[ disclaimer: everything in this fiction is all about the author's imagination and not related to artist's legal status, so please read at your own risk.]
" ဂင်မ်ထယ်ရယ် "
" ဘာလဲလို့ !! "
နဂိုကတော့ လေသံအေးအေးနဲ့ စခေါ်လာတဲ့ မိန်းကလေးက စကားပြောရင်းပြောရင်းပဲ ထယ်ရယ့်ကို စိတ်တိုအောင် လုပ်လာသည်။ ထယ်ရယ့်လေသံဟာလည်း တင်းမာလာ၏။
" နင် တကယ် ငါ့ကို ပြောစရာ မရှိတာလား "
" ငါက ဘာပြောရမှာလဲ "
စနေနေ့မနက်ကို ကျန်းဟောက်ရဲ့ ပါဆယ် သွားယူပေးပြီး အီဂျောင်နဲ့ မုန့်သွားစားမယ်ဆိုတာကို ဘတ်စ်ကားမှတ်တိုင်မှာ ရည်းစားဟောင်းနဲ့တွေ့ပြီး ပြဿနာရှာခံနေရပါသော ထယ်ရယ်ပင်။
" နင် ပြတ်ပြီ တစ်ခွန်းတည်းပြောပြီး ငါ့ကို အဆက်အသွယ်ဖြတ်သွားတာလေ။ တကယ်ပဲ အခုလို လုပ်နေတော့မှာလား "
" အခုလို မလုပ်ရင် ဘယ်လိုလုပ်ရမှာလဲ။ ပြတ်ပြီလို့ ပြောပြီးပြီလေ တော်ရောပေါ့။ တိတိကျကျပြောပေးရမှာလား နင့်ကို စိတ်ကုန်နေပါပြီ။ ပျင်းတယ်။ မမြင်ချင်တော့ဘူးလို့ "
ထယ်ရယ့်စကားတွေက ထယ်ရယ့်အတွက် လွယ်လွယ်ဖြစ်နေပေမဲ့ တစ်ဖက်မိန်းကလေးအဖို့တော့ စိတ်ဒဏ်ရာရဖို့လုံလောက်သည်။
" လွန်လိုက်တာ ထယ်ရယ်။ ငါက နင့်ကိုပြတ်ပေးမယ်လို့မှ မပြောခဲ့သေးပဲ တစ်ဖက်သတ် ဆုံးဖြတ်တယ်ပေါ့ "
" ဒါ ရိုးရိုးရှင်းရှင်းပါပဲဟာ။ နင် ဒီလို ပြဿနာရှာတာမျိုးတွေကို ဘယ်လောက်တောင် ရက်စဉ်ရက်ဆက်လုပ်ခဲ့လဲ မှတ်မိလား။ ငါ စိတ်ကုန်လို့ သေတော့မှာမို့ အဆက်အသွယ်ဖြတ်တာလေ။ မကျေနပ်ရင် ဘယ်သူ့အပြစ်လဲ အရင် စဉ်းစားပေါ့ "
" ငါကတော့ အဆက်မသွယ်မရတော့တဲ့ ဖုန်းကို အရူးလို ဆက်တိုက်ခေါ်ပြီး တောင်းပန်စရာမရှိ တောင်းပန်နေခဲ့ရတာကို.. နင် အားမနာတတ်ဘူးပဲ "
ထယ်ရယ်က အဆက်အသွယ်ဖြတ်တဲ့လူဖြစ်ပြီးတော့ အသည်းတောင် ကွဲခဲ့သေးတယ်ဆိုတာ မျက်နှာပြောင်ရာတော့ကျသည်။ မတုန်မလှူပ် သွေးအေးအေးနဲ့ တုံ့ပြန်တဲ့ ထယ်ရယ့်ကို လုပ်ရက်လေခြင်း ဆိုတဲ့ အကြည့်မျိုးနဲ့ လမ်းမခွဲခင် တွဲဖက်တိုင်းက ကြည့်သွားခဲ့ကြတာ မထူးဆန်းတော့။
ခဏအကြာမှာပဲ ထင်ထားတဲ့အတိုင်း လက်ဖဝါးတစ်ဖက်ဟာ ထယ်ရယ့်ပါးပေါ်ကို အရှိန်ပြင်းပြင်းနဲ့ ရိုက်ချလာသည်။ ထယ်ရယ် ရှောင်နိုင်ရက်သားနဲ့ သက်သက်ကြီး ပေးရိုက်လိုက်တာရော ထပ်ပြီး ကျေးဇူးတင်သင့်တယ် အဲ့ကောင်မလေး။
မျက်ရည် အသွင်သွင်ကျကာ ထယ်ရယ့်မျက်စိရှေ့ကပျောက်သွားတဲ့ ကောင်မလေးတွေရော ကောင်လေးတွေရောက ခံစားချက်အရ တော်တော်ကို ခါးသီးတာပဲ။
ရည်းစားဟောင်းနဲ့ တွေ့ခဲ့တဲ့ဖြစ်စဉ်ကို အီဂျောင်လာကြိုတဲ့အခါ ပြန်ပြောပြတော့ အီဂျောင်ကလည်း ထယ်ရယ့်ကိုပဲ အပြစ်ပြောပြန်သည်။
ပါးရိုက်ခံလာရပြီးတာတောင် နာလား တစ်ချက်မမေးဘူး။
" မင်း သူများကိုပဲ အပြစ်တင်တတ်တဲ့ အကျင့်ကြီး ဖျောက်စမ်းပါ။ တောင်းပန်တယ်ဆိုတာမျိုးရော အဲ့ရည်းစားတွေကို ပြောဖူးရဲ့လား ထယ်ရယ်ရာ "
" ဟင့်အင်း "
အီဂျောင့်ကို ပြန်ဖြေရင်း သွားတွေပေါ်အောင်ပြုံးလိုက်တော့ အီဂျောင်က လက်မောင်းကို သုံးလေးဆင့် ဆက်တိုက် ရိုက်ချ၏။ မီးပွိုင့်မိနေတုန်းမို့ ထယ်ရယ်တော့ ထပ်ပြီး အရိုက်ခံလိုက်ရပြီပင်။
" ဘာလို့ ရိုက်တာလဲ !! ငါ့ပါးကတောင် နာတာမပျောက်သေးဘူး "
" မင်းကကွာ သူများကို စိတ်ဒဏ်ရာပေးပြီး ရယ်နိုင်နေလို့လေ။ ဂင်မ်ထယ်ရယ်ရာ... နာမည်ဆိုးမထွက်တာလည်း မပြောနဲ့ မင်းရည်းစားဟောင်းတွေအကုန် မင်းနာမည်တောင် ထုတ်မပြောချင်တော့လောက်အောင် လုပ်ထားခဲ့တာကို"
" အရမ်းကိုယ်ချင်းစာတတ်နေတယ်နော် အီဂျောင်။ မင်းရော ငါ့ကိုကြိုက်နေတာလား "
သတိတောင်မထားလိုက်မိပဲ ပြောထွက်သွားပြီးတော့မှ တိတ်တိတ်လေး တံတွေးမြိုချလိုက်မိသည်။
ရုတ်တရက် တိတ်သွားတဲ့ အီဂျောင့်ကို ကြည့်ပြီး ထယ်ရယ်လည်း စကား ဆက်မပြောရဲတော့ပါ။
နာလို့ ယောင်သွားပြီတောင်ထင်ရတဲ့ နီရဲရဲပါးတစ်ဖက်ကို အုပ်ကိုင်ထားရင် ကားမှန်အပြင်ကိုသာ ကြည့်ကာ တိတ်တိတ်လေး သွားရာခရီးကို လိုက်သွားလိုက်မိသည်။
ဟိုးကတည်းက အရမ်းသိသာနေတယ်လေ။
အီဂျောင်ဟျွန်း ထယ်ရယ့်ကို ဘယ်လောက်တောင်ကြိုက်သလဲ ထယ်ရယ် သိတာပေါ့။ မနေ့ညကလည်း မျက်နှာတစ်ချက်ကြည့်ရုံနဲ့ ဦးနှောက်ထဲ ချစီထားသမျှစာတွေအကုန် ဟက်တက်မြင်နေရအောင် သိသာတဲ့အနေအထားမှာ ဖွင့်ပြောဖို့အားခဲထားပုံကနေ အဖျားရှူးသွားတဲ့ အီဂျောင့်အစား ထယ်ရယ် ရင်မောသည်။
လူတစ်ယောက်ကို ဒီလောက်ကြာအောင် တစ်ဖက်သက်ကြိုက်ရတာ မပင်ပန်းဘူးလားလို့ ထယ်ရယ် မေးကြည့်ချင်သည်။
" ရောက်ပြီ ထယ်ရယ် "
" အင်း "
café လှလှလေးထဲကို ဝင်သွားတာနဲ့ ချစ်သူရည်းစားတွေ date လုပ်တဲ့နေရာမှန်းသိသာသည်။ ထယ်ရယ်ကတော့ အချိန်သိပ်မပေးတတ်တဲ့ စတိုင်မို့ café တွေမှာ ချိန်းတွေ့တယ်ဆိုတာ ရှားပါ၏။
နှစ်ယောက်ခုံ တစ်ခုံမှာထိုင်ရင်း အီဂျောင်က စားစရာသွားမှာတုန်း ဖုန်းကို နောက်တစ်ခေါက်ဖွင့်ကြည့်လိုက်သည်။
ချစ်မိတာ မချစ်မိတာဆိုတဲ့ အဲ့တာတွေထက် မူမမှန်ဖြစ်နေတဲ့စိတ်ကြောင့် မလုံမလဲခံစားရတာကြီးကတော့ အတော်ဆိုးပါ၏။
ကျန်းဟောက်ကို ဖုန်းခေါ်ရနိုးနိုး အခြေအနေမယ် လက်က ရပ်ရပ်သွားသည်။
ထယ်ရယ့်ဘဝမှာ ဒီလိုမျိုး ဖြစ်တာ ပထမဆုံးပဲ။
တစ်ယောက်ယောက်ကို ဖုန်းခေါ်ဖို့ တုံ့ဆိုင်းတယ်ဆိုတာ မဖြစ်ဖူးဘူးသလောက် အခုတော့ နားမလည်နိုင်တော့ပါ။
အိမ်မှာ လူဆယ်ယောက်ရှိတာကို ဘာလို့ ကျန်းဟောက်ကိုလဲ။
ကျန်းဟောက်က ဒီရက်ပိုင်း စကားပြောရင် အသံပိုချိုလာသည်။ မျက်လုံးအရောင်တွေပိုတောက်နေပြီး ပြုံးရင် ချစ်စရာကောင်းသည်လို့ ထင်မိနေတာတော့ ထယ်ရယ့်စိတ်ထဲက မူမမှန်ခြင်းတွေသက်သက်ပါ။
ပါဆယ်ကို ကိုယ်စားယူပေးခဲ့ပြီဆိုရင် အိမ်ရောက်မှ ပစ္စည်းပေးတဲ့ အဆင့်ပဲကျန်တော့သည်။ ဖုန်းခေါ်ရမယ်ဆိုတာ မဖြစ်မနေမှ မဟုတ်ပဲ။
ဝေခွဲမရဖြစ်ပြီး မျက်မှောင်ကြုံ့ထားတုန်းမှာ အီဂျောင် ပြန်ရောက်လာတာကြောင့် ဖုန်းကို မြန်မြန် ပြန်ချလိုက်သည်။
" ဘာလုပ်နေတာလဲ "
" ကျန်းဟောက်ကို ဖုန်းဆက်မလားလို့။ ပစ္စည်းဝင်ယူပေးထားတာ ပြောရအောင်ပါ။ ဒါပေမဲ့ အလုပ်ရှိမယ်ထင်တယ်"
" ထူးထူးဆန်းဆန်း "
နှူတ်ခမ်းထောင့်လေး ကွေးသွားရုံ ပြုံးလိုက်ပြီး အာရုံပြောင်းအောင် ဘေးပတ်ပတ်လည်ကို မျက်စိကစားမိသည်။
" ဒီလိုနေရာမျိုး ဘယ်လိုရှာတွေ့လာတာလဲ "
" ညက ရှာကြည့်ထားတာ "
ရောက်လာတဲ့ ကော်ဖီပူပူကို တစ်ကျိုက် သောက်လိုက်ရင်း ခွက်ကို ပြန်အချမှာပဲ အီဂျောင်က မေးပါတော့သည်။
" ထယ်ရယ် မင်းအခုတလော စိတ်ဝင်စားတဲ့သူရှိနေလား "
မြန်မြန် ခေါင်းခါလိုက်ပေမယ့် မသိမသာတော့ ကိုယ့်ကိုယ်ကို လိမ်နေတယ်လို့ ခံစားနေရသည်လေ။ ထယ်ရယ့် အမူအရာ လွဲသွားမှန်း အီဂျောင် ချက်ချင်း သတိထားမိကောင်း ထားမိနိုင်လောက်၏။
" ဂင်မ်ထယ်ရယ် ဒီတစ်ခေါက် စကားနဲ့ မဖြေပါလား "
" စိတ်ဝင်စားတဲ့သူတွေ ဘာတွေ မတွေးချင်လို့ပါ။ "
ထယ်ရယ့်ဆီက မရေမရာ အဖြေမျိုး ထွက်လာတာမျိုး ကြားဖူးတာဆို အီဂျောင်ဟျွန်းဘဝမှာ လက်ချိုးရေလို့ရသည်။ ဂင်မ်ထယ်ရယ် မနက်စောစော ရည်းစားဟောင်းဆီက ပြဿနာရှာခံခဲ့ရပြီးတော့ တရားတွေများ ရသွားတာလား။
" ပြီးတော့ ဟန်ဘင်းဟျောင်းက ညနေလူစုံရင် ရုပ်ရှင်သွားကြည့်ရအောင်တဲ့။ ကုန်သမျှ သူနဲ့ မက်သျူးရှင်းမယ်လို့ပြောတယ် "
" အကုန်လုံးလား အီဂျောင်"
ထယ်ရယ်ပြန်မေးတာကို ခေါင်းငြိမ့်ပြလိုက်တော့ ငြိမ်ကုပ်ပြီး ကော်ဖီပြန်သောက်ပြန်သည်။ ထူးဆန်းတဲ့ အာရုံပေမဲ့ မျိုးစုံလိုက်တွေးခေါ်နေရလောက်အောင်ထိ အီဂျောင်ဟျွန်းဟာ စိတ်မပြန့်လွယ်ပါ။
ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ
ယူလာတဲ့ ပါဆယ်ကို ပေးမယ့်အကြံဟာ မြန်မြန်ပဲ ခေါင်းထဲက ပျောက်သွားပြီး အိမ်ရောက်တာနဲ့ ကျန်းဟောက်အခန်းရှေ့ချကာ ထယ်ရယ် ကိုယ့်အခန်းထဲကိုယ် ပြန်ဝင်ခဲ့၏။
ဘယ်လောက်တောင် အားနဲ့လွှဲရိုက်ခံခဲ့ရတာမို့ အိမ်ပြန်ရောက်ကာ တော်တော်ကြာတဲ့ထိ ပါးရိုးတစ်လျှောက် ကျိန်းစပ်နေလဲ မသိပါ။
ဂျီအွန်းဟျောင်းက ဒီနေ့ နေ့လည်ခင်းဂျူတီကြောင့် အိမ်မှာ မရှိပဲ ညနေမှ ဆေးရုံကနေ ရုပ်ရှင်ရုံကို တန်းလာမယ်ဆိုတော့ အခု ထယ်ရယ် တစ်ယောက်တည်း အခန်းထဲမယ် ငုတ်တုတ်ထိုင်နေလျက်။
နာရီဝက်တောင် မကြာသေးတဲ့အချိန် တံခါးခေါက်သံကြောင့် အမြန် ပြေးဖွင့်လိုက်သည်။
မဟုတ်ဘူးပဲ။ မဖွင့်ပဲ နေလိုက်ရင် အကောင်းသား။
" ကျန်းဟောက် ? "
လက်ထဲမှာတော့ ရေခဲထုပ်တစ်ခု ကိုင်ထားပြီး ထယ်ရယ့် လက်ထဲထည့်ပေးသည်။ ပါးရိုက်ခံလာရတာ ဘယ်လိုများ သိသွားလဲ။
အဲ့တာထက် အမှတ်တမဲ့ လက်ချင်းထိသွားတဲ့အချိန် ခဏလောက် အတွေးတွေတောင် ပျောက်သွားသလိုလို ဖြစ်ကုန်သည်။
" ကျေးဇူးနော်.. ကျန်းဟောက် "
" ထယ်ရယ်လည်း ပါဆယ် ကိုယ်စား ယူလာပေးတာ ကျေးဇူးပဲ။ အဲ့တာပြောချင်လို့ အခန်းထဲ လူရှိတာ သိပေမဲ့ ဂျီအွန်းဟျောင်း ထင်နေတာ "
ထယ်ရယ် ပြုံးပြလိုက်ရုံ သက်သက်နဲ့ဆို ရိုင်းရာကျသွားမလား။ အဲ့တာပြောချင်ရုံ သက်သက်လာတာမဟုတ်မှန်းကတော့ သိသာသည်။ ရေခဲထုပ်လာပေးတာပဲ ဖြစ်မှာပေါ့။
" ကျွန်တော် ဒီနေ့ studio မသွားဖြစ်ဘူးလေ ကျန်းဟောက်ရဲ့ "
" ညနေ ရုပ်ရှင်သွားကြည့်ကြရင် လိုက်ခဲ့မယ်မလား "
" ဟု..ဟုတ် လိုက်မှာ- "
စကားပြောလို့ မဆုံးသေးခင်ပဲ ဖုန်းဝင်လာသည်။
Band ရဲ့ မန်နေဂျာပတ်ဟန်ဘင်းပဲ။
" ဟန်ဘင်းပြော "
ထယ်ရယ် စကားပြောနေတဲ့အသံကို ကြားတာနဲ့ လှေကားက တစ်ဆင့် အောက်ထပ်မှာရှိတဲ့ ဆောင်းဟန်ဘင်းကို ကျန်းဟောက်က လှမ်းကြည့်တာ မြင်လိုက်သည်။
ဆောင်းဟန်ဘင်းဟျောင်း ဖုန်းပြောနေတာကို မမြင်မှ သဘောပေါက်သွားပုံရတဲ့ ကျန်းဟောက်က ထယ်ရယ့်ကို ပြုံးပြရင်း သူ့အခန်းဘက်ကို သူလျှောက်သွားတော့၏။
ထယ်ရယ်ကိုယ်တိုင်လည်း အနီးအနားက ဟန်ဘင်းနှစ်ယောက်ကို ရံဖန်ရံခါ ရောတတ်သည်။ တစ်ခါတစ်လေ သေချာမှတ်ထားလျက်ကြီးနဲ့ ပတ်ဟန်ဘင်းဆီ ဖုန်းခေါ်တာကို ဆောင်းဟန်ဘင်းဆီရောက်သွားတတ်ပါသေးသည်။
ပတ်ဟန်ဘင်းကတော့ ရွယ်တူမို့ မန်နေဂျာလည်းဟုတ်၊ သူငယ်ချင်းလည်း ဟုတ်တာပါပဲ။
" ထယ်ရယ် ငါပြောတာ ကြားလား "
" ဟမ် ? "
" မုန်တိုင်းကြေငြာချက်ကြောင့် Alice ရဲ့ concert ရက်ကို ရှေ့တိုးလိုက်တယ်လို့ ။ နောက်တစ်ပါတ်မဟုတ်တော့ပဲ နောက်ထပ် လေးရက်မှာဖြစ်သွားပြီ "
" ဘာ ငါ ဘာမှလည်း မတွေ့မိပါဘူး ? "
" ပွဲရက်ရွှေ့တဲ့ ကိစ္စက မနက်ဖြန်မှ ကြေငြာမှာ "
ထယ်ရယ် ဒီလိုကိစ္စတွေကို သေအောင်မုန်းပေမဲ့ မကြုံဖူးတဲ့ ကိစ္စလည်း မဟုတ်တာမို့ သက်ပြင်းသာ ချလိုက်သည်။
" ဘယ်တတ်နိုင်မလဲ ဟန်ဘင်းရာ။ လေ့ကျင့်ချိန် တိုးလိုက်ရုံပေါ့။ Alice ကရော ဘာပြောသေးလဲ "
" ဒီညနေ သူလာခဲ့မယ်တဲ့ studio ကို။ ငါတို့က အခု ဆုံကြရအောင်"
" အွန်း "
ဖုန်းချပြီးတာနဲ့ ထယ်ရယ် ဂစ်တာလွယ်ကာ အခန်းပြင်ကို ထွက်ခဲ့တော့၏။ ပါးကို ကပ်ဖို့ ရေခဲထုပ်လည်း မတတ်နိုင်တော့ပါ။ ဒီအတိုင်း ထားခဲ့လိုက်ရပြီ။
ထူးထူးဆန်းဆန်း ပွဲရက်ကို နောက်ဆုတ်တယ်ဆိုတာကမှ ဟုတ်အုံးမယ်လို့ တွေးရင်း တစ်ဖက်အဆိုတော်ရဲ့ ကုမ္ဗဏီကို ကြိတ်ကာ အပြစ်တင်လိုက်ပါသေးသည်။
ဆိုးလ်မှာပဲရှိတဲ့ ပွဲမဟုတ်ပဲ တခြားမြို့ကိုသွားရမယ့် ပွဲသာဆို ပိုလို့ ဒုက္ခများမည်ဖြစ်၏။
" ဟန်ဘင်းဟျောင်း ကျွန်တော် ဒီည ရုပ်ရှင်ကြည့်ဖို့ မလိုက်နိုင်တော့ဘူး။ နောက်အပါတ် တီးရမယ့် concert ကို ရက်ရှေ့တိုးလိုက်တော့ လေ့ကျင့်တဲ့ဆီ အခုပဲ သွားရမှာမို့လေ "
ဧည့်ခန်းထဲမှာရှိနေတဲ့ ဆောင်းဟန်ဘင်းဟျောင်းကိုပြောပြတော့ ဟန်ဘင်းဟျောင်းက စိတ်မကောင်းတော့ ဖြစ်သွားတဲ့ပုံ။
" ကျွန်တော် တကယ် လိုက်ခဲ့ချင်ပါတယ် "
" အလုပ်ကပိုအရေးကြီးတာပေါ့။ ကျန်တဲ့သူတွေကိုလည်း ပြောပေးမယ်။ ထယ်ရယ်က လေ့ကျင့်ဖို့သာသွား "
" ကျေးဇူးနော် "
ထယ်ရယ်လည်း ပိတ်ရက်ရတုန်းဆိုပြီး အချိန်ဖြုန်းချင်ရက်ကြီးနဲ့ကို..။
studio ကိုရောက်တော့ ထယ်ရယ် ပထမဆုံးပင်။ နောက်ထပ် ဆယ့်ငါးမိနစ်လောက်နေမှရောက်လာတဲ့သူတွေကလည်း ပိတ်ရက်ကို ထိခိုက်လို့ မအီမသာဖြစ်နေပုံပဲ။
ပတ်ဟန်ဘင်းရောက်လာတော့ ထယ်ရယ်တို့တွေ အဖွဲ့လိုက် လေ့ကျင့်ဖို့အချိန်သေချာပြန်စီစဉ်ကြည့်ကြသည်။
" ခေါင်းကိုက်တယ် ဟန်ဘင်းရာ "
ထယ်ရယ်က ညည်းတော့ ဘေးကလူတွေကလည်း ရယ်ကြသည်။ ထယ်ရယ်စိတ်ညစ်ရင် ချစ်ဖို့ကောင်းတယ်လို့ ဝိုင်းစကြတာ သူတို့ပဲရှိ၏။
" ပြီးရင် မင်းပဲ နေ့မအိပ်ညမနား အလွန်အကျွံလုပ်တော့တာ "
ထယ်ရယ့်အကျင့်က လေ့ကျင့်ချိန်လုံလောက်တယ်လို့ မခံစားရတော့ရင် studio ထဲကနေ မထွက်တော့တာပင်။ ဟိုးတုန်းက ထယ်ရယ် band ထဲဝင်ခါစမှာ ကျန်းဟောက်ပြောဖူးတာ သတိရသည်။ မလုံလောက်တာလား၊ ကိုယ့်ကိုယ်ကိုမယုံကြည်တာလား နှစ်မျိုးပဲရှိတယ်လို့ ။
ဘာလို့ ကျန်းဟောက်ကို ပြေးသတိရသွားပြန်ပါလိမ့်။
" သီချင်းတွေက အရင်က လေ့ကျင့်ထားသေးတာမို့ set list ထဲက တစ်ပုဒ်ချင်းစီရဲ့ intro band performance တွေနဲ့ ad-lib တွေကို ဦးစားပေးရအောင်။ အဆင်ပြေတယ်မလား "
ပတ်ဟန်ဘင်းက သူစီစဉ်ထားတာတွေ တစ်ခုချင်း ရှင်းပြနေတုန်းမှာပဲ နားထောင်ရင်း အိပ်ငိုက်ချင်လာပြန်သည်။
ကျန်းဟောက်ကို ရုပ်ရှင်ကြည့်တဲ့ဆီ လိုက်မှာပေါ့လို့ ပြောထားခဲ့ပြီးတော့ အခုကျ မသွားနိုင်တော့ဘူးဆိုတာကို ဆောင်းဟန်ဘင်းဟျောင်းဆီက တစ်ဆင့်ပြန်ကြားရင် ဘယ်လိုဖြစ်သွားမလဲ သိချင်ပါ၏။
" ထယ်ရယ်ရေ ထယ်ရယ် "
" ဪ အင်း "
ဘေးကနေ ပတ်ဟန်ဘင်းက လက်တို့ပြီးခေါ်တာမို့ အယောင်ယောင်အမှားမှားနဲ့ ပြန်ထူးတော့ အားလုံးက ထယ်ရယ့်ကိုစိုက်ကြည့်နေကြ၏။
" အာရုံမပျံ့နဲ့ "
ခေါင်းငြိမ့်ပြလိုက်ပါသည်။ ပတ်ဟန်ဘင်းက သူရဲ့ အစီအစဉ်တွေကိုပြောပြနေပေမယ့် ကျန်းဟောက် နေ့လည်က အခန်းရှေ့မှာ လာရပ်နေတဲ့ပုံက ကလေးလေးနဲ့ တူလိုက်တာရော။ ပါးကိုသွားကိုင်ကြည့်ရင် အိစက်စက်နေမယ့်ပုံပဲ။
ဘာလို့ ရေခဲထုပ် လာပေးရတာပါလိမ့်။ ထယ်ရယ့်ပါးတွေ ရဲနေတုန်းကြောင့်လား။ အဲ့တာမျိုးကို မြင်တယ်ဆိုရင် ထယ်ရယ့်ကို စောင့်ကြည့်နေလို့လား။
မဟုတ်ဘူးလေ။ အီဂျောင်ဟျွန်း ပေးခိုင်းလိုက်တာပဲဖြစ်မှာပေါ့။
" ပွဲက နောက်လေးရက်နေရင်လုပ်မှာ၊ stage rehearsal က သန်ဘက်ခါ ညနေပဲ။ band ရဲ့အပိုင်းကို ပွဲတွေမဆက်ခင်ကတည်းက ကြိုပြင်ဆင်ထားလို့ တော်သေးတာ။ ထယ်ရယ်ရေ နားထောင်နေသေးရဲ့လား "
ပြောပြောဆိုဆိုနဲ့ ထယ်ရယ့်နာမည်ခေါ် ပြီး ဟန်ဘင်းက ပြန်မေးလာတော့ ထယ်ရယ် ခေါင်းပဲငြိမ့်လိုက်ရင် နားမထောင်ပဲနေတာ သိသာကုန်မည်။ အဲ့တာကြောင့် မေးနိုင်တဲ့ မေးခွန်းကို ခန့်မှန်းကာ ဖြေကြည့်လိုက်ပါသည်။
" အေး ငါထမင်းစားခဲ့တယ် "
ပတ်ဟန်ဘင်းကတော့ " ရူးနေပြီ " လို့ တစ်ခွန်းတည်းပြောရင်း ထယ်ရယ့်ကို လွှတ်ထားလိုက်ပါတော့၏။
ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ
" အီဂျောင် ဘာလုပ် "
မီးဖိုချောင်ထဲ ဝင်တာနဲ့ ရေခဲအိတ်ထဲ ရေခဲတွေ ထည့်ကာ အလုပ်ရှူပ်နေသော အီဂျောင့်ကို ကျန်းဟောက်ရဲ့ စပ်စုချင်စိတ်နဲ့ မေးလိုက်သည်။
" တစ်နေရာရာ ထိခိုက်လာလို့လား "
" အာ.. ကျွန်တော် မဟုတ်ဘူး။ ထယ်ရယ်လေ "
" ထယ်ရယ် ဘာဖြစ်လို့လဲ "
" ရည်းစားဟောင်းဆီက ပါးရိုက်ခံလာရတာ "
ရေခဲအိတ်ပြင်နေတဲ့ အီဂျောင့်မျက်နှာ မကောင်းတာ ကျန်းဟောက် သတိထားမိသည်။ ယောက်ျားလေး ဆယ်ယောက်နေတဲ့ အိမ်မှာ မသိတာမရှိဖြစ်နေပြီမို့ ရည်းစားတွေနဲ့ ပတ်သက်ရင် ထယ်ရယ် ဘယ်လောက်ဆိုးသလဲဆိုတာ ထယ်ရယ့်စကားတွေကတစ်ဆင့်ပဲ သိထားနှင့်ပြီးသား။
တစ်ရက်တော့ ပါးရိုက်ခံရမယ်ထင်ထားတာ ဒီနေ့ ဖြစ်နေတာပဲ။
" ဂျောင်ဟျွန်းဟျောင်း ကျွန်တော်နဲ့ ခဏ လိုက်ခဲ့ပေးပါလား။ စာရင်းတိုက်ချင်တာလေး ရှိလို့ "
တိုက်တိုက်ဆိုင်ဆိုင်ပဲ မီးဖိုခန်းထဲကို ချွမ်ရွေ့ဝင်လာပြီး အီဂျောင့်ကို ခေါ်ထုတ်သွားပါတော့၏။
စားပွဲပေါ်မှာ မေ့မေ့လျော့လျော့ ကျန်နေခဲ့တဲ့ ရေခဲထုပ်ကို ကြည့်ရင်း ထယ်ရယ့်ဆီ သွားပေးရကောင်းမလား ကျန်းဟောက် စဉ်းစားကြည့်တော့ တစ်မျိုးပင်။
ဂင်မ်ထယ်ရယ် အဲ့ကောင်လေးက ကျန်းဟောက်သာ စိတ်ထင်တာ မမှားရင် အခုနောက်ပိုင်း အိမ်မှာ အတော်ကို အနေအေးနေပါသည်။ ထပ်ဆောင်း စိတ်ထင်တာ တစ်ခုက လတ်တလောဆို ကျန်းဟောက်ကို တမင်ရှောင်နေသလိုတောင် ခံစားရ၏။
ညဘက်တွေ ဆုံတဲ့လူတွေ စုပြီး ဇာတ်ကားကြည့်လို့ အမှတ်မထင် ထယ်ရယ့်ဘေးထိုင်မိတဲ့အခါ ထယ်ရယ်က ချက်ချင်း ထထွက်သွားသည်။ ထမင်းစားပွဲ ထိုင်မိရင်လည်း အလားတူ။
မသိသာပေမဲ့ လူတွေ အရိပ်အကဲကြည့်ပြီး နေတတ်တဲ့ပုံစံမို့ ကျန်းဟောက်က အနီးနား ပတ်ဝန်းကျင်မှာ နဂိုနဲ့ မတူတဲ့အရာ တစ်ခုခုရှိရင် ချက်ချင်း သတိထားမိတာ ပုံမှန်ရယ်။
လူတွေပြောင်းလဲတတ်တဲ့ သဘာဝကိုတော့ လက်ခံပေမဲ့ တစ်ခါတစ်ရံတော့ ပြဿနာရှိနေမှာ စိုးရိမ်ရသည်။
အဲ့တာကြောင့် ပါဆယ်ကိုယ်စား သွားယူဖို့ကိုလည်း ထယ်ရယ့်ကို တမင် ပြောခဲ့ပေမဲ့ ပစ္စည်းတောင် လူကိုယ်တိုင်မပေးနိုင်ရှာ။ ကျန်းဟောက် အပြင်က ပြန်ရောက်လာတာနဲ့ အခန်းရှေ့မှာ ပါဆယ်ဗူးဟာ အခန့်သား။
ကျန်းဟောက် အမှား တစ်ခုခုများ လုပ်ထားမိလားနော် ?
အခန်းတံခါးသွားခေါက်တော့ ချက်ချင်းထဖွင့်တယ်။ ထယ်ရယ့် ပါးတစ်ဖက် အနည်းငယ် နီရဲရဲဖြစ်ကာ မသိမသာ ဖောင်းနေတာကို မြင်ပြီး လန့်သွားတာနဲ့ ကျန်းဟောက် စကားတွေပင် တောင်ပြောမြောက်ပြော ပြောမိကုန်ပါရဲ့။
ထယ်ရယ်ရှိနေတာ သိသိကြီးနဲ့ တံခါးသွားခေါက်ပြီးမှ ဂျီအွန်းဟျောင်းထင်နေတာလို့ ပြောတော့ ဂင်မ်ထယ်ရယ်တစ်ယောက် သူ့ကို အမြင်ကပ်သွားမလား။
ညနေ ရုပ်ရှင်သွားကြည့်မယ့်ဆီကို အားလုံးလိုက်မယ်ဆိုတာ သိသိရက်နဲ့ ထယ်ရယ့်ကို လိုက်မယ်မလားဟု ထပ်မေးလိုက်သည်။
လိုက်မှာပေါ့ဆိုတဲ့ စကားမဆုံးခင်မှာပဲ ဖုန်းထပြောရင်း သိပ်မကြာပါဘူး။ တစ်နေကုန် အားတယ်ဆိုတဲ့လူက ဂစ်တာလွယ်ပြီး အိမ်အောက် ဆင်းသွားတာ တွေ့လိုက်တော့ ပိုတောင် တွေးမိသွားပြီ။
" ငါပဲ သက်သက်ကြီးမေးလိုက်တာလား "
ဂင်မ်ထယ်ရယ် ကျန်းဟောက်ကို ဘာများ ကြည့်မရဖြစ်နေလဲ မသိနိုင်တော့ပါလေ။
ʚʚʚʚʚʚʚʚ ☆ ɞɞɞɞɞɞɞɞ
a/n: Jianvia ရေးနေကျပုံစံအရဆိုရင် ဇာတ်လမ်း အစကတည်းက main lead နှစ်ယောက်လုံး ဖြစ်ဖြစ် တစ်ယောက်ကပဲဖြစ်ဖြစ် ခံစားချက်ရှိတယ်ဆိုတာမျိုးက တစ်ဝက်တစ်ပျက်ဆန်ကောင်း ဆန်ပါလိမ့်မယ်။ ဒါပေမဲ့ နောက်ထပ် အများကြီး ကျန်သေးတာကိုပဲ စောင့်ပေးကြပါအုံးနော် ><