ခိုင်မာနှောင်ကြိုး အပိုင်း ၂၂
"ကိုဧည့်သည် ကို ငါ သေချာ မေးကြည့်ပြီးပြီ။သူတကယ် ဘာမှ မသိပါဘူးလို့ ပြောတယ်။"
"အဲ့ဒါ လိမ်နေတာ ကိုသား။"
"ကိုဧည့်သည် က မလိမ်တတ်ပါဘူးကွာ။"
"အခြားဟာတွေသာ မလိမ်ရင် မလိမ်တတ်မယ်။ကောင်မလေးနဲ့ ပတ်သတ်ရင်တော့ သူ လိမ်တတ်တယ်။ကောင်မလေး ဝယ်ပေးတဲ့ ကြေးအိုး တုန်းကလည်း သူဝယ်လာသလို ပြောပြီး ကျွန်တော့်ကို လိမ်တယ်။စာတွေ၊ပစ္စည်းတွေက သူ့အခန်းထဲက တွေ့တာလေ။ သူ့အခန်းထဲက ပစ္စည်းတွေကို သူ မသိဘူးဆိုတော့ ဖြစ်နိုင်ချေ ရှိတဲ့ စကားလား ဆိုတာ ကိုသားပဲ စဉ်းစားကြည့်ပေါ့။"
"သူ့အခန်းထဲက တွေ့တာတော့ ဟုတ်ပါတယ်။အဲ့ဒါတွေက သူနဲ့ မပတ်သတ်ဘူး ဆိုတာကတော့ တကယ် ဖြစ်မှာပါ။သူ မလိမ်လောက်ပါဘူး။"
"သူ မလိမ်ဘူးဆိုတော့ ကျွန်တော်ကပဲ လိမ်တဲ့သဘောပေါ့။အဲ့လို ဆိုလိုတာလား ကိုသား။"
"ဟာ...အဲ့လိုတော့ မဟုတ်ပါဘူးကွာ။မင်းဘက်လည်း မှန်တယ်။ကိုဧည့်သည် ဘက်က မှန်တယ်။အဲ့ဒါဆိုရင် ဒီစာတွေက ဘယ်လိုကဘယ်လို ကိုဧည့်သည် အခန်းထဲကို ရောက်နေတာလဲ စဉ်းစားစရာပဲ။ငါ့အထင်တော့ တယောက်ယောက် ကများ လုပ်သလား။ပစ္စည်းတွေနဲ့စာတွေကို တယောက်ယောက်က လုပ်ပြီး ကိုဧည့်သည် အခန်းထဲများ လာထည့်ထားသလား။"
"စိတ်ညစ်ရတဲ့ ကြားထဲမှာ ဒရမ်မာ မခင်းပါနဲ့ ကိုသားရာ။သူ့အခန်းထဲကို ဘယ်သူက လာပြီး အဲ့လိုထားမှာလဲ။တယောက်ယောက် လာလုပ်တယ် ထားဦး။အကို က အိမ်မှာ အမြဲရှိနေတာပဲ။အခန်းထဲကို လူတယောက်ယောက် ဝင်သွားရင် သူသိမှာပေါ့။ကိုသား စဉ်းစား ကြည့်လေ။အိမ်ကို လာပြီး အင်္ကျီလာအပ်သူတွေကလည်း ရပ်ကွက်ထဲက အမေအရွယ်၊အဒေါ်အရွယ်တွေပဲလေ။အင်္ကျီလာအပ်တဲ့ သူတွေကလည်း အကို ရှိတဲ့အချိန်ပဲ လာအပ်ကြတာ။တရက်လည်း မဟုတ်၊ နှစ်ရက်လည်း မဟုတ်။အကို့ မျက်စိရှေ့မှာ အရာအားလုံးက ရှိနေတာကို သူ့အခန်းထဲ ပစ္စည်းတွေ ရောက်နေတာ သူက မသိဘူး ဆိုတော့ ကျွန်တော် ပြောတာလွန်သလား ဆိုတာ ကိုသားပဲ စဉ်းစားကြည့်ပေါ့။"
"မင်းပြောတာလည်း ဟုတ်နေတာပဲ။ကိုဧည့်သည် ကလည်း လိမ်တတ်သူ မဟုတ်မှန်း ငါက သိနေတော့ ဘယ်လို ဆုံးဖြတ်ပေးရမှန်းတောင် မသိတော့ဘူးကွာ။ကိုဧည့်သည် ငိုနေတာကို မြင်ရတော့လည်း ငါ့ရင်ထဲမှာ မကောင်းဘူး။ပြီးတော့ ပြောသေးတယ်။မင်းက သူ့ကို စကားမပြောဘူးတဲ့။"
"လောလောဆယ် ကျွန်တော် သူ့ကို စကားပြောချင်စိတ် မရှိဘူး ကိုသား။"
"အဲ့လိုတော့ မလုပ်ပါနဲ့ကွာ။ကိုဧည့်သည် ခမျာ မင်းမျက်နှာကြည့်ပြီး မင်းအိမ်မှာ နေရတာလေ။မင်းက စကားမပြောတော့ သူ့အနေနဲ့ နေရထိုင်ရ ခက်မှာပေါ့။"
"အဲ့ဒါတွေ ကြိုသိရင် အစကတည်းက ကျွန်တော် မကြိုက်တာ မလုပ်နဲ့ပေါ့။"
"ခက်တယ်ကွာ။မင်းတို့နှစ်ယောက်ကြား ဘယ်လိုဖြေရှင်းပေးရမှန်းတောင် မသိတော့ဘူး။"
ခေါင်းကို ကုတ်ရင်း ကိုသား တယောက် ညည်းညူနေပါတော့သည်။ကိုသားနှင့်သူ စကားပြောနေချိန် အမသီတာ အနားသို့ ရောက်လာလေသည်။အခု နောက်ပိုင်း ကိုသားနှင့်သူ၏ စကားဝိုင်း ထဲသို့ အမသီတာ ပါဝင်လာသည်။အားတဲ့အချိန်၊ ကြုံကြိုက်တဲ့ အချိန်မျိုးမှာ ဖြစ်သည်။အခုလည်း သူတို့ ဖြစ်တဲ့ ကိစ္စကို သိပြီး စကားဝိုင်းထဲ ဝင်လာခြင်း ဖြစ်သည်။
"ကိုဧည့်သည် မျက်နှာတွေ ဖောင်းအစ်နေတာပဲ။မျက်လုံးတွေလည်း ငိုထားလို့ မို့နေတာပဲ။သနားပါတယ်။သူ အတော် ခံစားနေရမှာ။သူ မဟုတ်ဘဲ အပြောခံရတော့ ပိုပြီး ခံစားနေရမှာ။နင့်ရဲ့ ဒေါသတွေကို နည်းနည်း လျော့စမ်းပါ။ကိုဧည့်သည် စိတ်ဓာတ်ကို ငါတို့ အသိဆုံးပါပဲ။ခိုးကြောင်ခိုးဝှက် ဘာမှမလုပ်တတ်ပါဘူး။ရည်းစား ထားတယ် ဆိုတာလည်း မဟုတ်လောက်ပါဘူးဟယ်။နင် အထင်လွဲတာ ဖြစ်မှာပါ။"
ကိုသားနှင့်အမသီတာ တို့ နှစ်ယောက်ကတော့ ကိုဧည့်သည် ဘက်ကချည်းပါပဲ။သူ့ဘက်မှာ လုံးဝမရှိပေ။သူ စဉ်းစားသည်။ သူ ဘာများမှားလို့လဲ။အားလုံးက လွန်သူဟာ သူချည်းပဲ ဘာလို့ ပြောနေကြတာလဲ။အကို က သူစိတ်ဝင်စားပြီး ကြိုက်နေသည့် လူတယောက်လေ။သူ့ကို ပြန်မကြိုက်နိုင်ရင်တောင် တယောက်တည်း အဖြစ် မြင်ချင်နေတာ သူ့အတ္တ ဆိုရင်လည်း သူ ရဲရဲကြီး လက်ခံသည်။မြင်လိုက်ရသည့် အကို့ ချစ်မှုရေးရာ စာတွေဟာ သူ့ နှလုံးသားကို ဘယ်လောက်တောင် သွေးစိမ်းရှင်ရှင် ကျစေသလဲ။
"တကယ်တမ်း ပြောရရင်လည်း ကိုဧည့်သည် ဆိုတာ အရွယ်ရောက်ပြီးသား ယောက်ျားလေး တယောက်လေ။သူ့အသက်အရွယ်နဲ့ ရည်းစားထားတာ ဘာဖြစ်လဲ။ငါတော့ ကိုဧည့်သည် ကို အတွဲလေးနဲ့ မြင်ကြည့်ရင်း ကြည်နူးသွားတယ်။"
"သီတာ...."
ကိုသား၏ အော်သံဟာ အနည်းငယ် ကျယ်လောင်သွားသည်။သူ ကတော့ ဝမ်းနည်းစိတ် ဖြစ်သွားသည်။သူ့အပေါ် နားလည်ပေးပါသည် ဆိုသော အမသီတာ၏ နှုတ်ဖျားက ထွက်ကျလာသည့် စကားလုံးတွေဟာ သူ့ရင်ကို ဓားနှင့် မွှန်းနေသလိုပင်။ဝမ်းနည်းစိတ်ကြောင့် လှိုက်တက်လာသည့် မျက်ရည်စကို လူမမြင်အောင် ပြန်သိမ်းရတာ ပင်ပန်းလိုက်တာ။
"ဆောရီးပါ ရွှေရင်အေးရာ။ငါ သတိလက်လွတ် ဖြစ်သွားလို့ ပြောမိတာပါ။နင့် ခံစားချက်ကို ငါနားလည်ပါတယ်။နင်က ကိုဧည့်သည်နဲ့ နီးချင်ရင် နီးစပ်စေမယ့် အရာတွေကို ဖန်တီးလေ။အခု နင်လုပ်နေတာတွေက ကိုဧည့်သည် နဲ့ ဝေးစေတဲ့ ကိစ္စတွေကို လုပ်နေတာ မဟုတ်လား။ကိုဧည့်သည် က ရည်းစားထားဖို့ တကယ် ကြံစည်နေတယ် ဆိုရင်တောင် နင်က မသိချင်ယောင်ဆောင်ပြီး နင့်လူ ဖြစ်အောင် အတင်းသိမ်းသွင်းရမှာ မဟုတ်ဘူးလား။နင့်လုပ်ရပ်က မဟုတ်သေးပါဘူးဟာ။"
အမသီတာ က မချင့်မရဲ စိတ်နဲ့ ပြောပြန်သည်။သူ အကို့ကို စကားမပြောဖြစ်တာ အကိုနဲ့ပြဿနာ ဖြစ်တဲ့နေ့ကတည်းက ဖြစ်သည်။ သူ မမှားဘူးဟု ခံယူထားသည့် အတွက် သူ့ဘက်ကတော့ စပြီး စကားပြောမည် မဟုတ်။အကို ကတော့ သူ့ကို တတွတ်တွတ်နဲ့ အခွင့်အရေး ရတိုင်း တောင်းပန်ရှာပါသည်။သူ့ဘက်က လုံးဝ ဂရုမစိုက်။မျက်ရည်နှင့်မျက်ခွက် ဖြစ်နေသော အကို့ကိုလည်း သူ မျက်နှာလွှဲကာ မသိချင်ယောင်ဆောင် ထားခဲ့လိုက်သည်။ကိုသားနှင့် အမသီတာ ပြောတာတွေကို လက်ခံဖို့အတွက် မာနက လက်မခံပြန်။
ဒီနေ့ သူ ဈေးရောင်းမထွက်ဖြစ်။အော်ဒါလက်ခံရရှိထားသောကြောင့် ဖြစ်သည်။နေ့လယ်အမှီ ပို့ရမည် ဖြစ်သောကြောင့် အိမ်မှာပဲ အလုပ်တွေ ရှုပ်နေသည်။အကို ကတော့ သူ့ကို အလုပ်တွေ လာကူလုပ်ပေးပါသည်။ဘာစကားမှ မပြောဖြစ်ဘဲ လုပ်ချင်လည်း လုပ်ဆိုပြီး လွှတ်ထားလိုက်သည်။အကို သူ့မျက်နှာကို ကြည့်နေသည် ဆိုတာကိုလည်း သူရိပ်မိလေသည်။အကိုနှင့်သူ စကားများပြီးကြကတည်း အကို့ကို သူစကားမပြောဖြစ်ပေ။သူ့ကို လိမ်ရကောင်းလား ဆိုပြီး စိတ်ထဲတနုံနုံ ဖြစ်နေသည်။စိတ်ဆိုးတာထက် ပိုသည့် ဒေါသဖြစ်ခြင်း မျိုးပါ။အမှန်ဆို ဒါဟာ အကို့ရဲ့ လွတ်လပ်ပိုင်ခွင့်လေ။ကိုသားနှင့် အမသီတာ ပြောတာ အားလုံး မှန်သည်။
"ဇင်..."
ခေါ်သံခပ်တိုးတိုးလေး ပေမယ့် သူမြတ်နိုးရာ အသံလေးကို အလွတ်ရနေသည်။ခေါ်သံကို မကြားချင်ယောင်ဆောင်ကာ လှည့်လည်း မကြည့်။ကြိုနေသည့် အုန်းနို့ရည်အိုးကို မွှေရင်း အကို ဘာစကားထပ်ပြောလာမလဲဆိုတာ အာရုံစိုက်နေမိသည်။သိပ်မကြာခင် အချိန်အတွင်းမှာပဲ အကို့ ထံမှ စကားသံ ခပ်တိုးတိုးလေး ထွက်လာပါသည်။
"ဇင် ကျွန်တော့်ကို စိတ်ဆိုးမပြေသေးဘူးလားဟင်။ကျွန်တော် ထပ်ပြီး တောင်းပန်ပါတယ်။ဇင် စိတ်ဆိုးပြေအောင် ကျွန်တော် ဘာလုပ်ပေးရမလဲဟင်။"
အကို ပြောသည့် စကားကိုသာ နားထောင်နေပြီး ထပ်ပြီးလည်း ဘာမှမပြောဖြစ်။အကို ထံမှ စကားသံ ထပ်မထွက်လာ။သူ့အဖြေကို စောင့်နေသည် ထင်သည်။မသိမသာလေး မျက်လုံးစွေ ကြည့်လိုက်တော့ နေရာမှာတင် ရပ်မြဲအတိုင်း ရပ်နေသည့် ခြေဖမိုးဖွေးဖွေးလေးကို တွေ့ရသည်။
"ဇင် သာ ကျွန်တော့်ကို ပြန်ပြီး စိတ်ဆိုးပြေပြီး စကားပြန်ပြောမယ် ဆိုရင် ပစ္စည်းတွေဟာ ကျွန်တော့် ပစ္စည်းလို့ ဝန်ခံပေးပါ့မယ်။ ဟုတ်ပါတယ်။ကျွန်တော့် ပစ္စည်းတွေပါ။ရည်းစားထားဖို့လည်း ကြံစည်ခဲ့မိပါတယ်။အားလုံး ကျွန်တော့် အပြစ်တွေပါ။ကျွန်တော် ထပ်ပြီး တောင်းပန်ပါတယ်။ကျွန်တော့် ကို စကားပြန်ပြောပါနော်။"
အကိုက သူ့မှာ အပြစ်ရှိကြောင်း ဝန်ခံနေပြီ။ထပ်ပြီး တောင်းပန်ရနေပြီ။ပစ္စည်းတွေက သူ့ပစ္စည်း တွေပါတဲ့လေ။သူ ကြားချင်တာ အကို့၏ ဝန်ခံစကားပဲ မဟုတ်လား။အကို့စကားတွေ ကြားရတော့ သူ့ရင်ထဲမကောင်းသလို ခံစားရသည်။
အုန်းနို့ရည်အိုးကို မီးဖိုပေါ်မှ ချသည်။
"ခင်ဗျားနဲ့ ကြိုက်နေတဲ့ ကောင်မလေးက ဘယ်သူလဲ။"
အကို့ကို လှည့်မကြည့်ဘဲ ရင်နာနာနှင့် မေးလိုက်ခြင်းပင် ဖြစ်သည်။တော်တော်နှင့်တော့ အကို့ ထံမှ စကားသံ ထွက်မလာပါ။အကို့ထံမှ စကားသံ ထွက်လာမလား စောင့်စားရင်း အုန်းနို့ရည်အိုး ကို လက်ခုနှင့်ကိုင်ယူကာ မလိုက်သည်။အိမ်ရှေ့မှာ သွားထားရမည်။
"မသိပါဘူး။"
"ဘာ။"
"အား..."
"ဟာ..."
အဖြစ်အပျက်တွေဟာ ခဏလေး အတွင်းမှာ မြန်ဆန်လွန်းလှပါသည်။သူသယ်လာသော အုန်းနို့ရည်အိုးနှင့် အကို့လက်နှင့် တိုက်မိကာ အုန်းနို့ရည်ပူတွေ အကို့ လက်ပေါ်ကျသွားလေသည်။အပူလောင်လို့ အော်လိုက်သည့် အကို့ အသံကြားမှ သူ ပြာယာခတ်မိလေသည်။အကို့ လက်ကို ဆွဲကာ ရေကပြင်သို့ အမြန်သွားလိုက်ပြီး ဇလုံကြီးကြီးထဲသို့ ရေအပြည့်ထည့်ကာ အကို့လက်ကို ရေထဲမှာ စိမ်ထားလိုက်သည်။သူ့လက်ပါ ရေဇလုံထဲ ဝင်ပြီး အကို့လက်ကို ပွတ်သပ်ပေးနေမိသည်။ဖြူဝင်းတဲ့ အသားအရည်က ရဲတောက်သွားသည်ကို မြင်ရတော့ စိတ်မကောင်း ဖြစ်မိသည်။
"ကျွန်တော် မရည်ရွယ်..."
"ရပါတယ်။ဇင် ကျေနပ်တယ် ဆိုရင် ပြီးတာပါပဲ။"
အကို့ စကားတွေက သွေးအေးလိုက်တာ။သူကပဲ အကို အပူလောင်အောင် တမင်လုပ်သလို ဖြစ်သွားသလားပဲ။
"ဆောရီးပါ။တမင်လုပ်တာ မဟုတ်ရပါဘူး။မတော်တဆပါ။အရမ်းနာနေလား။"
"ရင်ထဲမှာ နာကျင်မှုလောက်တော့ မနာပါဘူး။"
အကို့ စကားတွေက စောနကလို တောင်းပန်သံမျိုးလည်း မဟုတ်ဘဲ ရုပ်ချည်းပြောင်းလဲသွားပြီး ခနဲ့သံပါနေသည်။အကို အဲ့လို ပြောတတ်လိမ့်မည်ဟု အတွေးထဲမှာတောင် မရှိခဲ့ဖူးပါ။အကို စကားတွေ တတ်လာပြီပဲ။
"အဲ့လိုမျိုးတွေ မခံစားစေချင်ရင် ကျွန်တော့်ကို ဘာလို့ လိမ်သေးလဲ။"
"ကျွန်တော် မလိမ်ဘူး၊ ကျွန်တော့် ပစ္စည်းတွေ မဟုတ်ပါဘူး၊ ကျွန်တော် ဘာမှမသိရပါဘူး လို့ အကြိမ်ပေါင်းများစွာ ပြောပြနေတော့လည်း လက်ခံပေးလို့လား။ကျွန်တော့်ကို မယုံမှတော့ ကျွန်တော် ဝန်ခံပါတယ်။ကျွန်တော် အားလုံး ကျူးလွန်ထားပါတယ်။ဒီ့ထက်ပိုပြီးလည်း ကျွန်တော့်ကို အပြစ်ပေးလို့ ရပါတယ်။ဇင် စိတ်ကြိုက်ပြုမူလို့ ရပါတယ်။တကယ်လို့ ကျေနပ်သွားပြီဆိုရင် ကျွန်တော့်ကို စိတ်ဆိုးပြေပါတော့။"
စကားကို တလုံးချင်း စီကာပတ်ကုံး ပြောနေသည့် အကို့ ပုံစံဟာ အေးစက်လွန်းလှသည်။သူသိထားသည့် အကို မဟုတ်သလို အခြားတယောက် လူစားဝင်လိုက်သလား ထင်ရသလိုပင်။
"အ"
နာကျင်သွားသည့် လက်ကို ယောင်ယမ်းကာ ဖိပွတ်လိုက်တော့ နာကျင်သွားသည် ထင်သည်။ညည်းသံလေး တချက်ကြားလိုက်သည်။သူအသိဝင်လာပြီး ဆေးလိမ်းပေးဖို့ ပြင်ရသည်။
"ဆေးလိမ်းပေးမယ်။"
ဆေးလိမ်းပေးတော့လည်း အသာတကြည် အလိမ်းခံပါသည်။မျက်နှာအနေအထားကတော့ မှိုင်းနေပါသေးသည်။ဖြူနုလွန်းသည့် အကို့ လက်လေးကာ သူ့ကြောင့် အပူလောင်ကာ ဒဏ်ရာရသွားလေပြီ။
"ကျွန်တော်တို့ နှစ်ယောက် တခုခုတော့ ဆုံးဖြတ်ကြရအောင်။အခုလို ပုံစံနဲ့တော့ ကျွန်တော်လည်း မနေချင်တော့ဘူး။ကျွန်တော် မေးခွန်းတခု မေးမယ်။ YES OR NO တခုခုဖြေပေး။"
"အင်း။"
"အကို စပြောတုန်းက စာနဲ့ပစ္စည်းကို မသိဘူးလို့ ပြောတယ်။ကျွန်တော်က လိမ်တယ်လို့ပဲ ထင်တယ်။အခုကျတော့ အကိုက ဝန်ခံတယ်။အကို လုပ်တာ ဆိုပြီးတော့လေ။ကျွန်တော် တခုမေးချင်တာက ကျွန်တော်က အလိမ်ခံနေရတာလား။ဒါမှမဟုတ် ကျွန်တော်ကပဲ အထင်မှားနေတာလား။"
လည်တိုင်မှာ ဝတ်ထားသော သူပေးထားသည့် ဆွဲကြိုးလေးကို နီရဲနေသော လက်ကလေးနှင့် အသာဆုပ်ကိုင်လေသည်။သူလည်း အကို ဘာလုပ်နေလဲ ဆိုတာထက် အကို ဘာပြောမလဲ ဆိုတာကိုပဲ နားစွင့်နေမိသည်။
"ဒီဆွဲကြိုးလေးက အရာအားလုံးကို စကားပြောနေခဲ့တာပါ။ဒါလေး သက်သေရှိနေတဲ့ အတွက် ကျွန်တော့်အတွက် အကာအကွယ် တခုလို့ သတ်မှတ်ထားပါတယ်။ကျန်တဲ့ ပစ္စည်း ဆိုတာတွေ ကျွန်တော် မသိပါဘူး။ကျွန်တော့်အတွက် တန်ဖိုး အရှိဆုံး ပစ္စည်းကတော့ ဒီဆွဲကြိုးလေးပါပဲ။ကျန်တာကတော့ ဇင့် ဖာသာ ဆုံးဖြတ်စေချင်ပါတယ်။ဇင် ကျွန်တော့်ကို စကားပြန်ပြောတဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်။"
ဆွဲကြိုးလေးကို လက်နှင့် တင်းတင်းဆုပ်ကိုင်ရင်း ပြတ်ပြတ်သားသား ပြောလာသည်။သူနှင့် ပြဿနာ ဖြစ်သည့် တလျှောက်လုံးလည်း သူပေးထားသော ဆွဲကြိုးကို အကိုက မချွတ်တမ်း ဝတ်ထားဆဲပါ။ဒီအဓိပ္ပာယ်ဟာ ဘာလဲဆိုတာ သူသိသင့်သည် မဟုတ်လား။အမသီတာ ပြောသလို အကိုနှင့် ဝေးအောင် ဖန်တီးသူဟာ သူကိုယ်တိုင်ပဲ ဖြစ်နေပါတော့သည်။
ဆွဲကြိုးလေးကို ကိုင်ထားသည့် အကို့ လက်ကလေးကို အသာဆွဲယူတော့ မော့ကြည့်လာသည်။မျက်ဝန်းညိုလေးထဲမှာ ခပ်ဝေ့ဝေ့ အရည်ကြည်လေးတွေ တွေ့ရသည်။ထိုအရည်ကြည်လေးတွေ ဖြစ်လာအောင် ဖန်တီးသူဟာ မည်သူနည်း။
"ကျွန်တော် အချိန်တွေ ဖြုန်းခဲ့မိတယ်။ဘာအဓိပ္ပာယ်မှ မရှိတဲ့ အလုပ်တွေကို လုပ်ခဲ့မိတယ်။ကျွန်တော် မရင့်ကျက်သေးဘူး အကို။အကို ကပဲ ကျွန်တော့်ကို ခွင့်လွှတ်နားလည်ပေးပါ။"
ခေါင်းလေးအညိတ် မျက်လွှာလေးအချမှာ ကျဆင်းလာသော အရည်ကြည်လေးဟာ ပါးပြင်ပေါ်မှာ နေရာယူနေပြီ။သူ့ကြောင့် ကျဆင်းလာတဲ့ အရည်ကြည်လေးတွေဟာ ဒါနောက်ဆုံးပဲ ဖြစ်ရစေပါမည်။ထိုအရည်ကြည်လေးတွေ ကွယ်ပျောက်သွားအောင် လုပ်ပေးနိုင်သူဟာလည်း သူတဦးတည်းသာ ရှိပါသည်။လက်မလေးနှင့် အသာအယာ ပွတ်ဆွဲကာ ပါးပြင်ပေါ်မှ အရည်ကြည် စီးကြောင်းလေးကို သုတ်ပေးနေမိသည်။
"အခြားသူတွေ ကိစ္စ ကျွန်တော်တို့ ခေါင်းထဲက ထုတ်ပြီး ကျွန်တော်တို့ အကြောင်းပဲ စဉ်းစားကြရအောင်နော်။"
နှုတ်ခမ်းသားမှာ အပြုံးနုနုလေး ထင်ပြီး ခေါင်းညိတ်လေသည်။
"ကျွန်တော် ပွင့်ပွင့်လင်းလင်းပဲ ပြောပါ့မယ်။အကိုလည်း အရွယ်ရောက်ပြီးသား ယောက်ျားလေး တယောက်ပဲလေ။ကျွန်တော် အကို့အပေါ် ဘယ်လိုစိတ်မွေးနေမိတယ် ဆိုတာ အကို ရိပ်မိမယ်လို့ ထင်ပါတယ်။"
အကို့မျက်နှာ ရဲခနဲ ဖြစ်သွားသည် ဆိုကတည်းက သူရိပ်မိသည်။သူ၏ အကြည့်ဒဏ်ကို မခံနိုင်စွာ ခေါင်းငုံထားသော ယောက်ျားသားကို ညင်သာစွာ ပွေ့ဖက်လိုက်မိသည်။ထိကပ်သည် ဆိုရုံလေး တကယ့်ကိုမှ ညင်ညင်သာသာပါ။
"မဖြစ်သင့်ဘူး။မသင့်တော်ဘူး။အကို့အပေါ် မတရားဘူး ဆိုတာ ကျွန်တော် သိပါတယ်။ဒါပေမဲ့ ဒါဟာ သူ့အလိုလို ဖြစ်လာတဲ့ စိတ်ဆိုတော့ ကျွန်တော်လည်း ထိန်းချုပ်ရခက်လို့ပါ။ကျွန်တော့်ကို နားလည်ပေးမယ် မဟုတ်လား။"
"အင်း"
"ကျွန်တော့် အပေါ်ထားရှိတဲ့ အကို့ရဲ့ သဘောထားကို နည်းနည်းလေးလောက် သိခွင့်ရမယ် ဆိုရင် ကျွန်တော် ဝမ်းသာမိမှာပဲ။"
"လွှတ်ပါဦး ...တယောက်ယောက် အိမ်ပေါ်တက်လာရင် မကောင်းဘူး။"
ပါးစပ်ကလည်း ပြောရင်း ရင်ခွင်ထဲမှ ရုန်းထွက်သွားသူကြောင့် မချင့်မရဲတော့ ဖြစ်မိလေသည်။အိမ်ရှေ့မှာ ရှိနေသော သူတို့နှစ်ယောက်၏ အနေအထားဟာ လူတယောက် အိမ်ပေါ်တက်လာလျှင် ချက်ချင်း မြင်နိုင်သည့် အနေအထားမျိုးပါ။အကို့ စကားကို လက်ခံပြီး သူဆင်ခြင်လိုက်သည်။အကိုနှင့် မျက်နှာချင်းဆိုင် အနေအထား ရှိနေချိန် အကို့ မျက်နှာကို သေချာကြည့်နေမိသည်။ဒီမျက်နှာလေး စေ့စေ့မကြည်ဘဲ ခိုးကြည့်နေရတာ ဘယ်နှစ်ရက်ရှိနေပြီလဲ။သူ့အကြည့်ဒဏ်ကို မခံနိုင်စွာ အကိုက ခေါင်းငုံသွားပြန်သည်။ငုံသွားသည့် ခေါင်းလေးအတိုင်း သူလည်း လိုက်ငုံရင်း မျက်နှာကို မြင်အောင် လိုက်ကြည့်နေမိသည်။
"အဖြေပေးလေ။"
"အဖြေက ပေးစရာ လိုသေးလို့လား။"
"ဒါဆို ကျွန်တော် ပျော်ရမှာပေါ့။"
နှစ်ယောက်သား နားလည်သော စကားများနှင့် ပြောကြလေသည်။ခေါင်းညိတ်လိုက်တာကို မြင်ရအပြီးမှာ သူ့စိတ်တွေကို ထိန်းမရစွာပင် အကို့ကို ပြန်လည်ပွေ့ဖက်လိုက်မိပါတော့သည်။ဒီတခါတော့ အကို မရုန်းပေ။အလိုက်သင့်လေး ပါလာသည်။သူတို့နှစ်ဦး၏ ကြည်နူးမှုကို အိမ်ပေါက်ဝကနေ အသာလေး မြင်လိုက်ရပြီးမှ လှည့်ပြန်သွားသူကိုတော့ သူတို့နှစ်ယောက် သတိမထားမိလိုက်ကြပါ။
********
"ဇင်"
"ဪ..အကို..."
ခြံထဲမှာ ပန်းပင်ရေလောင်းနေချိန် အကို အနားသို့ ရောက်လာသည်။တခုခု ပြောချင်နေသော ပုံစံကြောင့် ရေလောင်းလက်စ ရေပုံးကို ချပြီး ရေလောင်းခြင်းကို ခဏနားထားလိုက်သည်။
"အကို ကျွန်တော့်ကို ပြောစရာ ရှိလို့လား။"
"ပြောစရာ ဆိုတာထက် အသိပေးစရာ ရှိတာပါ။"
"အသိပေးစရာ..။ပြောပါဦး ဘာများလဲ။"
"ဟို...ဟိုလေ..."
ပြောဖို့ရန် တွန့်ဆုတ်နေသော အကို့ကြောင့် သူရင်ထိတ်မိသည်။ပြဿနာ ဖြစ်ထားကြတာလည်း မကြာသေးတော့ ဘာများထပ်ဖြစ်မလဲ ဆိုသော စိုးရိမ်စိတ်ကလည်း ရှိနေပြန်ပါသေးသည်။ထိတ်ထိတ်ပြာပြာနှင့်ပဲ မေးလိုက်ရပြန်သည်။
"အကို...ကျွန်တော့်ကို ဘာပြောစရာ ရှိလို့လဲဟင်။ပွင့်ပွင့်လင်းလင်း ပြောပါ။အကို့ကို ကြည့်ရင်းနဲ့ ကျွန်တော် လန့်လာပြီ။"
"ပြောသင့်မပြောသင့် စဉ်းစားနေလို့ပါ။"
"ပြောဖို့ အများကြီး စဉ်းစားနေရအောင် ဘာစကားမလို့လဲ အကိုရယ်။ပြောပါ...အကိုနဲ့ ကျွန်တော်က သူစိမ်းတွေမှ မဟုတ်တဲ့ဟာကို ဟုတ်တယ်မလား။"
"အင်း။ကျွန်တော် ပြောချင်တာက ဧပရယ့် အကြောင်းပါ။"
"ဧပရယ့် အကြောင်း..."
"ဧပရယ် ဘာများဖြစ်လို့လဲ အကို။ပြောပါဦး။'
"ကျွန်တော် ညီအကိုကြား ခလောက်ဆန်တာတော့ မဟုတ်ပါဘူး။ဇင် သိသင့်တယ် ထင်လို့ ပြောပြတာပါ ဇင်။"
"အကိုကလဲ ကျွန်တော်က အကို့ကို အဲ့လိုထင်စရာလား။ကလေးနှစ်ယောက်ကလည်း အကို့ရဲ့ ညီလေးတွေပဲ မဟုတ်လား။ပြောပါဦး...ဧပရယ် ဘာဖြစ်လို့လဲ။စာကောင်းကောင်း မလုပ်ဘူးလား။"
"ဒီအပတ် စာမေးပွဲမှာ အဆင့်တခုတော့ ကျသွားတယ်။အချို့ ဘာသာတွေလည်း အမှတ်နည်းနည်း လျော့တယ်။ဒါက ကိစ္စမရှိပါဘူး။တခါတလေ ဖြစ်တတ်တာမျိုးပါ။အကို သတိထားမိတာက ဧပရယ့်ရဲ့ ထူးခြားလာတဲ့ ပုံစံပဲ။"
"ဘယ်လိုပုံစံလဲ အကို။"
"အခု ရက်ပိုင်း ဧပရယ့် ပုံစံက မှိုင်မှိုင်ထွေထွေနဲ့။စာကတော့ လုပ်ပါတယ်။ကျွန်တော် စိုးရိမ်တာက ဧပရယ် အရွယ်က လူပျိုဖော်ဝင်စ အရွယ် မဟုတ်လား။စိတ်ကစားတတ်တဲ့ အရွယ် ဆိုရင်လည်း မမှားဘူးပေါ့။ဟို ကျွန်တော့် အထင်လေ....ဧပရယ် က စိတ်ကစားပြီး အခြားစိတ်တွေ ကြောင့်များ မှိုင်နေသလားလို့ပါ။ဟို..ကျွန်တော် ဆိုလိုတာက ဧပရယ် က အရွယ်လည်း မရောက်သေးတော့ မဖြစ်သင့်တာ မဖြစ်ရအောင်ပါ။ ဒီ့ထက်ပိုပြီး ဆိုးလာရင် ပညာရေး ထိခိုက်တာတွေ ဖြစ်လာမှာ စိုးရိမ်လို့ပါ။"
"ဟုတ်လား။အင်း...ကျွန်တော် ဧပရယ်နဲ့ စကားပြောကြည့်ပါဦးမယ်။အကို အရမ်းကြီး မစိုးရိမ်ပါနဲ့။ဧပရယ်လည်း သူ့အရွယ်နဲ့ သူ့အသိဉာဏ်နဲ့ ရှိပါတယ်။"
"အရမ်း အဆိုးကြီးတော့ မဟုတ်ပါဘူး။ကျွန်တော်က စိုးရိမ်လို့ ပြောပြတာပါ။မဖြစ်သင့်တာ မဖြစ်အောင်ပါ။အချိန်မီ ထိန်းသိမ်းလို့ ရအောင်ပါ။ဟို...ပြီးတော့လေ..ဧပရယ့် ကိုလည်း အရမ်း မဆူပါနဲ့နော်။"
"ကျွန်တော် ကလေးတွေကို မဆူပါဘူး အကို။နားလည်အောင် ပြောပြမှာပါ။"
"အင်းပါ။သစ်ပင်ရေလောင်းနေတာလား။"
"အင်း"
"ကျွန်တော် ရေကူလောင်းပေးမယ်လေ။"
ချထားသည့် ရေပုံးကို ယူလိုက်ပြီး ရေကူလောင်းပေးတော့ အကို့ လက်ထဲမှ ရေပုံးကို ပြန်ယူလိုက်သည်။
"အကို ပင်ပန်းပါတယ်။ကျွန်တော်ပဲ လုပ်ပါ့မယ်။"
"ရပါတယ်။အဝတ်အစား ချုပ်ရတာလည်း ညောင်းနေတာနဲ့ ကူလုပ်ပေးပါရစေနော်။"
အကို ပြောတာလည်း ဟုတ်တာပဲ။အကို့မှာ တနေကုန် နီးနီး စက်ပေါ်မှာ အချိန်ကုန်နေရသည်။အညောင်းအညာပြေ ကိုယ်လက် လှုပ်ရှားမှုလေးတော့ လုပ်ဦးမှာပေါ့လေ။
"အကို"
"ဟင်"
"အိမ်မှာ ကလေးတွေ မရှိတုန်း ကျွန်တော်တို့ လုပ်ရအောင်လား။"
"အမ်...ဘာ....ဘာပြောတာလဲ။ဘာ..ဘာလုပ်မှာလဲ။"
အနီးကပ်ကာ ရုတ်တရက် ပြောလာသော စကားကြောင့် အကို လန့်သွားသည်ကို သူ သတိထားမိလိုက်သည်။သူပြုံးလိုက်မိသည်။သူ့ဘက်မှ ဟိုလိုလို၊ဒီလိုလို ပြောလိုက်သည့် စကားကို အကို့ဘက်က တမျိုးတမည် အထအန ကောက်သွားပြီဆိုတာ အကို သူ့နားက အနည်းငယ် ခွာသွားချိန်မှာ သိလိုက်သည်။လတ်တလော အကိုနှင့်သူ၏ ဆက်ဆံရေးဟာ ကောင်းလာသည်ဟု ပြောရမည်။ဒါပေမဲ့ ဘယ်လိုအနေအထားမျိုးလည်း ဆိုတာ သူသေချာမသိ။သူ့ဘက်ကတော့ တပြားမှ မလျော့သော ခံယူချက်ကတော့ အကို ဟာ သူ့ချစ်သူပါပဲ။အကို ကတော့ သူဘာပြောပြော ခေါင်းညိတ်သည်။ပြောရမယ်ဆိုရင် သူလည်း အကို့ကို ချစ်စကား အတိအကျ မပြောဖူးသလို အကိုကလည်း ချစ်ပါတယ်လို့ အဖြေပေးဖူးတာ မဟုတ်ပေ။ကျွန်တော်တို့ ဆက်ဆံရေးကတော့ အရင်လို မဟုတ်။အတော်လေးတော့ ပြေလည်နေပြီ။အရင်က အကို့အခန်းထဲမှာ တွေ့ခဲ့ဖူးတဲ့ စာတွေကိုလည်း အကိုက မီးရှို့ပစ်လိုက်ပြီ။လက်စွပ်နှင့် ဆွဲကြိုးကိုလည်း အမှိုက်တောင်းထဲ ထည့်လိုက်ပြီ။ပြတ်သားတဲ့ အကို့ လုပ်ရပ်ကြောင့်လည်း သူစိတ်ကျေနပ်ရသည်။သူ ပေးသည့် ဆွဲကြိုးကိုလည်း သေချာ မချွတ်တမ်း ဝတ်ထားသလို သူ့အလိုကို တရာရာနှုန်းပြည့် အလိုလိုက်ပေးလေသည်။သူ့လောက်ပျော်တဲ့သူ ကမ္ဘာမှာ မရှိသလောက် ရှားပါလိမ့်မည်။
"အကိုက ဘာတွေတွေးနေတာလဲ။ကျွန်တော် ပြောတာက ကလေးတွေ မရှိတုန်း အိမ်ပေါ်မှာ အေးအေးဆေးဆေး စကားထိုင်ပြောကြမလားလို့ ပြောတာပါ။အဲဒါလုပ်တာ ပြောတာပါ။အကိုကလဲ....ဘာတွေတွေးနေလဲကို မသိတော့ဘူး။"
ရှက်ကိုးရှက်ကန်းလေး လုပ်နေပုံက ဘာလေးမှန်းကို မသိ။
"ဝှား...ကျွန်တော် အဲ့လို အကို့ပေါင်ပေါ်မှာ အိပ်ပလိုက်ချင်တာ။"
အိမ်ပေါ်ရောက်သည်နှင့် အကို့ကို ခြေထောက်ဆင်းထိုင်ခိုင်းပြီး အကို့ပေါင်ပေါ်မှာ ခေါင်းတင်ကာ လှဲချပြီး အိပ်ပလိုက်လေသည်။အကို ကတော့ မျက်လုံးပြူးလေးနှင့် အတင်းထခိုင်းသည်။ကလေးတွေ ဝင်လာပြီး မြင်သွားရင် မကောင်းဘူးတဲ့လေ။ကလေးတွေက အန်တီစိုး အိမ်သွားရင် အတော်နှင့် ပြန်မလာတတ်တာ သိရက်နှင့်များ။
"အကိုကလဲ... ကလေးတွေ ပြန်မလာသေးပါဘူး။အန်တီစိုး အိမ်ကို သွားရင် အတော်နဲ့ ပြန်မလာတတ်တာ သိရက်နဲ့များ။ခဏလေးပါ အကိုရာ။ကျွန်တော် အကို့ကို အခုလိုလေး မော့ကြည့်ရတာ သဘောကျလို့ပါ။"
အကို့ပေါင်ပေါ်မှာ ပက်လက်အနေအထား အိပ်ပြီး အကို့မျက်နှာကို မော့ကြည့်မိလေသည်။သူသဘောကျတာပါ။သူ့ကို မျက်နှာအောက်စိုက်ကာ နည်းနည်းငုံကြည့်နေတော့ မေးလေးက နှစ်ထပ်ဖြစ်နေသည်။ယောက်ျားဖြစ်ပြီး မေးနှစ်ထပ်နှင့် ကြည့်လို့ကောင်းလှသည်။အမွှေးအမျှင်များကို ရိတ်သင်ထားသော မေးစေ့လေးက စိမ်းဖန့်ဖန့်နှင့် ရှုချင်စဖွယ်။ကြည့်နေရင်းဖြင့် မနေနိုင်စွာ အသာလေးကိုင်ကြည့်မိသည်။အကိုက ခေါင်းရှောင်သွားတော့ သူ့လက်က လွတ်ထွက်သွားသည်။
"အကိုကလဲ.....ကပ်စီးနည်းလိုက်တာ။ခဏလေး ကိုင်ကြည့်တဲ့ဟာကို။"
"ကလေးတွေ ရောက်လာရင် မြင်သွားမကောင်းဘူးလေ။"
"မရောက်ပါဘူးဆို တကယ်ပဲ။ခဏပေးကိုင်နော်။အကို့ မေးစိလေးနဲ့ မေးနှစ်ထပ်လေး က ကိုင်ချင်စရာလေးမို့ပါ။ခဏလေးပဲ ပေးကိုင်နော်။"
ခေါင်းရှောင်နေသူကို ချော့မော့ကာ ခွင့်တောင်းရလေသည်။
"ခဏပဲနော်...'
"အင်းပါ။"
တကယ်ပါ။မေးနှစ်ထပ်၏ အသားလေးက အိစက်နေရော။ယောက်ျားလေး လို့တောင် ဘယ်လိုပြောရမှန်း မသိသည့် အသားအရည်မျိုး။ လက်က အလိုလို ဆင်းချလာပြီး လည်တိုင်တလျှောက် ကိုင်ကြည့်မိသည်။ လှုပ်ခတ်သွားသော အကို့ လည်တိုင်မှ ယောက်ျားသား တဦး၏ ဆွဲဆောင်မှုလေး တခု။အကို က လှသည်။ဘယ်ရှုထောင့်က ကြည့်ကြည့် ကြည့်လို့ကောင်းသည်။
ကြည့်နေရင်း စိတ်မထိန်းနိုင်လာ၍ တခုခု လုပ်မိမည်စိုး၍ ခန္ဓာကိုယ်ကို ဘေးတစောင်း အနေအထားသို့ ပြောင်းပြီး မျက်နှာကို အကို့ ဗိုက်မှာ အပ်လိုက်သည်။
"အား...မွှေးလိုက်တာ။"
အကို့ ဗိုက်သားလေးကို အင်္ကျီအပြင်ကနေ အသားနမ်းရှိုက်ကြည့်ရင်း ပြောလိုက်သည်။
"အင်း...စောနက ပန်းပင်ရေလောင်းရင်း စပယ်ပန်းလေးတွေ နည်းနည်းပွင့်တာ တွေ့လို့ ခူးလာပြီး အိတ်ကပ်ထဲ ကောက်ထည့်လာတာ။အဲ့ဒါ မွှေးနေတာနေမယ်။"
"ကျွန်တော် ဆိုလိုတာ စပယ်ပန်းအနံ့ မဟုတ်ပါဘူးနော်။အကို့ရဲ့ ကိုယ်သင်းရနံ့။"
"ဟာ...ဇင်ကလဲ။အဲ့နားမှာ ဘယ်လိုလုပ် ကိုယ်...သင်း...။"
အကို က ရှက်သွားဟန်ဖြင့် သူ့ကို တွန်းထုတ်ကာ ပြောလေသည်။
"ကျွန်တော် ပြောတာ ဘာမှားလို့လဲ။ကိုယ်သင်းရနံ့ပါ ဆိုမှ တကိုယ်လုံးမှာ ရှိတာပေါ့။ဒီနားမှာလည်း ရှိမယ်။ဒီနားလည်း ရှိတာပဲ။ဟော..ဒီနားလေးပါ မကျန်..."
"ဟာ...ဇင် တော်ပြီကွာ။"
အကို့ ခန္ဓာကိုယ်ကို နေရာအနှံ့ နမ်းရှုံ့လိုက်တော့ အကိုက ရုန်းကန်ကာ လက်ဖြင့် ရသလောက် ကာနေသည်။သူကလည်း မရမက ကို လိုက်ကာ နမ်းနေလေသည်။နောက်ဆုံးတော့ သူ့ကို တွန်းထုတ်ပြီး အကိုက ထိုင်ရာမှ ထသွားပါတော့သည်။အဲ့လိုဆိုတော့လည်း သူ မနေနိုင်။ကြည်နူးချိန်လေး တော့ အပျက်မခံနိုင်။
"အကို ပြန်လာခဲ့။ကျွန်တော် စတာ။လာ ပြန်ထိုင်။"
"ဟင့်အင်း ... မလာတော့ဘူး။ဇင် က စောနက လို လိုက်လုပ်နေရင် ဘယ်လိုလုပ်မလဲ။"
"မလုပ်တော့ပါဘူးဗျာ။ကတိပေးတယ် လာပါ။"
လာထိုင်ဖို့ အတွက် ကြမ်းခင်းကို ပုတ်ပြလေသည်။သူ့စကားဆိုလျှင် မငြင်းပယ် တတ်သော အကိုက မအီမသာ မျက်နှာနှင့် အနားသို့ ပြန်ရောက်လာသည်။အကို ထိုင်လိုက်ပြီ ဆိုတာနှင့် တပြိုင်နက် အကို့ပေါင်ပေါ်မှာ သူ့ခေါင်းကို နေရာပြန်ချသည်။ဒီတခါတော့ အကို က သူ့ဆံပင်လေးတွေကို လာသပ်ပေးသည်။နွေးထွေးလှသည့် အထိအတွေ့ကြောင့် အမေ့ကို သတိရသွားသည်။အမေလည်း သူ့ကို အဲ့လို လုပ်ပေးဖူးသည်။ချက်ချင်းဆိုသလို သူ့မျက်နှာ တည်သွားသည်။ဝမ်းနည်းရိပ်တွေ ထင်ကျန်သွားသည့် သူ့မျက်နှာကို အကိုက သတိထားမိသွားဟန်ဖြင့် ...။
"ဘာဖြစ်လို့လဲ ဇင်။မျက်နှာလည်း မကောင်းပါလား။ကျွန်တော် လုပ်တာ မကြိုက်လို့လား။"
အကို က လက်ကို သူ့ခေါင်းပေါ်မှ ခွာလိုက်သည်။
"မဟုတ်ပါဘူး။"
အကို့လက်ကို ပြန်ဆွဲလိုက်ပြီး သူ့ခေါင်းပေါ် ပြန်တင်ကာ ဆံပင်တွေကြား နေရာပြန်ယူစေပါသည်။
"အမေ့ကို သတိရလို့ပါ။အမေလည်း ကျွန်တော့် ဆံပင်တွေကို အဲ့လို သပ်တင်ပေးဖူးတယ်။အရမ်း နွေးထွေးခဲ့တယ် အကို။အခု အကို လုပ်ပေးတာလည်း အမေ လုပ်ပေးတာနဲ့ အတူတူပဲ။အရမ်းနွေးထွေးတယ်။"
"ကျွန်တော့် လုပ်ရပ်က ဇင့် အမေကို သတိရသွားစေလို့ ဆောရီးနော်။"
"ဒါကလည်း အမှတ်မထင် ဖြစ်သွားတာပါ။ဒီအချိန်ဆို အမေ့ကို သတိပိုရနေကျလည်း ဖြစ်လို့လေ။"
"ဒီအချိန်ဆိုတာ...။"
"ကျွန်တော့် မွေးနေ့ နီးပြီလေ အကို။"
"ဟုတ်လား။"
"နာမည်ကို ကြည့်ပြီး ဇင့် မွေးနေ့က ဒီဇင်ဘာလမှန်းတော့ ကျွန်တော် ရိပ်မိပါတယ်။ဘယ်နေ့လဲဟင်။"
"တနှစ်လုံးရဲ့ နောက်ဆုံးရက်ပေါ့။"
"ဪ"
အကို့၏ တလုံးတည်းသော စကား။အကို့ ခါးသိမ်သိမ်လေးကို လက်နှစ်ဖက် ယှက်ကာ အသာပွေ့ဖက်လိုက်သည်။မျက်နှာကတော့ ဗိုက်နှင့် အပ်လျက်သား ပြန်ဖြစ်သွားလေသည်။အကို မသိအောင် ခိုးနမ်းလိုက်ရတာလည်း ကြည်နူးစရာ တခုပင်။
"မွေးနေ့လက်ဆောင် ဘာလိုချင်လဲ။"
"ဟင့်အင်း...အကို ရှိနေရင် ပြီးပြည့်စုံပြီ။ဘာမွေးနေ့လက်ဆောင်မှ မလိုချင်ဘူး။အခုလိုမျိုးလေး အမြဲနေရရင် ကျွန်တော့်အတွက် ပြည့်စုံပြီ။အကို ကျွန်တော့်နားက ထွက်မသွားနဲ့နော်။ကတိပေးတယ် မလား။"
"အင်းပါ။"
အကိုဟာ အတိတ်မေ့နေသူ တဦးဆိုတာ တခါတလေ သူမေ့ပစ်လိုက်ချင်သည်။အကို့ကို သူ့နားမှာ ထာဝရ ရှိစေချင်သည်။အကို ပေးသည့် နွေးထွေးမှုတွေကို ထာဝရ ရချင်သည်။အကို့ အပြုံးလေးကို ထာဝရ မြင်ချင်သည်။အကို့ မျက်နှာကို ထာဝရ မော်ဖူးချင်သည်။ ထာဝရ...ထာဝရ ။အကိုနှင့် ထာဝရ နောက်ထပ် လုပ်ဖူးချင်တာတွေ အများကြီးပဲ။အကို့၏ လက်ဖဝါးနုနုလေးကို ဆုပ်ကိုင်ပြီး လမ်းမကြီး တလျှောက် လမ်းလျှောက်ချင်သည်။အကိုနှင့် မျက်နှာချင်းဆိုင် ထိုင်ပြီး ဆိုင်တဆိုင်မှာ မုန့်စားချင်သည်။မုန့်စားနေသည့် အကို့ကို ငေးကြည့် နေချင်သည်။အကိုနဲ့အတူ ဘုရားဖူးထွက်ချင်သည်။ခရီးအတူသွားချင်သည်။ဟိုတယ်မှာ နှစ်ယောက်ခန်း အတူတည်းချင်သည်။ နေထွက်တာကို အတူကြည့်ချင်သည်။နေဝင်သွားသည့် ရှုခင်းကိုလည်း အကိုနဲ့အတူ ခံစားကြည့်ချင်သည်။နေဝင်သွားပြီ ဆိုတာနှင့် အကို့၏ ပါးလေးကို ခပ်ဖွဖွလေး နမ်းလိုက်မည်။အရှက်သည်းသွားမည့် အကို့ ကို ရင်ခွင်ထဲ ထည့်ပြီး ထွေးပွေ့ထားမည်။တွေးရင်း ကြည်နူးစိတ်နှင့် ပြုံးနေမိသည်။
"ဘာတွေ တယောက်တည်း ပြုံးနေတာလဲ ဇင်။'
"အဟီး....အနာဂတ်ကို တွေးနေတာ။"
"အနာဂတ်...။"
"အင်း..အကို ပါတဲ့ အနာဂတ်ပေါ့။အနာဂတ်မှာ အကိုနဲ့အတူ လုပ်ချင်တာကို ပုံဖော်ကြည့်နေတာ။"
"ဪ"
အကို့မျက်နှာ ပျက်သွားသည်ကို သူသိပါသည်။သူတို့နှစ်ယောက်အတွက် အနာဂတ် ဆိုတာ မရေရာ မသေချာတဲ့ အခြေအနေ ဆိုတာ နှစ်ယောက်စလုံးလည်း သိနေလျက်နှင့် သူက စိတ်ကူးယဉ်နေသူ မဟုတ်လား။အနာဂတ်က မသေချာရင်တောင် လက်ရှိအခြေအနေကို သူ တန်ဖိုးထားရမည်။သူ့မျက်နှာကို အပြုံးတွေနှင့် ကာလိုက်သည်။
"အကို ကျွန်တော့် မွေးနေ့ကျရင် ဘုရားသွားရအောင်လား။ကျွန်တော်လည်း ဘုရားမဖူးရတာကြာပြီ။"
"အင်း ကောင်းသားပဲ။သွားကြမယ်လေ။ဘုရားက မနက်စောစော သွားဖူးမှ ကောင်းတာ။"
"အစောကြီးထပြီး သွားမှာပေါ့။ပြီးရင် မုန့်သွားစားကြမယ်။ငယ်လေးတို့ကို အပြင်ဆိုင်မှာ တခါမှ မုန့်လိုက်မကျွေးဖူးဘူး။ ဆိုင်ကောင်းကောင်းမှာ တခါလောက် လိုက်ကျွေးရမယ်။ကလေးတွေ စားဖူးတယ် ရှိအောင်လို့။အင်း...ဘယ်ဆိုင်မှာ ကျွေးရင် ကောင်းမလဲ။ကျွန်တော်လည်း ဆိုင်ကောင်းကောင်း သိပ်မသိဘူး။ကိုသားနဲ့အမသီတာကို မေးကြည့်ရမှာပဲ။"
"စပယ်ပန်းတွေလည်း ခူးပြီး သီသွားရမယ်။ဘုရားကပ်ရမယ်။"
"အဲ့ဒီ့နေ့ကျရင် အကို ဘာစားချင်လဲ။"
"ငယ်လေးတို့ စားချင်တာကိုပဲ ဦးစားပေးပါ။ငယ်လေးတို့ကိုမေး။ငယ်လေးတို့ စားချင်တာကို ဝယ်ကျွေးလိုက်။"
"ငယ်လေးတို့ စားချင်တာလည်း ဝယ်ကျွေးမယ်။အကို စားချင်တာလည်း ဝယ်ကျွေးမှာပေါ့။"
"အင်းပါ။ဇင့် သဘော။ကျွန်တော်က ဘာဖြစ်ဖြစ် စားလို့ ရတယ်လေ။"
"ဝှား...အဲ့နေ့ကျရင် ပျော်စရာကြီး နေမှာနော်။"
"ပျော်စရာကြီးပေါ့ ဇင်ရဲ့။အဲ့ဒီနေ့ ဝတ်ဖို့အတွက် အဝတ်အစားကို ကျွန်တော်ကိုယ်တိုင် ချုပ်ပေးမယ်နော်။ကလေးတွေ အတွက်ကောပေါ့။ငယ်လေးအတွက်ကတော့ ပုဆိုးကို ရှုံ့ကြိုးလေးနဲ့ ချုပ်ပေးမယ်။ဒါမှ ငယ်လေး ဝတ်လို့ ရမှာ။ဇင် က ဘာအရောင်ဝတ်ချင်လဲ။အင်္ကျီကို ဘာအရောင်ချုပ်ပေးရမလဲ။"
"အကို ပင်ပန်းပါတယ်။ချုပ်မနေနဲ့။ရှိတဲ့ အဝတ်အစားပဲ ဝတ်သွားမယ်။"
"ဘယ်ဟုတ်ပါ့မလဲ ဇင်ရယ်။မွေးနေ့ ဆိုတာ အဝတ်အစားသစ် ဝတ်မှ ကျက်သရေ ရှိမှာပေါ့။ဒါမှ တနှစ်လုံးလည်း အဝတ်အစားသစ် ဝတ်ရမှာ။"
"ကျွန်တော်က အကို ပင်ပန်းမှာ စိုးလို့ ပြောတာပါ။လာအပ်တဲ့ ချုပ်ထည်တွေလည်း ချုပ်ရသေးတယ် မဟုတ်လား။ကျွန်တော်တို့ အဝတ်အစားပါ ချုပ်ရရင် အကို ပင်ပန်းမှာ စိုးလို့ပါ။အကို ပင်ပန်းတာ ကျွန်တော် မကြည့်ရက်ဘူး။ကျွန်တော်က အကို့ကို စက်ချုပ်အလုပ်တောင် ဆက်မလုပ်စေချင်တော့ဘူး သိလား။ပထမတုန်းက အပ်ထည်များမယ် မထင်လို့ လုပ်ခိုင်းမိတာ။အခုတော့ နေ့နေ့ညည အကို စက်ချုပ်နေရတာ မြင်တော့ မလုပ်စေချင်တော့တာ အမှန်ပဲ။"
"ဒါကလည်း လာချုပ်သူတွေကို အားနာလို့ လက်ခံထားမိတာပါ။လက်ခံရင်း များသွားတာ။အိမ်ကို လူဝင်လူထွက် များတာ ဇင် က မကြိုက်လို့လား။"
"ဟာ...အဲ့လို မဟုတ်ပါဘူး အကိုရာ။အကို ပင်ပန်းလို့ ကျွန်တော်က ပြောတာပါ။"
"အင်း...နောက်ဆို နိုင်သလောက်ပဲ လုပ်ပါ့မယ်။"
"အကိုက လိမ္မာတယ်။ကျွန်တော့် စကားဆို နားထောင်တယ်။အာ့ကြောင့် အင့်...ရော့ လက်ဆောင်.."
"ဟာ...ဇင်.."
သူ ပေးသော လက်ဆောင် ဆိုသည်မှာ အကို့ မေးဖျားလေးကို ဖျတ်ခနဲ နမ်းလိုက်ခြင်းပါ။ရှောင်ချိန်မရလောက်အောင် သူက လျှင်မြန်လွန်းသည်။နမ်းပြီးတော့ အကို့ပေါင်ပေါ် ခေါင်းအုံးကာ ပြန်အိပ်လိုက်ပြန်သည်။ဒီနေ့အတွက်တော့ အကို့ ပေါင်ပေါ်မှ ခေါင်းကို မခွာချင်တော့ပေ။
"အကို့ပေါင်လေးကလေ အိနေတာပဲ သိလား။မာတောင့်တောင့်ကြီး ဖြစ်မနေဘူး။ခေါင်းအုံးအိပ်လို့ ကောင်းတယ် သိလား။ကျွန်တော့်ကို အကို့ ပေါင်လေး လက်ဆောင်ပေးမယ် မလား။"
"ဟင်...ပေါင်ကို လက်ဆောင် အဖြစ် ဘယ်လိုပေးရမှာလဲ။"
"ဪ..စကားမှားသွားလို့ပါ။အကို့ ပေါင်ပေါ် ထာဝရ အိပ်ခွင့်ပေးမလားလို့ မေးတာပါ။"
"ဇင် အိပ်ချင်တယ် ဆိုရင် ကျွန်တော်က အမြဲ ခွင့်ပြုမှာပါ။"
"ဒါ့ကြောင့်...အကို့ကို..."
"တော်ပြီ ဇင်။ကလေးတွေ ပြန်လာတော့မယ်။"
မေးဖျားလေးကို နောက်တကြိမ် လှမ်းနမ်းမည် အလုပ် အကို၏ ရှောင်ရှားတားမြစ်မှုကြောင့် မှာ အီလည်လည်ကြီးပေါ့။ပေါင်ပေါ်မှာ ထခိုင်းပြီး လူချင်းပါ ခွာခိုင်းလေသည်။သူကတော့ ပေကပ်ကပ်နှင့် မထ။
"ဪ..ရွှေရင်အေးတို့ အိမ်မလာဘူး မှတ်တယ် ဒီမှာ သာယာနေတာကိုး။"
အသံနှင့် အတူ အိမ်ထဲဝင်လာသူကတော့ ကိုသား ဖြစ်သည်။အကို က သူ့ကို ပေါင်ပေါ်မှ တွန်းချပြီး မတ်တပ်ထရပ်သည်။အကို့ မျက်နှာကတော့ ပန်းသီးနီနီလုံး ပမာ ရဲတွက်လို့ နေပြီပေါ့။ လာနှောက်ယှက်သည့် ကိုသား ကို မျက်စောင်းခဲလိုက်သည်။
"ကိုသား ဘာလာလုပ်တာလဲဗျ။"
"အမလေး...ငါ့ကိုများ ဟောက်လိုက်ငမ်းလိုက်ပါလား။အခုတော့ ရုပ်ကတမျိုးပါလား ရွှေရင်အေး။"
"မဟုတ်ပါဘူးဗျာ။ကျွန်တော် မဟောက်ရပါဘူး ကိုသားကလဲ။ကိုသား က ရုတ်တရက်ကြီး အိမ်ပေါ်ရောက်လာတော့ လန့်သွားတာပါ။"
"လန့်မနေနဲ့။ငါဘာမှ မမြင်ဘူးလို့ သဘောထားလိုက်။ကိုဧည့်သည် ကိုသား ဘာမှမမြင်ဘူးနော်။ရွှေရင်အေး ကိုဧည့်သည် ပေါင်ပေါ်တက် အိပ်နေတာလည်း မမြင်ဘူး။ရွှေရင်အေး မျက်နှာ ကိုဧည့်သည် နား ကပ်လွန်းနေတာလည်း လုံးဝ မမြင်ဘူးနော်။"
"ဟာ...ကိုသား"
သူ တားလိုက်ပေမယ့် အချိန်မမှီတော့ပေ။အကို ကတော့ ရှက်ပြီး အခန်းထဲသို့ အခန်းထဲသို့ လှစ်ခနဲ ပြေးဝင်သွားသည်။ကိုသား မပြန်သရွေ့ ပြန်ထွက်လာမည် မဟုတ်တော့မှန်းလည်း သူသိသည်။
"ကိုသားကလဲဗျာ။အကို ရှက်သွားပြီ။အရမ်း မစပါနဲ့။အကို က အရမ်း ရှက်တတ်တာ။ကိုသား လုပ်တာနဲ့ နောက်ဆို အကို့ ပေါင်ပေါ် အိပ်ခွင့်ရပါ့မလားတောင် မသိဘူး။"
"အပိုတွေ မပြောစမ်းပါနဲ့ကွာ။ကိုဧည့်သည် က ခွင့်မပြုလည်း မင်းဘက်က အတင်းလိုက်ကပ်မယ့် လူကများ။"
"ဒါကတော့ဗျာ။ကျွန်တော်က အကို့ကို ပိုပြီး...."
"တော်...တော်..မင်းမပြောလည်း ငါသိတယ်နော်။မင်းဆီက ချစ်ကြောင်း၊ကြိုက်ကြောင်း စကားတွေ ငါမကြားချင်ဘူး။အော့နှလုံးနာလွန်းလို့။"
လူပျိုကြီး ကိုသား တယောက် မျက်နှာရှုံ့မဲ့ကာ ပြောနေတာကြောင့် သူရယ်လိုက်မိသည်။
"ငါတခုတော့ ပြောဦးမယ်ကွ။'"
"ဟုတ်ကဲ့ ကိုသား။ပြောပါ။"
"စောနက မြင်ကွင်းမျိုး မင်းညီနှစ်ယောက်ကိုတော့ မမြင်စေနဲ့ ရွှေရင်အေး။ငါက မနာလိုလို့ ပြောတာ မဟုတ်ဘူးနော်။ကလေးတွေ ရှေ့မှာ ဆိုတော့ကွာ။ဆင်ဆင်ခြင်ခြင်နေတော့ ကောင်းတာပေါ့ကွာ။ဧပရယ် ကလည်း လူပျိုပေါက်လေး ဖြစ်နေပြီ ဆိုတော့လေ။"
"ဟုတ်ကဲ့ ကိုသား။ကျွန်တော် နားလည်ပါတယ်။အခုကလည်း ကလေးတွေ အန်တီစိုး အိမ်သွားလို့ လွတ်လွတ်လပ်လပ် နေမိတာပါ။ကလေးတွေ ရှေ့မှာတော့ အများကြီး ဆင်ခြင်ပါတယ် ကိုသား။"
"အေးကွာ။ငါက စိုးရိမ်လို့ ပြောတာပါ။ငယ်လေး က ကလေးသာသာလေး ရှိသေးပေမယ့် ဧပရယ် က ဟိုဟိုဒီဒီ စိတ်ကစား တတ်တဲ့ အရွယ် မဟုတ်လား။"
"ဧပရယ် ဆိုမှ ကိုသား ကို ပြောပြရဦးမယ်။အကို က ပြောတယ်။အခုတလော ဧပရယ် ပုံစံက ထူးခြားလာတယ်တဲ့။"
"ဟုတ်လား။ဘယ်လို ထူးခြားလာတာလဲ။"
"ဒီအပတ် စာမေးပွဲမှာ အဆင့်တခုတော့ ကျသွားတယ်တဲ့။အချို့ ဘာသာတွေလည်း အမှတ်နည်းနည်း လျော့တယ် လို့ အကို ကပြောတယ်။ပြီးတော့ တမှိုင်မှိုင်တထွေထွေ ဖြစ်နေတယ်တဲ့ ကိုသား။အကိုလည်း ဧပရယ့်ကို စိုးရိမ်နေတယ်။"
"ကိုဧည့်သည် ပြောမှ သိတာဆိုတော့ မင်းကကော ဧပရယ် ဖြစ်နေတာတွေ သတိမထားမိဘူးလား။"
"ဟို...ကျွန်တော်က ကလေးတွေရဲ့ ကိစ္စကို အကိုနဲ့ပဲ လွှဲထားတာ ဆိုတော့ သိပ်သတိမထားမိဘူး။ကလေးတွေရဲ့ အမှတ်စာရင်းစာရွက်ကိုလည်း အကို ကပဲ လက်မှတ်ထိုးပေးတာ။ဟို...ကလေးတွေကို ပစ်ထားတာတော့ မဟုတ်ပါဘူး။အကိုက ကျွန်တော့်ထက် ပိုပြီး တိကျသေချာလို့ ကျွန်တော် လှည့်မကြည့်တာပါ။"
"အေးလေ။ထားပါတော့။ကိုဧည့်သည် ကလည်း တကယ့်ကို စိတ်ချရတဲ့သူပါ။တခုတော့ စဉ်းစားမိတယ်ကွ။ဧပရယ် က ကျောင်းမှာ ရည်းစားတွေဘာတွေများ ထားပြီး ရည်းစားပူများမိနေရော့သလား။"
"ဟာ...မဖြစ်နိုင်ပါဘူး ကိုသားကလဲ။ဧပရယ် က ကလေးပဲ ရှိသေးတဲ့ဟာကို။"
"ငါတို့ မျက်စိထဲမှာသာ ကလေး ဖြစ်နေတာ ရွှေရင်အေး။ခေတ်ကာလ အရ သူတို့အရွယ်က စိတ်ကစားတတ်နေပြီ။ကောင်မလေးတွေလည်း လိုက်ကြူတတ်နေပြီ။ဒီခေတ်က ငါတို့ခေတ်တုန်းကလို စာလိုက်ပေး၊အိမ်ရှေ့မှာ ဂစ်တာလိုက်တီးပြီး ခပ်ဝေးဝေးကနေ ငေးကြည့်ရတဲ့ ခေတ်မဟုတ်တော့ဘူး။အင်တာနက်ခေတ်ကွ။အင်တာနက်ခေတ်။အရမ်းကို မြန်ဆန်လွန်းတယ်။ထိန်းသင့်တာကို ကြည့်ထိန်းရမယ်နော် ရွှေရင်အေး။"
ကိုသား ပြောမှ သူရင်မောသွားသည်။ကိုသား ပြောတာလည်း မှန်တာပဲလေ။
"အဲ့တာကြောင့် ကလေးတွေရှေ့ မင်းတို့ကို ဆင်ဆင်ခြင်ခြင်နေလို့ ပြောတာ။ဒီခေတ်ကလေးတွေက အတုခိုးမြန်တယ်။အတတ်သင်လည်း မြန်တယ်။"
"ရည်းစားထားချင်ရင်လည်း ကျွန်တော်က ခွင့်ပြုမှာပါ။"
"မင်း ခွင့်ပြုတာကို ငါသိပါတယ်။ဒါပေမဲ့ ဒါက အရွယ်မတိုင်သေးဘူးလေကွာ။ထိန်းသင့်တာ ထိန်းရမယ်လေ။ဧပရယ့် လို စာတော်သူ တယောက် အဆင့်ကျပြီး အမှတ်နည်းသွားတာတော့ ငါဘဝင်မကျဘူးကွာ။မင်းနည်းနည်းပါးပါး တီးခေါက်ကြည့်ဦး။"
"ဟုတ်ကဲ့ ကိုသား။"
တပူပြီးတော့ နောက်ထပ် တပူက ရောက်လာပြန်သည်။သူနဲ့အကို အဆင်ပြေပြီးတာမှ ဘယ်လောက်မှ မကြာသေး။ ကြည်နူးရုံရှိသေးသည်။ ညီလေး၏ အပူက ထပ်ဆင့်လာလေပြီ။သူ့ညီတွေကို ယုံကြည်သည် ဆိုပေမယ့် ကလေးသာသာ ရှိသေးသော ညီလေး လမ်းမှား ရောက်သွားမည်ကိုတော့ မလိုလား။အချိန်တန်လို့ ဖြစ်သင့်တာ ဖြစ်သွားတာ လက်ခံပေးလို့ရသည်။ အရွယ်မရောက်သေးဘဲနဲ့တော့ ဘာမှ အဖြစ်မခံနိုင်။သူတို့မှာ မိဘလည်း မရှိတော့ သူသာလျှင် အကိုကြီး အဖအရာ ဖြစ်သည်။ပြောသင့်တာကို ပြောပြပြီး ဆုံးမသင့်တာကို ဆုံးမ ပြောဆိုရပေလိမ့်မည်။သေချာတာကတော့ ဧပရယ်နှင့် စကားသေချာပြောမှကို ရပေလိမ့်မည်။
8.5.2022 Sunday.
4:00 pm.
**********
စာဖတ်သူ ချစ်မိတ်ဆွေ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင့်။သာယာသော နေ့လေး ဖြစ်ပါစေ။