တစ်ဖက်က ကွေးတက်သွားသည်။

ငတ်မွတ်နေတဲ့ လူလို အနားကို ပြန်ကပ်သွားမိတဲ့ ထယ်ရယ့်ကို ရှောင်ပြီးနောက် အငိုက်ဖမ်းသွားတဲ့သူက ထယ်ရယ့်ကျောပြင်ကို မွေ့ယာနှင့်မိတ်ဆက်အောင် တွန်း၏။

အရက်လေးနည်းနည်းပါးပါးဝင်သွားတော့ ဘယ်နားကထွက်လာတဲ့ ခွန်အားတွေမှန်းမသိ။

တစ်ခုခုကို သတိရလိုက်တဲ့အခါမှာတော့ သွားပြီ။

" အာ!! ဒီညတော့ မဖြစ်သေးဘူးကို။ ကျွန်တော်က—"

ထယ်ရယ့်နှူတ်ခမ်းပေါ် လက်ညှိုးတင်ရင်း ခေါင်းခါကာ မရဘူးဆိုတဲ့ အပြုံးကို ဆင်မြန်းလို့။

အဲ့ဒီ သဘောတူညီချက်ကို ဘာလို့ သဘောတူခဲ့မိတာပါလိမ့်။ ပွင့်လင်းမြင်သာတဲ့ ခေတ်မို့ သေသေချာချာစကားပြောဖြစ်တဲ့ တစ်ချိန်လေး သဘောတူလိုက်တာကို ပြောမိပြီးကတည်းက အခွင့်ကောင်းယူနေတော့တယ်။

အရက်မူးနေတဲ့ ကျန်းဟောက်က အစာတစ်ပါတ်လောက်မရှိတဲ့ ကျားတစ်ကောင်လိုပဲ။
ဟုန်းဟုန်းတောက်နေတဲ့ အငွေ့အသက်က ထယ်ရယ့်ကို ဖြစ်သင့်တာထက် အများကြီး ရှိန်နေစေမိတယ်။

" စည်းမျဉ်းက စည်းမျဉ်းအရပါ ဂင်မ်ထယ်ရယ်"

မကျေနပ်စွာနဲ့ အမှူမဲ့စွာ လက်ကစားနေမိသည့် ကျန်းဟောက်ရဲ့ ခါးပတ်ကို မျက်နှာပူစွာ လက်ရုတ်လိုက်သည်။
မွေ့ယာနဲ့ကျောပြင် အရင်ထိတဲ့သူက အရှူံးပဲ။

" မျက်စိရှူပ်တယ်။ နက်ခ်တိုင်ကို မြန်မြန်ချွတ်လိုက် "

အချက်ပြလိုက်သည့်အခါ နှူတ်ခမ်းပေါ်ကို ပြန်ကျရောက်လာသည့် အနမ်းရှရှတွေ။ ထယ်ရယ့်ကို အသက်ရှူချိန်ပင် ကောင်းကောင်းမပေးပဲ တဟုန်ထိုးဖြစ်လွန်ခြင်းမှာ ထယ်ရယ်ဦးဆောင်သည်နှင့် ကျန်းဟောက်ဦးဆောင်သည်ရဲ့ မတူညီချက်။

အကြိုက် ကွာတဲ့သူတွေမဟုတ်လား။ ကျန်းဟောက်က ပန်းလေးလို ဆက်ဆံခံရတာ သဘောကျတယ်ဆိုရင် ထယ်ရယ်ကတော့ မညှာတာမှူကို သဘောတွေ့သည်။

မင်္ဂလာဦးညဆိုတဲ့ အသိက ပူပူနွေးနွေးဖြစ်လွန်းနေ၏။
လှပပြီးတော့..သာယာဖို့ကောင်းလွန်းကာ အိမ်မက်နှင့်တူသည်။

ညဘက်ကောင်းကင်မှာ ကြယ်တွေ ဘယ်နှစဉ်တန်းနေမလဲ စိတ်မဝင်စား။ အချစ်ကို ပုံဖော်ခြင်းတို့သည်ပဲ အာရုံထဲရောက်နေကာ စီးမျောပြီးရင်း စီးမျောရင်း ~

ချစ်တယ်ဆိုတဲ့စကားက ပြောထွက်ဖို့ အခက်ခဲဆုံးဖြစ်နေသည့်အချိန်က ချစ်တယ်ဆိုတဲ့စကားကို ထမင်းစားရေသောက် ပြောနိုင်သည့်အချိန်နှင့် အတော်လေး ကွာခြားမှန်း ကောင်းကောင်းနားလည်လာပြီ ထင်ပါရဲ့။








မနက်နိုးသည့်အခါ မှူန်ကုပ်စွာ နာရီကို အရင်ကြည့်မိသည်။ ထယ်ရယ်ကတော့ အိပ်ပျော်နေဆဲ။
မနက်စာမှာလိုက်ရမလားနှင့် ထယ်ရယ်နှင့်မှ အတူတူအိပ်ယာထရင်း မနက်စာကို အပြင်ထွက်စားမလား ရွေးချယ်ရသေးသည်။

ပင်ပန်းမှူဒဏ်တွေက နေရာပေါင်းစုံမှ ရိုက်ခတ်ထားသည်လေ။ အထူးသဖြင့် ညက အရှူံးသမားလေးဖြစ်သွားတဲ့ ထယ်ရယ်ပေါ့။

ကြည့်နေမိရင်း အသည်းယားတာကြောင့် ထယ်ရယ့်ပါးကို အသာသွားဆွဲမိသည်။

နိုးအုံးမယ့်ပုံမပေါ်သေးတာ အတူတူ ဟိုတယ်ကို မနက်စာ လှမ်းမှာဖို့ရာ အိပ်ယာထလိုက်ပေမဲ့ ကျန်းဟောက်ရဲ့ တီရှပ်အင်္ကျီစကို ကုပ်ဆွဲထားတဲ့ ထယ်ရယ်က နိုးနေပြီရယ်။

ထိုကလေး အအိပ်ဆတ်တာကို မေ့မေ့သွားတယ်။

" ဘယ်သွားမလို့လဲ"

" မနက်စာ မှာမလို့"

" စားခါနီးမှ မှာရအောင်။ ကျွန်တော် မထနိုင်သေးဘူး"

အင်္ကျီစကို ကိုင်ထားရင်းက သူ့လက်မောင်းတွေထဲ ပြန်သိမ်းသွင်းတဲ့ ထယ်ရယ့်ကြောင့် ပြုံးမိပြန်သည်။ ထယ်ရယ်က မျက်လုံးပင် သေချာ စုံမပွင့်သေးပေမဲ့ တွေးစရာတော့ များသည့်ဟန်ပါပဲ။

ပွထနေတဲ့ ဆံပင်ရှူပ်ရှူပ်ကို ကျန်းဟောက်လက်ဖြင့် အသာသပ်ပေးမိတယ်။

" ကျန်းဟောက် ဟန်းနီးမွန်းမသွားချင်ဘူးလား"

" မသွားဘူးဆိုတာထက် ဘယ်ကိုသွားရမလဲဆိုတာ မရွေးနိုင်လို့။ ထယ်ရယ်လည်း မရွေးနိုင်လို့ဆိုပြီး နေနေတာ မဟုတ်လား။"

ကျန်းဟောက်က ပြန်မေးသည်ကို မှူန်ကုပ်စွာ စဉ်းစားတဲ့ ထယ်ရယ့်မှာလည်း အကြံမရသေးပုံ။

" ဘယ်နှရက်လောက်သွားချင်လဲ"

" လေးညအိပ်လောက်ဆို အဆင်ပြေမယ်လို့ ထင်တယ်"

" ပေါ့ပေါ့ပါးပါးပဲ သွားချင်တယ်ဆိုရင် ဂျယ်ဂျူဒိုရော? ရုတ်တရက် စိတ်ထဲပေါ်လာလို့"

" ကောင်းသားပဲ"

ကျန်းဟောက် ခေါင်းငြိမ့်လိုက်သည်။ ကိုရီးယားမှာ နေတာသာကြာပြီ။ ခရီး သေသေချာချာမထွက်ဖြစ်တဲ့အတွက် ဂျယ်ဂျူဒိုလောက်ကတော့ ဝန်မလေးသလို သဘောကျတဲ့နေရာလည်း ဖြစ်၏။

အဲ့ဒီအပြင် ပျားရည်ဆမ်းခရီးထွက်ဖို့ကိုသာ အခုမှစဉ်းစားတာ ထယ်ရယ်ရော ကျန်းဟောက်ရော ပျားရည်ဆမ်းခရီးအကြောင်းပြပြီး အလုပ်တွေလည်းရှင်းထားကြသည်လေ။

ကျန်းဟောက်ကတော့ ဆောင်းဦးကျောင်းပိတ်ရာသီနှင့်ကြုံသွားတာကြောင့် ပိုပြီး ကံကောင်းသွားခြင်း။

ကျန်းဟောက်ရဲ့ ဆံပင်တွေကြားကို လက်ထိုးဖွလာတဲ့ ထယ်ရယ်က ပါးချိုင့်တွေပေါ်သည်ထိ တပြုံးပြုံးလုပ်ကာ သူ့အတွေးနှင့်သူ။ ထိုမြင်ကွင်းက ပန်းချီကားတစ်ချပ်နှင့်တူသည်။

မနက်တိုင်း ဒီကောင်လေး ဘေးမှာ နိုးထရတော့မယ်ဆိုတဲ့ အသိက ကျန်းဟောက်ကိုလည်း ကိုယ့်စိတ်နှင့်ကိုယ် ပြုံးစေ၏။

" ခရီးမသွားခင် အိမ်မှာလည်း ခဏလောက်နေရတာပေါ့"

ပြိုင်တူရယ်လိုက်မိရင်း ကျန်းဟောက်ကို သိမ်းဖက်ထားတဲ့ ထယ်ရယ့်လက်တွေဟာ စောင်ရဲ့ အပူချိန်နှင့်အတူ ပူနွေးနွေးဖြစ်နေလျက်။

ဒီရင်ခွင်ထဲ တစ်သက်လုံးနေဖို့ ဆုံးဖြတ်လိုက်တာကြောင့် နောင်တရစရာအကြောင်းတော့ ရှိလာမှာ မဟုတ်ချေ။

ʚʚʚʚʚʚʚʚ ɞɞɞɞɞɞɞɞ









♪ married life snippet ♪

တိုက်ခန်းတံခါးဖွင့်သံကြောင့် အိမ်ကို ထယ်ရယ် ပြန်ရောက်လာပြီမှန်း သိလိုက်သည်။ ကျန်းဟောက်လည်း ကျောင်းကနေ ပြန်ရောက်တာ သိပ်မကြာသေးတဲ့အပြင် ညစာလည်း မချက်ချင်တာကြောင့် အပြင်မှာ စားခဲ့၏။

ထယ်ရယ်လည်း ဖျော်ဖြေပွဲရှိရင် ညစာစားပွဲပါဆက်တာမို့ စိတ်မပူမိပါ။

ရေခဲသေတ္တာရှေ့ကို အရင်ရောက်သွားပြီး ရေငှဲ့သောက်တဲ့ ထယ်ရယ်က ကျန်းဟောက်ကို မကျေမချမ်းမျက်နှာနှင့် ကြည့်နေသည်ကို သတိထားမိသည်။

" ကျန်းဟောက် အဲ့ဒီကြောင်ပဲ ကိုင်နေ"

ထုတ်ပြောတဲ့ ထယ်ရယ့်ကို ကြောင်ကိုင်နေရင်းနဲ့မှ လှည့်ကြည့်တော့ မျက်နှာက မသာယာ။
အခုနလေးတင် အလုပ်က ပြန်ရောက်လာပြီး လက်ထဲက ဂစ်တာကိုတောင် နေရာပြန်မချရသေးပဲ ရစ်တာကအရင်။

" ဟော..မျက်နှာက ဘာဖြစ်နေတာလဲ ဂျန်းထယ်ရယ်"

ထယ်ရယ်နဲ့ လက်ထပ်လိုက်တာကြောင့် ကိုရီးယားပတ်စပို့ရသွားတဲ့ ကျန်းဟောက်ရဲ့ တရားဝင်စာရွက်စာတမ်းတွေပေါ်မှာ ကျန်းဟာအိုအနေနဲ့ မသုံးတော့ပဲ ကိုရီးယားနာမည် ဂျန်းဟာနူးလ်ကို ပြောင်းခဲ့သည်။
သို့ရာတွင် ပိုပြီး ဆန်းကျယ်သည်ကား ဂင်မ်ထယ်ရယ်တစ်ယောက် စိတ်ကူးထပေါက်ပြီး ကျန်းဟောက်ရဲ့ မျိုးရိုးနာမည်ကို ယူလိုက်တာပင်။

" အဲ့ကြောင်ကို ဂျန်းမျိုးရိုးနဲ့ခေါ်ပါလား။ ဘာလို့ ကျွန်တော့်ကို လာခေါ်နေတာလဲ"

စိတ်ကောက်စရာမရှိ ကြံဖန်စိတ်ကောက်နေတဲ့ ထယ်ရယ်က ဖျော်ဖြေပွဲပြီးတော့ ပင်ပန်းနေမှာကို။

" ရှင်းမ်ဂျန်းငီပါ အဲ့ကြောင်မဟုတ်ဘူး။ ထယ်ရယ်ပဲ အိမ်ခေါ်လာတာလေ။ ကိုယ်က ထယ်ရယ်မရှိလို့ ကြည့်ပေးနေတာကို"

စိတ်ကောက်နေတဲ့ ထယ်ရယ့်ကို သွားသွားစရတာ ကျန်းဟောက်အဖို့ ပျော်ဖို့ကောင်းသည်။
အိမ်ထောင်သက်တမ်း သုံးနှစ်နီးပါးဖြစ်နေပြီကို ခုနောက်ပိုင်းမှ ရည်းစားတွေလိုပဲ တထစ်ရှိ သဝန်လိုက်တိုနေတာ ရယ်ရလို့။

သဝန်တိုတာ ဒီကြောင်နဲ့လေ။ ဒီကြောင်ရောက်လာတဲ့ လွန်ခဲ့တဲ့ တစ်လနှစ်လလောက်ကတည်းကပဲ

" မင်းကတော့ အစာဝနေတော့မှာပဲ ရှင်းမ်ဂျန်းငီ"

ထယ်ရယ် မှူန်ကုပ်စွာ ပြောပြီး အခန်းထဲ ခဏဝင်သွားတော့ ကျန်းဟောက်မှာ လက်ထဲက ကြောင်ဖြူလုံးလုံးကို ပိုက်ထားရင်း ရယ်မိတယ်။ 

ကျန်းဟောက်က တော်ရုံ ကြောင်ချစ်တာ မဟုတ်ဘူး။
ကြောင်တင်မဟုတ်ပါ။ အိမ်မွေးတိရိစ္ဆာန်ရှိရတာကို အလုပ်ရှူပ်တယ်လို့ တွေးတဲ့သူ။

ရှင်းမ်ဂျန်းငီတစ်ကောင်ကတော့ ထယ်ရယ်ခေါ်လာလို့ ကြည့်ပေးရင်း အမြစ်တွယ်သွားတာ မတတ်နိုင်။

ကြောင်ကို ခေါ်လာကာစက ထယ်ရယ်နဲ့ ရန်ဖြစ်လုနီးနီး ဖြစ်လိုက်သေးတယ်။ တိုက်အောက်မှာ တွေ့တဲ့ ကြောင်ပေါက်စလေးဆိုလို့။

ပိုင်ရှင်အဟောင်းက လှောင်ချိုင့်နဲ့ စွန့်ပစ် သွားခဲ့တာပဲလား။ မမွေးနိုင်တော့လို့ ထားခဲ့ရတာလား မသဲကွဲ။
မေတ္တာရှင် ထယ်ရယ်ကတော့ ဖျော်ဖြေပွဲကအနေ ပြန်အလာ တွေ့တာနဲ့ ကောက်ယူလာခဲ့တာ ဖြစ်တော့၏။

အရင်ပိုင်ရှင်ဟောင်းကလည်း လည်ဝယ်တယ်ပြောရမလား။
သူ့ကြောင်ကို မွေးစားမယ့်သူ မရှိမှာစိုးလို့ ဒီကြောင်ဟာ သန့်ရှင်းကြောင်း ဆေးစာရွက်တွေပါ လှောင်ချိုင့်ထဲထည့်ထားခဲ့တာဗျာ။
မွေးချင်နေတဲ့ ဆရာသမားကလည်း သဘောတကျကို အိမ်သယ်လာတော့တာပဲ။

မပြောမဆိုနဲ့ ကြောင်မွေးမယ် လုပ်တဲ့အတွက် ရန်ဖြစ်မယောင်ဖြစ်သွားတာအပြင် ကျန်းဟောက်ကို စိတ်ကောက်အောင်လုပ်တာ နောက်တစ်ချက်ကတော့ ရှင်းမ်ဂျန်းငီနဲ့ ရုပ်တူတယ်လို့ ပြောတာကြောင့် ဖြစ်၏။

ဒီကြောင် ဘယ်နားကကြည့်ကြည့် မှူန်ကုပ်ဆူပုတ်နေတဲ့ ကိစ္စကို။ ဖြူစုတ်စုတ်နဲ့ တစ်ထစ်ရှိ ရန်လိုနေတာ။
ကျန်းဟောက်နဲ့ ဘယ်နားများ တူလို့လဲ။
တူမယ့်တူ အဲ့ဒီ ဂင်မ်ထယ်ရယ်နဲ့တူတာကို။

ရန်ဖြစ်တုန်းက ကျန်းဟောက်ကို စိတ်ကောက်အောင်လုပ်တာလည်း ဟုတ်ပေမဲ့ ကျန်းဟောက်ကပါ တစ်လလောက် စိတ်ကောက်ခံရဖို့ လက်တစ်ကမ်းလေးပဲလိုသွားတာ ကံကောင်းပြီး လွတ်ခဲ့ခြင်းသာ။

" ကြောင်လည်းမချစ် ခွေးလည်းမချစ် ကလေးလည်း မချစ်။ ဂျန်းဟာနူးလ် ခင်ဗျား ချစ်တာ ဘာရှိသေးလဲဗျာ"

" ထယ်ရယ်လေ"

ထိုတစ်ခွန်းကယ်သွားပေလို့။

အဲ့တာက အဲ့လိုဆိုတဲ့တိုင် ထိုကြောင်ကို အစာကျွေးလိုက် ရေတိုက်လိုက် လမ်းလျှောက်ထွက်ရင် ခေါ်သွားလိုက်နှင့် လက်ထဲက မချတော့တာလည်း ကျန်းဟောက်သာ။ တစ်ခါတစ်လေ ကျောင်းကိုပါ အလည်ခေါ်သွားဖြစ်နေပြီ။

" ကြောင်မချစ်ပေလို့ပဲ အံ့ဩတယ်။ အံ့ဩတယ်"

ရေမိုးချိုး သန့်စင်ပြီး ပြန်ထွက်လာတဲ့ ထယ်ရယ့်ကို လှမ်းကြည့်လိုက်တော့ "ဪ" လို့ပဲ ပြောထွက်သည်။ ထယ်ရယ် အိမ်ရောက်လာပြီး ကြောင်ကို သဝန်တိုစကားတွေ ပြောရင်း အခန်းထဲ ဝင်သွားတာတောင် မသိလိုက်။
ကျန်းဟောက် ပေါင်ပေါ်မှာ အိပ်ပျော်လုဆဲဆဲ ရှင်းမ်ဂျန်းငီကို ကိုင်ဖွနေရင်း အာရုံလွင့်နေသည်ဟာ။

ကျန်းဟောက်ဘေးမှာ လာထိုင်ရင်း ထယ်ရယ်က လက်မောင်းကို လာချိတ်ဆွဲလို့ ပုခုံးကို မှီကာ ကပ်လာသည်။

" ရှင်းမ်ဂျန်းငီကို မမွေးချင်ဘူး ပြောတုန်းက သူမဟုတ်သလိုပဲ"

" ချစ်စရာလေးပါ"

" ကျွန်တော့်ထက်လား"

ထယ်ရယ့်ကို စချင်လို့ မဖြေပဲ ခဏငြိမ်နေလိုက်တော့ မျက်နှာက မအီမလည်။

" ကျွန်တော့်ထက်လားလို့"

" တစ်ယောက်တစ်မျိုးစီ ချစ်ဖို့ကောင်းပါတယ်"

ကျန်းဟောက်ရဲ့ အဖြေကို စိတ်တိုင်းမကျသေးတဲ့ ထယ်ရယ့်မျက်နှာက စိတ်ကောက်တော့မယ့်အသွင်ကိုကူးနေပြန်ပြီ။
ဘာတွေစိတ်ကူးပေါက်ပြီး ဒီလောက် ကပ်သီးကပ်သပ်လာလုပ်နေရတာတုန်း။

စိတ်မရှည်တော့မဖြစ်မိပါ။ ထယ်ရယ် ရစ်မှပဲ ကျန်းဟောက်လည်း ခေါင်းပူစရာလေးရှိတာလေ။

" ကွာခြားတာ တစ်ခုခုတော့ရှိရမှာပေါ့။ အဲ့လိုကြီး မဖြေနဲ့"

" ကြောင်က အရသာမရှိဘူး"

တစ်ခွန်းတည်းအဖြေနှင့် ပြတ်တောင်းတောင်းဖြေလိုက်တော့မှ ဟိုကြည့်ဒီကြည့်လုပ်ရင်း မျက်နှာလွှဲသွားတော့သည်။

" ဒီလို ကြောက်ဖို့ကောင်းအောင် ဖြေတာကျတော့လည်း.."

ပြောပြောဆိုဆို ပေါင်ပေါ်က ရှင်းမ်ဂျန်းငီကို ထယ်ရယ်က ဆတ်ကနဲ မ သွားပြီး အခန်းထောင့်က လုပ်ပေးထားတဲ့ သက်ဆိုင်ရာ အိပ်ယာပေါ်သို့ သွားတင်သည်။

" နိုးသွားအုံးမယ်"

" ကျန်းဟောက်နဲ့ တူတယ်လေ။ ဘာသံထွက်ထွက် မကြားနိုင်လောက်အောင် အိပ်ပျော်နေပြီ။ အခု ကျွန်တော့်ကို အချိန်ပေးပါတော့"

ရှင်းမ်ဂျန်းငီကို လက်ထဲကချပြီးသည်နှင့် သွက်သွက်လက်လက် ကျန်းဟောက်ဆီကို တဟုန်ထိုးရောက်လာကာ မျက်နှာ တစ်ပြင်လုံးကို နေရာလပ်မရှိအောင် နမ်းသည်။ ကျန်းဟောက်ရဲ့ လက်က ကြောင်ကိုင်ထားတာကြောင့် ထယ်ရယ့်ကို မဖက်ပဲနေနေတာကို လက်ဖဝါးအား သေချာဆုပ်ကိုင်ပြီး သူ့ပုခုံးပေါ် ဆွဲတင်၏။

ကျန်းဟောက်က လက်ထပ်တဲ့အချိန် အသက်သုံးဆယ် ပြည့်ခါနီးဖြစ်နေပြီး အခု အသက်သုံးဆယ်ကျော်သွားပြီ။ အသက်သုံးဆယ်ပြည့်ကာစဖြစ်တဲ့ ထယ်ရယ်က ကလေးလိုလုပ်နေတုန်းပဲ။

ဆိုဖာပေါ်မှနေ မတ်တပ်ထရပ်သည့်အခါ ထယ်ရယ်က သွားစိကာ ရယ်ပြသည်။

" မနက်ဖြန် အိပ်ရေးပျက်လို့မရဘူး။ ကျောင်းမှာ ပွဲတော်ရှိတယ်။ ဘာလုပ်ချင်တာလဲ ပြော"

" စာအုပ်ဖတ်ပြပေး။ ဦးနှောက်အာရုံကြောတွေ အရမ်းတင်းကြပ်နေလို့။ ဒီနေ့တော့ ကျန်းဟောက်အသံနဲ့မှ အိပ်ပျော်မယ်"

သူ့ခေါင်းသူ ကိုင်အုပ်ကာ ပြောလာတာမို့ သဘောကျစွာပဲ အသံထွက်ရယ်လိုက်သည်။ ထယ်ရယ့်ကို အခန်းထဲအရင်သွားဖို့ တွန်းလွှတ်ပြီး ကျန်းဟောက်ကတော့ ကိုယ်လက်မျက်နှာဆေးကာ ဖတ်ပြဖို့ စာအုပ်ကို သေချာရွေးပြီးမှ အခန်းထဲ ဝင်သွားမိ၏။

ကျန်းဟောက် စာအုပ်ဖတ်ပြဖို့မတိုင်ခင် အိပ်ယာပေါ်မှာ မျက်မှန်တစ်လက်နှင့် အသုံးစရိတ်တွေ ထိုင်တွက်နေတဲ့ ထယ်ရယ်ဟာ အိမ်ထောင်ဦးစီးနှင့်တူသလိုလို။ အမြဲတမ်းလည်း ဒီလိုပါပဲလေ။

အာ.. ကျန်းဟောက်ကို မျက်စိမှူန်လို့ဆိုပြီး ခဏခဏ လိုက်စနေတာ သူကိုယ်တိုင်လည်း မျက်စိမှူန်နေပြီ။

" ကျန်းဟောက် ဒီလ အသုံးစရိတ်က နည်းနေတယ်"

" ဟင် "

" ကြောင်စရိတ်ကလည်း သူ့ဟာနဲ့သူရှိမှန်းသိပေမဲ့ ကပ်စေးမနှဲပါနဲ့ဆို"

" ကပ်စေးမနှဲပါဘူး။ ထယ်ရယ့်မှာ ပိုက်ဆံပေါမှန်း ကိုယ်သိပါတယ်။ ဒီအတိုင်း မသုံးဖြစ်တာ"

အာ.. လက်ထပ်ပြီးတော့ သိပ်မကြာဘူး။ ထယ်ရယ်က စီးပွါးရေးလောကထဲ မဆိုစလောက် ခြေလှမ်းစပြီး ရှယ်ယာရှင် လုပ်နေတာလေ။ စီးပွါးရေးသမားအစစ်တွေလို အကြီးအကျယ်မဟုတ်ပေမဲ့ အကျိုးအမြတ်ကောင်းတော့ ငွေရေးကြေးရေးပိုင်းက နှစ်ယောက်တည်းအတွက် စိတ်ပူစရာဆိုတာ လုံးဝမရှိနေ။

ကျန်းဟောက်အလုပ်လုပ်နေသည့် အနုပညာကျောင်းကလည်း ကျောင်းစရိတ်ဟာ မြင့်သည်ထက်ပိုပိုမြင့်လာပြီး လူကုံထံအသိုင်းအဝိုင်းက ကျောင်းသားတွေကို ပစ်မှတ်ထားနေတာကြောင့် လစာကလည်း အတက်ပဲရှိနေသည်။

လက်ထပ်လိုက်မှ ပိုပြီး ကံကောင်းလာတာလားတောင် မပြောတတ်။
ထယ်ရယ်က ကျန်းဟောက် ပိုက်ဆံခြွေတာသည့်အခါ မကျေမနပ်ဖြစ်တတ်ရုံပင်။

ကိုယ့်အတွေးနှင့်ကိုယ် ကုတင်ခေါင်းရင်းအား ကျောမှီလိုက်ချိန် ထယ်ရယ်ကတော့ လုပ်လက်စကို လက်စသတ်ရင်း ကျန်းဟောက်ရဲ့ ရင်ခွင်ထဲ တိုးဝင်သည်။
လူကြီး ဖြစ်မလာသေးတဲ့အတိုင်း ကျန်းဟောက်ကို ကပ်ချွဲရတာလည်း သဘောတွေ့လို့။

ခါးကို သိုင်းဖက်ထားတဲ့ ထယ်ရယ်က စိတ်တိုင်းကျမှီခိုပြီး ကျန်းဟောက်ရဲ့ အသံကို သေချာနားစွင့်ကာ တကယ်ပဲ အိပ်ပျော်သွားသည်။

နှစ်တွေအများကြီးကြာလည်း ရင်ခုန်လို့ မကုန်နိုင်အောင် ချုပ်နှောင်ထားတဲ့ ဂင်မ်ထယ်ရယ်တစ်ယောက်နဲ့ ကျန်းဟောက်တော့ တစ်သက်လုံးအချိန်ကုန်တော့မှာ သေချာပြီ ထင်ပါရဲ့။

မဟုတ်သေးပါဘူး။ ဂျန်းထယ်ရယ် ဖြစ်နေပြီ။

အဲ့တာကြောင့် ပြောတာပါလေ။
ရှင်းမ်ဂျန်းငီက ထယ်ရယ်ပါဆို လက်မခံဘူး။

ကျန်းဟောက်ရဲ့ ရင်ခုန်သံက ထယ်ရယ်ပဲကို။
ထယ်ရယ့်ရဲ့ ရင်ခုန်သံဟာလည်း ကျန်းဟောက်ပဲဖြစ်နေသလို။

အဖြူအမဲနဲ့တူခဲ့တဲ့ အချစ်ဆိုသည့်ခေါင်းစဉ်ကို မနက်ဝေလီဝေလင်း နေရောင်ခြည်လေးကဲ့သို့ မြင်တတ်လာအောင် သတိပေးခဲ့သည့် ဒီကောင်လေး။

ကိုယ်တိုင် အိပ်မပျော်ခင်ဘေးမှာ အိပ်ပျော်နေနှင့်တဲ့ ထယ်ရယ့်အား အိမ်မက်လှလှမက်စေရန်ငှါ ကျန်းဟောက် သတိတရ စကားဆိုမိသည်။

" မနက်ဖြန်လည်း ချစ်တယ်"



ʚʚʚʚʚʚʚʚ ɞɞɞɞɞɞɞɞ

THE END


·̩͙꒰ঌ ໒꒱·̩͙

author's note : နောက်ဆုံးတော့ shady ရဲ့ ဇာတ်သိမ်းပိုင်းကို ရောက်လာခဲ့ပါပြီ။ အမှတ်တရများတယ်လို့ ခံစားရတာကြောင့် အဆုံးသတ်ရမှာ ကိုယ်တိုင်လည်း နှမြောခဲ့ပေမဲ့ လှလှပပလေး အဆုံးသတ်လိုက်နိုင်တယ်လို့ မျှော်လင့်ပါတယ် ㅠㅠ အဘက်ဘက်က လိုအပ်ချက်တွေ ရှိနေတာကို feedback တွေ ရေးပေးပြီး ဂရုတစိုက်ဖတ်ပေးကြတဲ့ အတွက်လည်း အားလုံးကို ကျေးဇူးတင်ပါတယ် ㅠㅠ♡

နောက်ဆုံးအနေနဲ့လည်း honest feedback လေးတွေ ထပ်ဖတ်ခွင့်ရရင်တော့ ကျေးဇူးအများကြီး ထပ်တင်မိမှာပါရှင်

shady 읽어주신 모든 분들께 감사드립니다. !!!

--

Continue Reading

You'll Also Like

31.8K 2.4K 17
မြန်မာ | 𝗚𝘆𝘂𝗿𝗶𝗰𝗸𝘆 : 𝗬𝘂𝗿𝗶𝘇 : 𝗚𝘆𝘂𝗝𝗶𝗻 : 𝗦𝗵𝗲𝗻𝗧𝗮𝗲𝗿𝗮𝗲 [completed] ➳ triangle love / one-sided love ➳ angst ➳ mystery ➳ written...
47.1K 1.7K 42
Et si gaara avait une fille sans le savoir, qui réside à konoha ! Et que cette dernière était la disciple de Sakura Uchiha et metriser aussi le sable...
368K 32.1K 91
Sequel to my MHA fanfiction: •.°NORMAL°.• (So go read that one first)
1.7K 153 4
Medical Superintendent - Park JongSeong Just a versity boy - Kim Sunoo Jay × Sunoo Bur - Uni+Zaw Just fictional ✔️