Extra 2
ချစ်ခြင်းတို့သည်ရက်လနှစ်ကာလရှည်လျားသည့်အခါ မင်္ဂလာနှစ်ပတ်လည်ဟုခေါ်ဝေါ်သတ်မှတ်ကြပေသည်။အဆုံးအစမရှိသောပင်လယ်နှင့်တူသော ဒေါ်သက်ဝေ၏အချစ်နှင့် သူလိုရာကိုဆွဲငင်နိုင်သည့်လမင်းကဲ့သို့ နှလုံးသားပိုင်ရှင် နှင်းဒဏ္ဍာရီတို့၏ ဘ၀ခရီးလမ်းလေးသည် သာယာဖြောင့်ဖြူးညီညာလှသည်။
တစ်အိမ်တည်းအတူနေ တစ်ကုတင်တည်းအတူအိပ်စက်ကြ၍ အေးအတူပူအမျှအကောင်းအဆိုးအကြောင်းအကျိုးဝေဖန်ကြရင်း တစ်ဦးအပေါ်တစ်ဦးဇနီးကောင်းပီသခဲ့ကြပေသည်။မပြောင်းလဲတော့မည့်အချစ် မဟောင်းနွမ်းတော့မည့်မေတ္တာတရားတို့စုဝေးရာ "ချစ်နှင်းဝေဝေ" အမည်ရှိသည့် အိမ်ကလေးအတွင်းတွင် -
"ကလေး"
"ရှင်......"
(အသံကိုဆွဲ၍ နှင်းကထူးလိုက်သည်)
"မနက်ဖြန်ဆို ဝေတို့အိမ်ထောင်ကျတာ ခြောက်နှစ်ရှိသွားပြီနော်"
"ဟုတ်တယ်ဝေ"
"မင်္ဂလာနှစ်ပတ်လည်"
"ဝေအရင်နှစ်တွေကလိုပဲ ဘုန်းကြီးကျောင်းမှာဆွမ်းကပ်မလား"
"ဝေတွေးနေတာကလေး"
"ဘာတွေများတွေးနေလဲဝေရဲ့ ပြောပါဦး"
"မေမေဆုံးတာလည်းကြာပြီမဟုတ်လား"
"မေမေ့အရိုးအိုးမြှုပ်ထားတဲ့မေမေ့ရွာလေးဆီလည်း ဝေမရောက်ဖြစ်တာကြာပြီ"
"မွေးရပ်ရွာကလေးကိုပြန်မလားလို့ကလေး"
"ကလေးမအားရင်နေခဲ့ပါကွယ်"
"ဝေတစ်ယောက်တည်းသွားမယ် အလုပ်နဲ့ဆိုတော့ ဝေမခေါ်ချင်ဘူး"
"ခုတလောမေမေ့ကိုသတိရနေတာ"
"ဝေရဲ့ကလေးဘ၀ကအဲ့ဒီရွာလေးမှာဖြတ်သန်းလာတာ"
"အထက်တန်းကျောင်းတက်မှဒီကိုရောက်လာတာ"
"ဝေရယ် သူစိမ်းဆန်တဲ့စကားတွေ"
"ဝေဘယ်ကိုသွားသွားနှင်းလိုက်မယ်ဆိုတာ ဝေသိပါဝေ"
"ဝေကိုကလေးပေါက်စလေးလိုပဲစိတ်မချဘူး"
"နှင်းမပါဘဲ ဝေကိုဘယ်မှမလွှတ်ပါဘူး"
"နှင်းအိပ်မက်လေးက နှင်းဘေးမှာရှိရမယ်"
"ဘယ်နှစ်ရက်နေချင်လဲဝေ"
"သုံးရက်လောက်ပေါ့ကလေးရယ်"
"ကလေးကမြို့မှာအနေကြာတော့ တောဓလေ့တွေနဲ့အံ၀င်ဂွင်ကျမဖြစ်မှာဝေသိတယ်"
"ဝေတို့သုံးရက်လောက်တော့နေမယ်လေ"
"အဲ့ဒီအချိန်အတွင်း အနေအစားအခက်အခဲလေးတွေရှိနိုင်တယ်"
"ကလေးဖြစ်ရဲ့လား"
"ဝေရဲ့ကလေးကလုပ်ငန်းရှင်ဖြစ်နေပါပြီ"
"ကလေးမဟုတ်တော့ဘူး ဝေခေါ်လို့သာဝေကလေးဖြစ်နေတာ"
"ဝေဆန္ဒမှန်သမျှဖြည့်ဆည်းချင်တယ်"
"ဒီအတွက် ဘာအခက်အခဲမဆို စိတ်ထဲမှာအဲ့ဒီလောက်ကြီးမတွေးထားဘူး"
"ဝေအနားရှိပြီးတာပဲ"
"သံသရာကတစ်ပတ်ပြန်လည်ခဲ့ရင် ဝေကလေးကိုပဲဝေလက်ထပ်မယ်"
"ဝေသိပ်ချစ်တာပဲကလေးလေးရယ်"
"ညနက်ပြီ အိပ်ကြစို့"
"မနက်ဖြန်ခရီးသွားရမှာ အားပြည့်နေဖို့လိုတယ်"
"မနက်ကျရင် နှင်းပဲထလိုက်မယ် အထုတ်တွေပြင်ရမယ်ခရီးသွားဖို့"
"အိမ်ကလူတွေလည်းမှာစရာရှိတာမှာရမယ်"
"မနက်၉နာရီလောက်ထွက်ကြမယ်အိမ်က"
"ဝေလည်းအိပ်ရေး၀ပြီဒါဆို"
"အိမ်ဦးနတ်ကလေးရယ် စီစဉ်လိုက်တာဒီကအဖွားကြီးတစ်ပိုင်းဇနီးမယားက ကျေနပ်ပီတီဖြစ်နေရပါရောလား"
"နှင်းအိပ်မက်လေးလေဝေက အလှဆုံးဖြစ်စေရမှာပေါ့"
ထိုညကုန်လွန်ပြီးနောက် မနက်လင်းသည့်အခါ နှင်းကခရီးသွားရန်အတွက်လိုအပ်သည့်ပစ္စည်းများကို ခရီးဆောင်အိတ်တစ်ခုအတွင်းသို့ ထည့်နေလေသည်။ဒေါ်သက်ဝေ၏မနက်ခင်းလုပ်ငန်းများဖြစ်သည့် ဘုရားရှိခိုး၊တရားထိုင်ပြီးမှ မနက်စာစားရန်အောက်ထပ်သို့ဆင်းလာသည်။မီးဖိုခန်းရောက်၍ နှင်းကိုမတွေ့လျှင် အိမ်အကူကောင်မလေးများအား -
"ကလေးရော"
"မမလားအန်တီ"
"သူမနက်အစောကြီးထလာပြီးစားပြီးသွားပြီ အပေါ်ကိုတက်သွားပြီရှင့်"
"ဪ အင်း အင်း"
"အန်တီဘုရားခန်းကနေဒီကိုတန်းဆင်းလာတာ"
"ဘုရားကန်တော့နေတုန်းသူအခန်းထဲ၀င်သွားတာဖြစ်မယ်"
"ဟုတ်ပြီ"
အဆင်သင့်ပြင်ထားသောစားပွဲပေါ်မှ မနက်စာကော်ဖီနှင့်ကိတ်မုန့်အချို့ကို ဗိုက်ပြည့်ရုံအတော်အသင့်စားလိုက်သည်။ပြီးနောက်အခန်းတွင်း၀င်သွားသည့်အခါ ခရီးဆောင်အိတ်ထဲ ပစ္စည်းအချို့ထည့်နေသည့်နှင်းကိုတွေ့ရလေသည်။စေ့စပ်လိုက်သည့် အိမ်ထောင်ဦးစီးလေးကို အသံမပေးဘဲ နောက်မှတိတ်တိတ်ကလေး ကြည်နူးပီတိဖြစ်စွာဖြင့် ရပ်ကြည့်နေမိသည်။အိမ်ထောင်ရေးသုခကို ဒီအမျိုးသမီးကလေးနှင့်မှခံစားရတော့သည်။
နေမ၀င်တော့မည့်အချစ်မျက်၀န်းတို့ဖြင့် ချစ်ရသည့်ကလေးလေးကို ပြုံးရင်းကြည့်နေသည်။ နှင်းပစ္စည်းထည့်ထားသည့်အိတ်ကို ကုတင်ပေါ်မှကြမ်းပြင်ပေါ်သို့ မ၍ချလိုက်စဉ် ချစ်ရသူတွေ့သည်။စကားမပြောဘဲ မိမိကိုပြုံးပြုံးကြီးကြည့်နေသဖြင့် ပွေ့ဖက်လိုက်ပြီး -
"ကြည့်လှနေလားဝေ"
"သိပ်ကြည့်နေတာပဲ"
"ဒီနေ့မင်္ဂလာနှစ်ပတ်လည်မို့ ပိုချစ်သွားတာတော့မဟုတ်ပါဘူးနော်"
"မင်္ဂလာနှစ်ပတ်လည်ပဲချစ်တာမဟုတ်ဘူးလေ ကလေးရဲ့"
"ဝေအတွက်နေ့တိုင်းက မင်္ဂလာနှစ်ပတ်လည်နေ့တွေပဲ"
"ကြည့်မိနေတာက ကလေးကသိပ်ချစ်စရာကောင်းနေတာကိုး"
"ဝေအ၀တ်တွေထည့်လိုက် တစ်ယောက်တည်းဘာကျန်ခဲ့မလဲ တတွတ်တွတ်ပြောနေတာမြင်တော့"
"လူရွေးမှန်ခဲ့တယ်လို့တွေးမိလို့ပါ"
"နောက်ကျတော့မယ်ခရီးက"
"စကားတွေရပ်ပြီးသွားကြစို့လားကလေး"
"ဪ ရွာက ဝေအမျိုးတွေအတွက်ဘာ၀ယ်ဦးမလဲ"
"လမ်းကျရင်ဈေးထဲခဏ၀င်ရအောင်နော်"
"အ၀တ်အစားနဲ့အစားအသောက်လေးတွေဝယ်ချင်လို့"
"ဝေတို့အိမ်ကို ဝေအစ်မ၀မ်းကွဲဆီအပ်ခဲ့တာ"
"သူ့မှာလည်းကလေးလေးတွေရှိတယ်လေ"
"ကလေးတွေအတွက်အ၀တ်အစားလေးတွေရယ် သရေစာလေးတွေရယ်"
"အစ်မနဲ့သူ့အမျိုးသားအတွက် အ၀တ်အစားတွေ၀ယ်ဦးမယ်"
"ကောင်းပါပြီ ဝေသဘော"
"သွားမယ်လေ"
ကြင်နာသူသဘောကျလိုက်လျောနေရလျှင် ကျေနပ်နေသည့်နှင်းဒဏ္ဍာရီတစ်ယောက် ဈေးအတွင်းသို့လိုက်ပါသွားပြီး ကူညီရွေးချယ်ပေးနေလိုက်သေးသည်။အမျိုးအဆွေတို့အတွက် လုံလောက်သည့်လက်ဆောင်ပစ္စည်းများကို၀ယ်ယူပြီးပါက ဒေါ်သက်ဝေ၏မွေးရပ်ဇာတိရွာကလေးသို့ ခရီးနှင်ခဲ့တော့သည်။
နာရီအနည်းငယ်ကြာပြီးနောက် ရွာ၀င်လမ်းထိပ်ကိုအဝေးမှမြင်နေရလေသည်။ရွာအ၀င်လမ်းသို့ရောက်သည့်အခါ ငယ်စဉ်အခါက ပြေးလွှားဆော့ကစားခဲ့သည့် မန်ကျည်းပင်တန်းကြီးကိုတွေ့လိုက်ရ၍ စိတ်တို့မှာတစ်ဖန်နုပျိုလာသကဲ့သို့ ခံစားရသည်။ငယ်ဘ၀ပုံရိပ်တို့အား မျက်လုံးထဲတွင်မြင်ယောင်မိသည်။လောက၏အချိုးအကွေ့ အလှည့်အပြောင်းတို့ကို မသိရှိသေးသည့် အပူအပင်ကင်းသည့်ကလေးဘ၀မှာ အမှတ်တရတို့ဖြင့်ပြည့်နှက်နေသည့် ကာလအပိုင်းအခြားလေးပင်။
ကားလေးမှာတဖြည်းဖြည်းရွာ၀င်လမ်းမှသည် ရေနံဂျီးသုတ်ထားသည့်နှစ်ထပ်သစ်သားအိမ်လေးဆီသို့ရောက်လာလေသည်။ကားရပ်လိုက်သည်နှင့် အိမ်၏ဘေးပတ်၀န်းကျင်ကို ဒေါ်သက်ဝေမျက်လုံးကစားလိုက်လေလျှင် နွားတင်းကုပ်၊ဆိတ်ခြံ၊စပါးကျီတို့ကို မိမိငယ်စဉ်ကတည်းကမပြောင်းမလဲရှိနေတုန်းပင်။မိခင်ကိုသတိရမိသည့်စိတ်ကြောင့် မျက်ရည်လေးများဝဲလာလေသည်။
ကားရပ်လိုက်လျှင် မဆင်းသေးဘဲဘေးဘီကိုကြည့်၍ မျက်ရည်လေးများဝေ့နေသည့်ကြင်နာသူကိုမြင်လျှင်မြင်ချင်း ဘေးချင်းယှဉ်ထိုင်နေသဖြင့် လက်ကလေးကိုအသာလေးကိုင်လိုက်ကာ -
"ဝေ ဘာဖြစ်တာလဲ"
"နေမကောင်းလို့လား ဘယ်နားကနေထိုင်မကောင်းလဲ"
"မဟုတ်ပါဘူးကွယ် မေမေ့ကိုသတိရလို့ပါကလေးရယ်"
"ဝေကလည်း အဖွားလည်းကောင်းရာဘုံဘ၀ကိုရောက်နေပါပြီ"
"၀မ်းနည်းစရာတွေမတွေးရဘူးလေ မင်္ဂလာနှစ်ပတ်လည်နေ့ကို"
"ဝေငိုရင်ဘာလုပ်ပေးရမလဲမသိဘူးနှင်းက"
"မငိုလိုက်နဲ့နော်"
"မငိုပါဘူးကလေးရယ် ဝေစိတ်နည်းနည်းထိခိုက်လို့ပါ"
"ကလေး ဆင်းကြမလား"
"ဆင်းမယ်လေ"
ကားတံခါးဖွင့်လိုက်သည်နှင့် အိမ်အောက်ထပ်မှ ယောင်းမကြီးကိုင်ပြေးလာသော အစ်မကိုမြင်လေသည်။သူ့နောက်တွင်လည်း ဆံရစ်ဝိုင်းကလေးနှင့်ကလေးမလေးနှစ်ယောက်က လိုက်လာသည်။ဒေါ်သက်ဝေတို့ကိုခရီးဦးကြိုပြုပြီးနောက် အိမ်အောက်ထပ်မှသည် အပေါ်ထပ်သို့ ကလေးမလေးနှစ်ယောက်က အထုပ်များကို ကူရွေ့ပေးလေသည်။
နှင်းနှင့်ဒေါ်သက်ဝေမှာ အိမ်အောက်ကတန်းလျားတွင်ထိုင်ကာ အမောဖြေနေလေသည်။တောဓလေ့အတိုင်း စားပွဲပေါ်တွင် ထန်းလျက်ခဲပန်းကန်၊ရေနွေးကြမ်းအိုး၊ရေနွေးပန်းကန်တို့ကိုချထားသည်။မပါမဖြစ် လက်ဖက်အုပ်ကလေးရောပါသေးသည်။နှင်းမှာယခုမှ ဒုတိယအကြိမ်ယောက္ခမအိမ်ကိုသေချာရောက်ဖူး၍ မြင်သမျှကလေ့လာစရာ။ညီမနှစ်ဦးမှာ မတွေ့ဖြစ်သည်ကကြာပြီဖြစ်၍ -
"ဝေဝေကဖုန်းပဲလှမ်းလှမ်းဆက်တော့ လူချင်းတွေ့ဖို့ မမသန်းကဆုတောင်းနေတာ"
"ကိုယ့်ရွှေကိုယ့်မျိုး ခင်တာမင်တာလေ မမသန်းက"
"ဝေဝေလည်းလာဖြစ်ဖို့က ကလေးအလုပ်ကမအားမအားနဲ့ နှစ်တွေတောင်ကြာပြီပေါ့"
"မေမေမရှိကတည်းကမရောက်တာပဲ"
"ခုထိထိန်းသိမ်းပေးထားတာကို ဝေဝေကျေးဇူးတင်လှပါပြီ"
"သမီးတွေရော ဘယ်နှစ်တန်းရောက်ပြီလဲမမသန်း"
"အကြီးဆုံးလေးကတော့ နယ်ဝေးမှာအလုပ်သွားလုပ်လေရဲ့"
"ခုမြင်တဲ့နှစ်ယောက်က ကိုးတန်းနဲ့ရှစ်တန်း"
"ထွားလိုက်တာ"
"ညည်းတူမလေးတွေက ညည်းလိုဆရာမဖြစ်ချင်သတဲ့တော်"
"ဖြစ်ချင်ရင် ဝေဝေရှိတာပဲ"
"ဆယ်တန်းရောက်ရင် ဝေဝေဆီလွှတ်လိုက်"
"ဝေတူမလေးတွေကို ဝေထောက်ပံ့ချင်တယ်"
"သူတို့သာမေး မမသန်းကသူတို့သဘော"
"သူတို့လည်းပြောထားတယ်"
"ပညာတတ်အောင်သင် မဟုတ်ရင်ငါ့လိုကောက်စိုက် မြက်ရိတ်နေရမယ်လို့"
"ကလေးတွေကိုမမသန်းကလည်း"
ညီမနှစ်ယောက်စကားကောင်းနေစဉ် နှင်းမှာ ၀င်မပြောဘဲခပ်ဝေးဝေးကိုငေးကြည့်နေသည်။နှင်းတစ်ယောက်မှာလိပ်ပြာလွင့်နေဟန် မလှုပ်မယှက်။ဘေးကစကားသံမကြား၍ အာရုံပြန်စိုက်မိမှ ငေးတိငိုင်တိုင်နှင်းကို ပုခုံးချင်းတိုက်လိုက်ရာ -
" မြတ်စွာဘုရား"
(အာမေဋိတ်သံနှင့်အတူ လန့်သွားပုံရသည့်နှင်း)
"ဘာတွေငေး"
"ဒီတိုင်းပါ"
"ဝေတို့စကားပြောလို့ပြီးပြီလား"
"ပြီးပါ့တော် သူဌေးမလေးကငေးနေတာကိုး"
(၀မ်းကွဲအစ်မက၀င်ရောက်စကားဆက်လိုက်သည်)
"အန်တီရယ် သမီးကိုအဲ့လိုမခေါ်ပါနဲ့ မနေတတ်ပါဘူး"
"ဝေကလေးပဲဆိုတော့ တူမလေးလောက်ဆိုတော်ပြီပေါ့"
"ကောင်းပါပြီတော် တူမလေး ဟုတ်ပြီလားတော်"
"ဒါမျိုးမှပေါ့"
"အန်တီနဲ့ဝေက စကားပြောနေတော့ နှင်းလည်းဘာပြောရမှန်းမသိတာနဲ့ ဆိတ်ခြံဆီမျက်လုံးကရောက်နေတာ"
"ဆိတ်မမြင်ဖူးဘူးလားတူမလေး"
"မြင်ဖူးတယ် ဒါပေမယ့်အန်တီတို့လိုမျိုးခြံကျခုမှမြင်ဖူးတာ"
"ကြီးကြီးခေတ်ကတည်းကရှိတာလေ"
"ဝေဝေဆိုဆိတ်ကျောင်း"
"ဝေကဆိတ်ကျောင်းတယ် ဟုတ်လားအန်တီ"
"ဟုတ်ပါ့"
"ဆိတ်ကျောင်းရင်း နှစ်ကောင်ကကားလမ်းအကူး ကားတိုက်ခံရပါရောလား"
"ငိုပြန်လာတယ်လေ"
"ကြီးကြီးကမေးတော့ ဆိတ်သေလို့တဲ့တော်ရေ"
"ဝေဝေငယ်ငယ်ကစိတ်နုတာမှ"
"မမသန်းကလည်းငယ်ကျိုးငယ်နာတွေ"
"တော့်မယားလေးသိအောင်ပြောရတာပါတော်"
"ဟော လုပ်လာပြီ လုပ်လာပြီ"
"မမသန်းနဲ့နေရင်ကြာရင် ခေါင်းပါဖြုတ်ထားရမယ်ဝေဝေတော့"
"ရှက်တာကို"
"လာ လာ ကလေး အပေါ်တက်မယ်"
ရှက်ဇောဖြင့် နှင်းလက်လေးကိုဆွဲပြီး အပေါ်ကိုခပ်သုတ်သုတ်တက်သွားလေသည်။နှင်းကမူ ပြုံးစိစိနှင့် အပျိုကြီးရှက်သွားသည်ကို ရယ်ချင်နေဟန်ရှိသည်။အပေါ်ထပ်အထုပ်များထားရာ အခန်းငယ်လေးထဲသို့ရောက်လျှင် ငုတ်တုတ်ကလေးကြမ်းပြင်ပေါ်ထိုင်ချလိုက်သည်။နှင်းလည်းအတူတူကပ်ထိုင်လိုက်ကာ -
"ဘာဖြစ်တာလဲ မယားလေးမို့ မယားလေးပြောတာကို"
"မယားလေးမဟုတ်လို့ မယားကြီးလားနှင်းက"
"ရှက်နေပါပြီဆိုနေ တော်တော့ကွာ"
"ဒီကမယားလေးဆို ရှက်နေတာမယားကြီးပေါ့"
" ပြောလေကဲလေ မန်းလေပြဲလေနော်ကလေး"
"ထရိုက်မိတော့မယ်"
"ကျောင်းသူဘ၀တုန်းကတောင် မရိုက်ဖူးတာကို ကြောက်စရာလား"
"အဲ့တုန်းက အဲ့တုန်းကပဲ"
"ခုရိုက်ချင်ရိုက်မှာပေါ့"
"တုတ်တောင်းနေတာလား"
"ဆရာမကိုယူထားတာတကယ်ကိုထစ်ကနဲရှိ လူကိုခြိမ်းလားခြောက်လားနဲ့"
"မလွယ်ဘူး မလွယ်ဘူး"
"မလွယ်ရင်မချစ်ခဲ့နဲ့ပေါ့"
"အဲ့တာနှလုံးသားလေ တားမရဘူး"
"အပိုတွေ"
"ပစ်ချင်နေလို့ဒီအသံတွေထွက်လာတာ"
"ကောက်ကွေးလေး"
"နှင်းကိုစိတ်ကောက်သွားတာလား"
"လာမခေါ်နဲ့ သွားတော့"
"ဘယ်သွားရမှာလဲ အိပ်စရာဒီအခန်းရှိတာကို"
"ခြေရောလက်ပါမြှောက်ပြီး အရှုံးပေးပါတယ်"
"အိမ်ရှင်ကနှင်ထုတ်ရင် ဒီည ဘုန်းကြီးကျောင်းသွားအိပ်နေရမယ်"
"မှားတာရှိရင်လည်း လက်ဆယ်ဖြာထိပ်မှာမိုးပါတယ်ရှင်"
"ရက်စက်နိုင်ပါ့မလားဒေါ်နှင်းဒဏ္ဍာရီရယ်ကျွန်မက"
"နောက်တောက်တောက်သာမလုပ်နဲ့"
"ခုနားဦးမယ်"
"အပြင်ကတံခါးတွေဖွင့်လိုက်မယ်နော်ဝေ"
"ပူအိုက်နေတာပဲ"
"ဖွင့်ပါရှင်"
"ပြီးရင်တူတူလှဲရအောင်"
"အိပ်ရာကထရင်ရေမိုးချိုးထမင်းစားမယ်နော်"
"ညနေပိုင်းရွာဦးကျောင်းဆရာတော်ဆီခဏသွားမယ်ကလေး"
"ဟုတ်ကဲ့ဝေ"
ကျေးလက်တောရွာ၏ သန့်ရှင်းလတ်ဆတ်သည့်လေနုအေးကလေးက ခရီးပန်း၍ နားလိုသည့်နှင်းတို့နှစ်ဦးကို အိပ်စက်ခြင်းသို့ရောက်စေသည်။မြို့ပြ၏ဆူညံသံများ၊မီးခိုးငွေ့များ၊လူသံသူသံများအစား နွား၊ဆိတ်၊သိုးစသည့် တိရစ္ဆာန်တို့၏အော်သံများကိုသာကြားရသည်။နွားလည်ပင်းတွင်တပ်ထားသည့်ခြူသံကလည်း နွားလှုပ်ရှားလိုက်သည်နှင့် အလိုလိုထွက်ပေါ်နေလေသည်။ကျေးလက်ဟန် ကျေးလက်သံဟုဆိုချင်ဆို ....
အိပ်ရာမှနိုးလျှင် ရေမိုးချိုးရန်ပြင်ရပေတော့သည်။ရေချိုးရန်ကန်လေးမှာလည်း အိမ်၏အနောက်ဘက်တွင်ကပ်လျက်ဖြစ်၍ shower cream ဘူးများ၊ရေလဲထမီများယူပြီးအပေါ်ထပ်မှဆင်းလာကြသည်။အောက်သို့ရောက်လျှင် -
"ဧည့်သည်တွေ နိုးကြပြီလား"
"နိုးပြီမမသန်းရေ"
"ရေချိုးဖို့အဆင်သင့်ပဲ"
"လွန်ခဲ့တဲ့နှစ်ကပဲရွာဦးဘုန်းကြီးကကမကထလုပ်ပြီး မြစ်ထဲကရေကိုသွယ်ယူတာလေ"
"ခုတော့အဲ့ဒီကပဲ တို့ရွာကတစ်အိမ်ဆီကိုပိုက်နဲ့သွယ်ထားပေးတော့"
"တို့ငယ်ငယ်ကလို ကားလမ်းကတွင်းသွားစရာမလိုတော့ဘူးပေါ့အေ"
"ချိုးကြချိုးကြ"
"ရေ၀အောင်"
ဒေါ်ခင်သန်းနှင့်စကားပြောအပြီး အိမ်အနောက်ဖေးကရေကန်လေးဘက်သွားကြလေသည်။ရေမှာကြည်ပြီးအေးမြနေ၍ ချိုးလို့အလွန်ကောင်းပေသည်။တစ်ဗွမ်းဗွမ်းချိုးနေကြသည်မှာ ရေ၀မှသာတော်တော့သည်။အပေါ်ထပ်ပြန်တက်ပြီးအ၀တ်အစားလဲကာ ဘုရားခန်းရှေ့ ကျောက်ပြင်လေးနားသို့ထိုင်၍ ဒေါ်သက်ဝေက သနပ်ခါးတုံးကိုစိမ်ပြေနပြေသွေးလေသည်။
သနပ်ခါးသိပ်လိမ်းလေ့မရှိသည့်နှင်းကမူ အခန်းထဲတွင်ဖုန်းဖွင့်၍ အင်တာနက်သုံးနေလေသည်။ဒေါ်သက်ဝေမှာမိမိလိမ်းအပြီး -
"ကလေး အပြင်ထွက်လာခဲ့"
"ဘာလို့လဲဝေ"
"သနပ်ခါးလိမ်းမယ်လေ"
"ပူတယ် ဒါလေးလိမ်းထားမှနေပူဒဏ်ကကာကွယ်နိုင်တာ"
"ရတယ် နှင်းမှာနေရောင်ကာခရင်ပါတယ်"
"ဝေခေါ်နေတယ်ကွယ် ကလေးရဲ့လာပါ"
"မလိမ်းလို့မရဘူးလားဝေ"
"ဒီသနပ်ခါးကြီးကကျောင်းတက်တုန်းက အီဆောင့်နေအောင်လိမ်းခဲ့ပြီးပြီ"
"လိမ်းရဦးမှာလား"
"လိမ်းဆိုလိမ်း"
"လာ ထွက်ခဲ့"
"လုပ်ပြန်ပြီ ခြိမ်းလားခြောက်လား"
သနပ်ခါးမလိမ်းချင်သူမှာ အခန်းထဲမှဖုန်းလေးကိုင်ထွက်လာပြီး ဘုရားခန်းကကျောက်ပြင်ရှေ့ရောက်သွားပြန်သည်။ချစ်သောမူပိုင်ရှင်ကအခေါ်တော်ရှိနေသည်ကို မသွားမိလျှင် စိတ်ဆိုးဦးမည့်အရေးကြောင့်သာရောက်လာရသည်။စိတ်ကမပါချင်။မျက်နှာချင်းဆိုင်ထိုင်ပြီး သနပ်ခါးကိုကျကျနနလိမ်းပေးနေလေရာ နှင်းမှာမျက်လုံးစုံမှိတ်ထားသည်။
"မျက်နှာပြောင်နဲ့မနေရဘူး ပူနေတာကို"
"အသားတွေနေလောင်ကုန်မှာ"
"ကြာလေပြောရခက်လေကလေးက"
"ဝေကလည်း"
"ကိုယ့်ဘာသာမလိမ်းချင်တာလေ"
"အိမ်ကနေအလုပ်ကိုသွားလည်းမိတ်ကပ်ပဲလိမ်းတာမဟုတ်ဘူးလား"
"ပြီးတော့ ဟိုမှာလည်းမျက်နှာပြောင်နဲ့နေတာပဲအိမ်မှာဆို"
"မတူဘူးကလေး"
"ဒီကရွာ နောက်ပြီးအိမ်လို လေအေးပေးစက်တပ်မထားဘူး"
"သဘာ၀လေရယ် သဘာ၀နေရယ် ဒါပဲရှိတယ်"
"အေးချင်ရင်အရိပ်ရှာထိုင်"
"အပူထဲသွားဦးထုပ်ဆောင်း"
"အသားအရည်ကသိသာတယ်"
"ဝေကလေးအသားကဖြူနေတာ"
"နေထိရင် ညိုကုန်လိမ့်မယ်"
"နေရောင်ကာလိမ်းဆေးကောင်းတာဝေသိတယ်"
"ဒါပေမယ့် ကျေးရွာဓလေ့ကိုဝေကလေးလေးကိုခံစားစေချင်လို့"
"ဒီမှာက ဝေတို့ဆီလို နေရောင်ကာလိမ်းဆေးတွေမလိမ်းကြဘူး"
"တောင်သူလယ်သမား လယ်လုပ်ယာလုပ်ဆိုတော့ တောထဲအမြဲသွားနေရတယ်လေ"
"သူတို့မှာဒါတွေလုပ်နေလို့မရဘူး"
"ဒီတော့ မြန်မာ့နည်းမြန်မာ့ဟန်နဲ့နေရောင်ကာရတာပေါ့ သနပ်ခါးလိမ်းပြီး"
"ပြီးပြီလားဝေ မှာတမ်းခြွေလို့"
"မျက်လုံးဖွင့်ချင်ပြီဝေ"
"ရပါပြီ ပါးကွက်ကျားနဲ့လှနေတာလေးကြည့်လိုက်ပါဦး"
နှင်းမျက်လုံးဖွင့်လိုက်သည်နှင့် ကျောက်ပြင်ရှေ့က မှန်တွင်ပြန်ကြည့်လိုက်ရာ ပါးကွက်ကျားကလေးမှာ လှလှပပနှင့်မိမိပါးနှစ်ဖက်ကို တန်ဆာဆင်ပေးနေလေသည်။ပါးကွက်ကျားကိုမြင်သည့်အခါ ကျောင်းသူဘ၀ကိုပြန်သတိရမိသည်။ကျောင်းစိမ်းနှင့်ဝေကထိပ်ဆုံးကပင်။အမှတ်တရလေးများမှာတွေးမိတိုင်း ပြုံးရသည်။ထို့ကြောင့်နှင်းပြုံးလိုက်မိသည်။နှင်းပြုံးနေသည်ကို ဒေါ်သက်ဝေကမြင်လျှင် -
"လှနေတာသိပြီမဟုတ်လား ပြုံးလို့"
"သနပ်ခါးလိမ်းဖို့ဂျစ်ကန်နေသူကြီးရေ"
"သနပ်ခါးလိမ်းပေးတဲ့လူကလှလို့လေ"
"အိမ်ထောင်ဖြင့်ကျနေပြီ ချွဲလို့ကောင်းတုန်း"
"ကျောင်းကိုသတိရသွားလို့ပါ"
"ပါးကွက်ကျားကိုကြည့်ရင်း"
"နောက်ဆုံးတော့ ကျောင်းမှာပဲအချစ်တွေ့ခဲ့တာလေ ဒီကဒေါ်သက်ဝေကြီးနဲ့"
"သိပ်မာတာစိတ်ကအစ"
"အတော်ပျော့အောင်မီးပေးလိုက်ရတယ်လေ"
"အချစ်မီးနဲ့"
"ဒါကတော့အမှန်တရားမို့လက်ခံလိုက်ပါ့မယ်"
"လေပေါလေး ထကြစို့"
"ရေမိုးချိုးပြီးရင် နေ့လည်စာစားကြမယ်"
တောဓလေ့တောအငွေ့အသက်ကလေးများပြည့်စုံနေသည့်ထမင်းဝိုင်းကလေးတွင် ဟင်းများကလည်း အသား၊အသီးအရွက်၊အတို့အမြှုပ်အစုံ။ဒေါ်ခင်သန်းတို့သားမိသုံးယောက်နှင့်အတူ နှင်းတို့ထမင်းဝိုင်းလေးကလူစည်လေသည်။နှင်းကတော့ ထမင်းဝိုင်းနှင့်အသားကျဟန်မရှိသဖြင့် ဟင်းအနည်းငယ်သာ ပန်းကန်ထဲသို့ထည့်စားလေသည်။
ထမင်းဝိုင်းမှာ စားသောက်ပြီးပါက ချက်ချင်းသိမ်း၍ လက်ဖက်ရည်ဝိုင်းအသွင်ပြောင်းသွားသည့်အခါ -
"ကိုတင့်ဆန်းရောမမသန်း"
"ရှိပါ့ မနက်ကတည်းကထမင်းထုပ်နဲ့တောထဲသွားပြီ"
"ထန်းလျက်ကချက်ရတယ်လေအေ"
"ထန်းတက် ထန်းလျက်ကြိုပေါ့"
"အိမ်ကကလေးနှစ်ယောက်လည်းသွားပြီလေ ထမင်းစားသောက်ပြီးတော့"
"ကူဖို့"
"ထန်းနားရင် ကြက်သွန်၊ပဲ၊ငရုတ်စိုက်ပေါ့အေ"
"ငါးကလည်းသူအားရင်သွားမျှားသေးတယ်လေ"
"မိုးရာသီဆို ဖားရိုက် ပဒက်ရိုက် အိမ်ကမီးဖိုတဲထဲလည်း တန်းလန်းတွေ"
"အန်တီ ပဒက်ကဘယ်လိုဟာလဲဟင်"
"ဖုတ်စား ကင်စားလို့ရတယ်"
"မသိရင်တောက်တဲ့လိုလို အိမ်မြှောင်လိုလိုပုံစံ"
"အို...အသည်းယားလိုက်တာ"
"စားမလားတူမလေး"
"တော်ပါပြီအန်တီရယ် စားဖို့ထက်အရင်ကြောက်နေလို့"
"မြေကြွက်ရောစားဖူးလား"
"အကောင်ကြီးကြီးလေး"
"မစားဖူးဘူး ကြွက်ဆိုသေးသေးလေးတောင်ကြောက်တယ်"
"ဝေဝေညည်းဟာလေးကတော့အာဂပဲ"
"မြို့သူဆိုတော့လည်းဟုတ်မှာ"
"မြို့စာနဲ့တောစာတော့မတူဘူးပေါ့"
"တို့တောကတော့ ဂဏန်းနှိုက်ချိန်နှိုက် ငါးမျှားချိန်မျှား ဖားကောက်ချိန်ကောက် ကြွက်ဖမ်းချင်ရင်ဖမ်း ရရာရှာစားကြတာကိုး"
" ရွာဦးကျောင်းဆရာတော်ရော ကျန်းမာရဲ့လားမမသန်း"
"မာပါ့တော် အရင်နှစ်ကတောင်ထီးတင်ပွဲကိုသူကိုယ်တိုင်လုပ်တာ"
"ရပ်ဝေးကလူတွေက ဘုရားလာတည်တာလေ ကျောင်းထဲမှာ"
"ပိုက်ဆံကြဲတာတော်ရေ ဘုန်းကြီးက"
"ကောက်လိုက်ကြတဲ့ဖြစ်ချင်း"
"ညနေဘုန်းဘုန်းဆီသွားမလို့"
"လှုဖွယ်ပစ္စည်းလေးနဲ့၀တ္ထုငွေလေးကပ်ချင်လို့"
"နေအေးရင်သွားလေအေ"
"ငါရွာနောက်ပိုင်းခဏသွားဦးမယ်"
"ဆန်ဖိုးတွေရှင်းရမယ်"
" ဒီနှစ်အိမ်ကဆန်လေးနည်းနည်းပါးပါးရတော့ အိမ်ဖို့ချန်သင့်တာချန်ပြီး ကျန်တာအိမ်စရိတ်ပေါ့အေ"
"တောဆိုတော့ ဘာပေါ်မှပေးညာပေါ်မှပေးရှိတာကိုး"
"သွားပြီအေ"
"ညည်းတို့လွတ်လွတ်လပ်လပ်သာနေ"
"ငါပြန်လာမှသွားကြပေါ့ ရွာဦးကျောင်း"
"ဟုတ်ကဲ့ မမသန်း"
ညနေဘက်ဒေါ်ခင်သန်းပြန်အလာထိစောင့်ပြီးမှရွာဦးကျောင်းသွားကြလေသည်။ရွာဦးကျောင်းမှာ ရွာ၏အရှေ့ဘက်တွင်ရှိပြီး မြို့ကဲ့သို့ကွန်ကရစ်လမ်းများမရှိသဖြင့် ဖုန်များနစ်နေသည့်သဲလမ်းမှတစ်ဆင့်သွားရလေသည်။ရွာ၏အိမ်တိုင်းအိမ်တိုင်းတွင် နွား၊ဆိတ်၊သိုးတို့မှာ နေရာအနှံ့မြင်ရသကဲ့သို့ လမ်းပေါ်တွင်လည်း နွားချေးပုံများကိုရှောင်သွားရသည်။နှင်းစိတ်ထဲဤအရာသည်လည်း ကျေးလက်အငွေ့အသက်ဖြစ်မည်ဟု တွေးလိုက်သည်။
တရွေ့ရွေ့လျှောက်လာရင်း ရွာဦးကျောင်းသို့ရောက်လာခဲ့သည်။ကျောင်းထဲသို့၀င်ရန်မုဒ်ဦးတွင်ဖိနပ်ချွတ်ကာ ကျောင်း၀န်းအတွင်း ဗုဒ္ဓဘာသာ၀င်တို့အမူအကျင့်အတိုင်း ခြေဗလာဖြင့်၀င်လာကြသည်။ကျောင်းထဲတွင် ဆွမ်းစားကျောင်းဆောင်ကြီးနှစ်ဆောင်မှာ ဟီးဟီးထနေပြီး အရိပ်ကောင်းသည့်နှစ်ရှည်သစ်ပင်ကြီးများကိုလည်းတွေ့ရသည်။
ကျောင်း၀န်းထဲတွင် ကိုရင်ပေါက်စလေးများက အပင်အောက်တွင်တံမြက်စည်းလှည်းသူကလည်း ဆော့သူကဆော့။လူဟူ၍ စင်္ကြံလျှောက်နေသည့်ယောဂီ၀တ်စုံ၀တ်ထားသည့်အမျိုးသမီးအုပ်စုကိုသာတွေ့သည်။နှင်းမှာမရောက်ဖူးသည့်နေရာဖြစ်သဖြင့် ဒေါ်သက်ဝေနောက်လိုက်ရင်း စပ်စုနေလေသည်။ဒေါ်သက်ဝေကမူ ထိုယောဂီ၀တ်မိန်းမများနားသွား၍ တစ်စုံတစ်ခုမေးနေဟန်။
ကျောင်း၀န်းအတွင်းကိုရင်လေးများနားတွင်နှင်းကအထုပ်အပိုးများနှင့်ရပ်စောင့်နေရာ ဒေါ်သက်ဝေကပြန်လာပြီး -
"ကလေးသွားစို့"
"ဘုန်းဘုန်းကနဂါးရုံဘုရားနားမှာဒီချိန်ဆိုတရားထိုင်တယ်တဲ့"
"အထုတ်တွေဝေကိုပေး လေးနေပြီ"
"ရပါတယ်ဝေရဲ့"
"နှင်းပဲမမယ်"
"ဝေရှေ့ကသွား"
"ကောင်းပါပြီကွယ်"
ယောဂီမိန်းမများ၏လမ်းညွှန်ချက်နှင့်အတူ နှစ်ယောက်သားနဂါးရုံဘုရားဆီရောက်လာသည်။နဂါးရုံဘုရားမှာ ရေကန်ကြီးအလယ်တွင်တည်ထားပြီး ကန်ထဲတွင်လည်းကြာပန်းများက အစီအရီပွင့်ဖူးနေကြသည်။ဘုရားနားသို့ရောက်လေလျှင် တံတားပေါ်ကိုတက်ရမည်ဖြစ်၍ တံတားအစနားလေးတွင်ဖိနပ်များကိုချထားခဲ့သည်။
တံတားဖြတ်လာပြီးအဆုံးတွင် ကြည်ညိုသပ္ပါယ်လှသည့် နဂါးရုံဘုရားဆင်းတုရှေ့တွင် တရားထိုင်နေသည့်ဆရာတော်ကိုတွေ့သည်။တရားထိုင်နေသည်ကပြီးဟန်မပေါ်သေး၍ ခဏစောင့်လိုက်ကြရသည်။ဆရာတော်တရားဖြုတ်မှ ဒေါ်သက်ဝေတို့နှစ်ဦး အနားသွား၍ လှူဖွယ်နှင့်၀တ္ထုငွေများဆက်ကပ်ကြရာ -
"အခုလိုလှုဒါန်းရတဲ့အကျိုးအားကြောင့် သက်ရှည်ကျန်းမာအနာကင်းပါစေ"
"မဂ်ဖိုလ်နိဗ္ဗာန်ကိုရောက်နိုင်ကြပါစေ"
"ဒီလင်ဒီမယား အိန်း...."
"ဒုက္ခပဲ ဒါယိကာမကြီးသတင်းကိုမိသန်းဆီကဘုန်းဘုန်းကြားတယ်"
"ဘယ်လိုဆုပေးရမလဲ"
"ခက်တော့နေပါပြီ"
"ဘုန်းဘုန်းပေးချင်သလိုသာပေးပါတော့ဘုရား တပည့်တော်မကလည်းတပည့်တော်မကိုး"
ရှက်သွားဟန်ဖြင့်ခေါင်းမဖော်နိုင်ရှာသည့်ချစ်ရသူကြောင့် နှင်းကအလယ်ကစကားပြန်လုပ်ရလေသည်။ဆရာတော်အားဤကဲ့သို့လျှောက်ထားရာတွင် -
"ဘုန်းဘုန်းဘုရား"
"ဒီလင်ဒီမယားမဟုတ်ဘဲ"
"ဒါယိကာမတို့ဆိုရပါပြီဘုရား"
"ကောင်းဟဲ့ ကောင်းဟဲ့"
"ဒီလိုဆိုဆုထပ်ပေးမယ်ဒါယိကာမလေး"
"ဒါယိကာမတို့အိုအောင်မင်းအောင်ပေါင်းနိုင်ပါစေ နောင်သံသရာအဆက်ဆက်ထိရေစက်ရှိကဆုံနိုင်ကြပါစေကွယ်"
"ပေးတဲ့ဆုနဲ့ပြည့်ပါရစေဘုရား"
ဦးသုံးကြိမ်ချကန်တော့ပြီးနောက် စကားခဏပြောပြီးလျှင်ရွာဦးကျောင်းမှသည်အိမ်သို့ပြန်လာခဲ့လေသည်။ရွာလမ်းတစ်လျှောက် အသိမိတ်ဆွေများကိုနှုတ်ဆက်ရသည်ကလည်း ပုတ်သင်ညိုကပင်အရှုံးပေးရလိမ့်မည်။ဟိုလူမြင်လည်း ပြုံးပြ ခေါင်းငြိမ့် ဒီလူမြင်လည်း ပြုံးပြခေါင်းငြိမ့်လုပ်နေရသည်မှာ ချစ်သောဇနီးအစား ဇက်နာချင်နေသည်။ရိုးသားသောတောသူတောင်သားများ၏ ရင်းနှီးဖော်ရွေမှုဟုဆိုရမည်။
မင်္ဂလာနှစ်ပတ်လည်ရက်မှသည် သုံးရက်မြောက်နေ့လည်တွင်ဖြစ်သည်။နောက်နေ့ပြန်တော့မည်ဖြစ်၍ ဒေါ်သက်ဝေပစ္စည်းများကိုအိတ်ထဲထည့်နေပြီး ကျန်ခဲ့သည်ရှိမရှိစစ်နေလေသည်။နှင်းမှာမူ အောက်ထပ်ကထန်းပင်လက်ကုလားထိုင်ပေါ်တွင် ဒေါ်ခင်သန်း၏သမီးငယ်လေးနှစ်ယောက်နှင့်လေပေါနေလေသည်။ဆံရစ်ဝိုင်းကလေးနှင့်ညီမနှစ်ယောက်မှာ နှင်းကိုခင်ပုံရသည်။မမကိုပါးစပ်ဖျားကမချဘဲ သိလိုသည်များကိုတစ်တွတ်တွတ်မေးနေကြလေသည်။
"မမ မြို့ကျောင်းမှာဆို မုန့်ဈေးတန်းကအကြီးကြီးပေါ့"
"အေးပေါ့ ကြီးတာပေါ့"
"ဘာတွေရောင်းလဲ"
"၀က်သားဒုတ်ထိုး၊ဆီချက်ခေါက်ဆွဲ၊မုန့်ဟင်းခါး၊ရှမ်းခေါက်ဆွဲ၊အချဉ်ပေါင်း၊အသင့်စားမုန့်ထုပ်၊ရေခဲချောင်းတို့ပေါ့"
"တက်ချင်လိုက်တာနော်ငယ်လေး"
"ဟုတ်တယ်နော် အစ်မ"
"ဒီမှာကတော့ မုန့်ဈေးတန်းကရှိတယ် သမီးတို့ကမုန့်ဖိုးကရတဲ့နေ့ရ မရတဲ့နေ့ထမင်းထုပ်ပဲအားပြုရတယ်"
"ဪ ညီမလေးတို့ရယ်"
ညီမနှစ်ယောက်ကိုနှင်းသနားစိတ်၀င်မိလေသည်။မိမိသူတို့အရွယ်က ပညာရေးသာတစ်စိုက်မတ်မတ်ကြိုးစားခဲ့ပြီး မပြည့်စုံမှုဟူသည်မသိခဲ့။လောက၌မပြည့်စုံခြင်းဟူသည် တစ်ခါတစ်ရံခံပြင်းဖို့ကောင်းလေသည်။ဒီအရွယ်လေးများက ကျောင်းကောင်းတက်ကာ နိုင်ငံခြားပညာသင်ဆုများလျှောက်၍ ပညာရေးကိုထွန်းပေါက်ရမယ့်အရွယ်။အတွေးများနေသည့်နှင်းအားညီမနှစ်ယောက်ထဲမှ တစ်ယောက်က -
"မမဘာလို့စကားရပ်သွားတာလဲ"
"မဟုတ်ပါဘူးညီမလေးတို့ရယ် အလုပ်အကြောင်းခေါင်းထဲရောက်သွားလို့"
"ဘာမှမပူနဲ့မမရှိတယ်"
"ဆယ်တန်းရောက်ရင် မမလာခေါ်မယ်"
"မြို့မှာမမတို့နဲ့တူတူလာနေ"
"ပညာစုံရင်ဖေဖေမေမေတို့ကို လိုလေသေးမရှိထားလို့ရပြီ"
"ကျောင်းကောင်းကောင်းထားပေးချင်တယ် ညီမလေးတို့ကို"
"ငယ်လေး နင်လိုက်မလား"
"အစ်မသွားရင်လိုက်ရုံ"
"မမသမီးတို့တကယ်လာနေမယ် ခေါ်ထားမှာလား"
"တကယ်ပေါ့"
"ညီမလေးတို့အဒေါ်ကပြောထားတယ် ညီမလေးတို့မေမေကို"
"ဆယ်တန်းရောက်ရင်မမတို့ခေါ်ထားဖို့"
"အန်တီက ညီမလေးတို့သဘောတဲ့"
"ဒါဆိုလိုက်ပြီးသား"
"မမ ရွာထဲမှာလေ သမီးတို့ပိုင်တဲ့ထန်းတောရှိတယ်"
"မမမပြန်ခင်လည်သွားပါ့လား"
"အဲ့ဒီမှာ လေလေးတစ်ဖြူးဖြူးနဲ့အေးနေတာပဲ ထန်းလျက်ဖိုရောရှိတယ်"
"ဟုတ်လား ထန်းလျက်ဖိုမမြင်ဖူးလို့ကြည့်ချင်သေး"
"အခုသမီးတို့အဖေ့ဆီသွားတော့မှာ"
"တစ်ခါတည်းလိုက်ခဲ့မမ"
"အေး သမီးတို့အဒေါ်ပြောခဲ့ဦးမယ်"
ထန်းတောသို့သွားလည်မည့်အကြောင်း ဒေါ်သက်ဝေကိုပြောပြီးနောက် ညီမနှစ်ယောက်နှင့်အတူ ရောက်သွားကြတော့သည်။ညီမနှစ်ယောက်ပြောသကဲ့သို့ လေတဖြူးဖြူးနှင့်အေးလှသည်။ထန်းပင်များကတန်းစီနေပြီး ထန်းလက်တို့ဖြင့်တည်ဆောက်ထားသည့် တဲကလေးတွင်မီးခိုးတအူအူ။
ညီမနှစ်ယောက်၏အဖေမှာ ချွေးတစ်လုံးလုံးနှင့် မီးဖိုပေါ်မှမိုးပြဲဒယ်ကြီးထဲတွင် ယောင်းမတစ်ချောင်းနှင့်အညိုရောင်ထန်းလျက်ရည်များကိုအဆက်မပြတ်မွှေနေလေသည်။မိမိတို့စားသုံးသည့်ထန်းလျက်တစ်လုံးဖြစ်ရန် ယခုကဲ့သို့အဆင့်ဆင့်ပြုလုပ်ရသည်ကိုလေ့လာခွင့်ရခဲ့လေသည်။ထန်းလျက်ဖိုပေါ်မှ ထန်းလျက်အိပျော့ပျော့အခဲကြီးမှ လောက်စာလုံးသာသာခန့်အဆုပ်လေးများဖြတ်ယူ၍ ပူပူနှင့် ထန်းလျက်လုံးလေးများကို လုံးလိုက် ပစ်ချလိုက်။
ညီမနှစ်ယောက်မှာလုပ်နေကျဖြစ်၍ ဖျတ်လတ်ကြပေသည်။ထန်းလျက်လုံးပြီးသည်နှင့်တဲထဲမှထွက်တာ အပြင်က ထန်းဖျာလေးပေါ်တွင် ရေနွေးကြမ်း၊ထန်းလျက်ခဲဖြင့်ဧည့်ခံလေသည်။ဖျာပေါ်တွင်လည်း မြူအိုးထဲတွင်လည်းဖြူဖြူအရည်အချို့တွေ့၍ -
"ဦးလေး အိုးထဲကထန်းရည်လား"
"အေးပေါ့ဟ"
"တူမကြီးသောက်ချင်လို့လား"
"သောက်ကြည့်ချင်လို့ တစ်ခွက်လောက်ဦးလေး"
"ဟ ကောင်မလေး ထန်းရည်ခါးတွေနော့ဗျ"
"ဦးလေးရာ နှင်းမသောက်ဖူးလို့ပါ"
"သောက်ဗျာ သောက်"
"ဦးလေးသောက်ဖို့နှစ်မြူ၀ယ်ထားတာ"
"ငါ့တူမကြီးသောက်ဖူးရဲ့လား"
"မသောက်ဖူးဘူး"
"အဲ့တာကြောင့်ကိုသောက်မှာ"
ထန်းရည်အိုးတွေ့ပြီးအာသီသဖြစ်သွားသည့်နှင်းကိုတားမရ၍ ခွက်ချပေးလိုက်သည်။နှင်းမြူအိုးထဲမှ တစ်ခွက်ခပ်ပြီးသောက်လိုက်စဉ် ရှတတအရသာလေးကလည်ချောင်းထဲသို့ လျှောဆင်းသွားသည်ကိုခံစားရသည်။ထန်းရည်အနံ့လေးကလည်းမွှေးလွန်းလှသည်။လေးငါးခွက်ဆင့်သောက်ပြီးချိန်တွင် မျက်ခွံတို့လေးလာသည်။ခေါင်းထဲ၌လည်းရစ်တစ်တစ်နှင့် နှင်းတစ်ယောက် ထွေရာလေးပါးလျှောက်ပြောလေတော့သည်။
မသောက်စဖူးအသောက်ထူးပြီး ၇ခွက်လောက်သောက်ပြီးချိန်တွင် ဦးတင့်ဆန်းကနှင်းပုံစံကြည့်၍ ခေါင်းတစ်ခါခါဖြင့် သမီးနှစ်ယောက်နှင့်အတူ အိမ်ပြန်လွှတ်လိုက်လေသည်။လမ်းတစ်လမ်းလုံးယိုင်တိယိုင်ထိုးဖြစ်နေလေရာ ညီမနှစ်ယောက်က တွဲလာရလေသည်။ပါးစပ်ကလည်း အော်ကြီးဟစ်ကျယ်သီချင်းများကိုသီဆိုလာလိုက်ရာ အိမ်ရှေ့ရောက်သည်ထိမရပ်။
"ညနေစောင်းတော့ပြောင်းလဲပြီ စိတ်ဆန္ဒကတောင်းပြီ သောက်ပစ်လိုက်မယ် အရက်များများ"
"ဒွမ်း ဒွမ်း ဒွမ့် ဒွမ်း ဒွမ်း ဒွမ့်"
အိမ်အောက်ထပ်တွင် တစ်ယောက်တည်းထိုင်နေသောဒေါ်သက်ဝေကနှင်းကိုမြင်လျှင် အံ့ဩမှုနှင့်အတူ မျက်လုံးတို့ကလည်းမီး၀င်း၀င်းတောက်နေလေသည်။ညီမနှစ်ယောက်ဆီထလာပြီး -
"ဘယ်လိုဖြစ်တာလဲသမီးတို့မမ"
"အဖေ့ထန်းရည်ခါးတွေမသောက်ဖူးလို့သောက်မယ်ဆိုလို့ တစ်ခွက်ပြီးတစ်ခွက်သောက်ချတာ"
"ခုလိုဖြစ်သွားတာပဲ ဒေါ်လေး"
"တွေ့မယ်ဒင်းငါနဲ့"
"သမီးတို့မမကိုအပေါ်ထပ်အခန်းထဲထိတွဲကူပေး"
"ရတယ်ဒေါ်လေး"
ပေါက်တတ်ကရများမှာ အခန်းထဲထိမရပ်သေးပေ။စတူဒီယိုအဆိုတော်နှင်း၏ တစ်ကိုယ်တော်ရှိုးပွဲမှာ အိပ်ရင်းလည်းမရပ်မနားသီဆိုနေသည်။
"ပန်းတွေနဲ့ဝေ ကိုယ့်အချစ်ဦးခေါင်းမှာ ပန်းကလေးတွေဝေ"
ဒေါ်သက်ဝေကမူးနေသည့်နှင်းကို ထိုင်ကြည့်နေပြီး နှုတ်ခမ်းကိုက်ထားလေသည်။ဒေါသဖြစ်ပြန်လျှင်လည်း အခုချိန်တွင်နှင်းမှာအသိစိတ်လွတ်နေ၍ ဒေါသကဝေဒနာဖြစ်ဦးမည်။ထို့ကြောင့် -
"ဘာပန်းမှမဝေဘူး လက်ဖဝါးမိုးပဲရွာချချင်တယ်"
"အထိန်းအကွပ်မဲ့နေတဲ့ကလေကချေလိုပဲ"
"မိန်းမလေးနဲ့မအပ်မစပ်တွေသောက်ပြီး ခုမူးရူးနေပြီ"
"မူးရူးနေတာကောင်းလားကလေးရဲ့"
"ဝေအရက်သောက်တာသိပ်မုန်းတာ"
"ဝေမုန်းတာမှရွေးလုပ်ခဲ့ရသလား"
"အိပ်တော့"
ဒေါ်သက်ဝေအသံကိုနှင်းကြားဟန်မပေါ်တော့။အိပ်မောကျသွားတော့သည်။အရက်ချွေးပြန်နေသည့်မျက်နှာလေးကိုသန့်ရှင်းရေးလုပ်ကာ အင်္ကျီလဲပေးထားလိုက်သည်။နှင်းမှာညသန်းခေါင်နားနီးမှ နိုးလေသည်။ထိုအချိန်ကျ ဒေါ်သက်ဝေအိပ်မောကျနေချိန်။နှစ်ယောက်လုံးထိုညကစကားမပြောဖြစ်ကြပါ။
နောက်တစ်နေ့မနက်ရွာကပြန်အထွက်တွင် ဒေါ်သက်ဝေကနှင်းအား စိတ်ဆိုးနေဟန်ဖြင့် စကားမပြော။ကားသာမောင်းလာသည် ကားပေါ်တွင်နှင်းက လက်ကိုင်သော်လည်း လက်ကိုဖယ်ချပြန်သည်။စိတ်ဆိုးနေရခြင်းအကြောင်းမှာ သိသလိုလိုနှင့်ဝေဝါးနေသဖြင့် ကားမောင်းရင်း မေးမိသည်။
"ဝေတစ်ခုခုများစိတ်ဆိုးနေလားနှင်းကို"
"ဆိုးတယ်"
"ဘာကိစ္စလဲ နှင်းသိအောင်ပြောလေ"
"အမှားလုပ်တဲ့လူကသိသင့်တာပေါ့ပိုပြီး"
"ဘာမှားတာလဲဝေရဲ့"
"နံစော်နေတဲ့အရည်တွေသောက်လာတယ်လေ"
"မိန်းကလေးတန်မဲ့ မူးလာတယ် ကောင်းသလားအဲ့တာ"
"ဟာ....အဲ့တာ ဟို"
"ရပ် ကားရပ်"
"ဘာဖြစ်လို့လဲ"
"တူတူရှိနေရင်တစ်ခုခုလုပ်မိတော့မယ်"
"အရက်သမားမျက်နှာကိုမမြင်ချင်ဘူး"
"တစ်ခါလေးပဲသောက်တာကိုဝေရယ်"
"ဘာလို့ဒီလောက်ထိဖြစ်နေတာလဲ"
"လုပ်ငန်းလုပ်ရင်လည်းမလွှဲသာလို့သောက်ရတာတွေကြုံမှာပဲ"
"ဝေနားလည်ပေးမှပေါ့"
"နားမလည်ဘူး နားမလည်ဘူး"
"ရပ် ဒီလောက်ဖြစ်နေရင် သွားသောက်"
နှင်းစိတ်တိုတိုနှင့်ကားကိုဆတ်ကနဲရပ်လိုက်ရာတွင် ဒေါ်သက်ဝေမှာကားတံခါးကိုအရင်ဖွင့်၍ ဆင်းသွားလေသည်။လမ်းမှာလူသွားလူလာကင်းရသည့်အထဲ လာရာလမ်း၏အနောက်ဆီသို့ပြန်လျှောက်သွားစဉ် နှင်းမှာလိုက်ဆွဲရလေသည်။
"ဖယ် လက်ကိုလွှတ်စမ်း"
"အာခံချင်နေတယ်မဟုတ်လား"
"အာခံလို့ရတဲ့လူသွားရှာ"
"တို့ကိုတော့အာခံဖို့မကြိုးစားနဲ့"
"ဝေရယ် ခုနကစိတ်ကနည်းနည်းဆတ်သွားမိတာ"
"နှင်းတောင်းပန်ပါတယ်"
"နေလည်းပူတယ် ဒီနားမှာဘယ်ကားမှအသွားအလာမရှိဘူး"
"လူပြတ်ပါတယ်"
"စိတ်မချဘူး တစ်ယောက်တည်းမသွားပါနဲ့"
"လှည်းကြုံတော့ရှိမှာပဲ"
"ဟိုမှာယာခင်းတွေတွေ့လား"
(လမ်းတစ်ဖက်တစ်ချက်မှစိုက်ခင်းများကိုလက်ညှိုးညွှန်ပြရာ)
"ရွာနဲ့ဝေးသေးတာမဟုတ်ဘူး"
"ပြန်မယ်"
"မဟုတ်သေးပါဘူး"
"ဝေကျေနပ်အောင် နှင်းဘယ်လိုတောင်းပန်ရမလဲ"
"ပြောပါ အဲ့လိုမလုပ်ပါနဲ့"
"ဝေ"
"တောင်းပန်ပါတယ်"
နှင်းဒဏ္ဍာရီ၏ဒူးနှစ်ဖက်မှာ ကတ္တရာလမ်းပေါ်သို့ထိကပ်လိုက်ပြီး လက်အုပ်ချီလျက် ဒေါ်သက်ဝေအား ညှိုးငယ်စွာကြည့်လိုက်ရင်း -
"ကိုယ့်ထက်အသက်ကြီးလို့လည်းပိုချစ်ပါတယ်"
"ကိုယ့်ကိုဆုံးမပေးလို့လည်းချစ်တယ်"
"အနားမှာတစ်သက်လုံးရှိနေပေးဖို့ဆုံးဖြတ်ခဲ့လို့လည်းချစ်တယ်"
"မသွားပါနဲ့"
"ကမ္ဘာပေါ်မှာ ဘယ်လိုအပြစ်မဆိုတောင်းပန်ရင်ကျေအေးရစမြဲပါဝေ"
"နှင်းလက်အုပ်ချီပြီးတောင်းပန်ပါတယ်"
"ခုနကမလေးမစားပြောသလိုဖြစ်သွားလို့"
"ဝေမကြိုက်တဲ့အရက်သေစာကိုနောက်မထိမတို့တော့ပါဘူး"
"ဝေရယ် နှင်းကိုကြည့်ပါဦး"
အခက်အခဲပေါင်းများစွာကြားမှ ခူးဆွတ်ခဲ့ရသည့်ပန်းကလေးတစ်ပွင့်သည် ယခုမိမိခြေရင်းတွင်၀ပ်ဆင်းခယနေသည့်အခါ နှင်းပွင့်တို့က နှလုံးသည်းပွတ်ကိုပက်ဖျန်းလိုက်သကဲ့သို့ အေးစက်သွားသည်။စိတ်ဆိုးမိသည်ကလွဲ၍ ချစ်ရသည့်ကလေးအပေါ်နာကျည်းမုန်းတီးနေသည်မျိုးမဟုတ်၍ ချက်ချင်းပင် ဒူးထောက်နေသည့်ကလေးကို ထူ၍ ထမီလေးတွင်ကပ်နေသည့်ဖုန်လေးများကိုခါပေးလိုက်သည်။ထို့နောက် ကားထဲသို့ဆွဲခေါ်သွားပြီး ကျနေသည့်မျက်ရည်လေးများအား သုတ်ပေးလိုက်ပြီးနောက် -
"အချစ်ရယ် နောက်တော့မဆိုးနဲ့ကွယ်"
"ငိုနေရမယ်"
"ဒီလောက်ဆိုတော်လောက်ရောပေါ့"
"ဝေဖေဖေက အသက်ရှိစဉ်အခါက အရက်မူးလာရင်ဝေတို့သားမိကို နှိပ်စက်တယ်"
"ဝေနဲ့မေမေကခံခဲ့ရတာပေါ့"
"ဒါကြောင့်ဝေအရက်သမားတွေကိုမြင်ရင်သိပ်စိတ်နာတာ"
"ဝေ နှင်းမှားပါတယ်"
"ဝေခွဲတော့မသွားနဲ့နော်"
"ခွဲမသွားချင်လို့ကားပေါ်ပြန်ရောက်နေပြီပဲကွယ်"
"ဝေချစ်တဲ့ဝေအသည်းလေးကိုဝေထားသွားရအောင် ဝေဒေါသကဒူးထောက်လိုက်ကတည်းကပြေသွားပြီ"
"အချစ်ရယ် သိပ်ချစ်တာပါ"
"ဘယ်ကိုမှခွဲမသွားပါဘူး"
ဘေးနားကနေ၍ဖက်လိုက်စဉ် ဒေါ်သက်ဝေရင်ခွင်ထဲ နှင်းရောက်သွားပြီး နှင်းကလည်းတင်းကြပ်စွာပြန်ဖက်ထားလိုက်သည်။နားလည်မှုတို့ဖြင့်တည်ဆောက်ထားသည့်အချစ်အိမ်လေးမှာ အဘယ့်ကြောင့်လွယ်လွယ်နှင့်ပြိုကွဲနိုင်ပါမည်နည်း။အချစ်တို့ထာ၀စဉ်တည်မြဲစေရန်မှာ တစ်ဦးအပေါ်တစ်ဦးဖြည့်စွက်တွေးတောပေးရင်း ကွက်လပ်အချို့ကိုဖြည့်လိုစိတ်ကလေးပင် လိုအပ်လေသည်။
နားလည်မှုဖြင့်တည်ဆောက်ကြသောချစ်ခြင်းတို့ သက်ဆုံးတိုင်တည်ပါစေသော်။