အပိုင်း ၁၈ unicode

204 22 14
                                    


ခိုင်မာနှောင်ကြိုး အပိုင်း ၁၈

တနေကုန် တကုတ်ကုတ်နှင့် အဝတ်ချုပ်နေရတာ နာကျင်မှုကို သတိမထားမိ။ခဏနားချိန်ရောက်လို့ အကျောဆန့်လိုက်တော့မှ ခြေထောက်တွေ ညောင်းကိုက်ပြီး ခါးထဲကပါ မျက်တက်တက် ဖြစ်လာသည်။ဆက်ထိုင်ပြီး အလုပ်လုပ်၍ မဖြစ်တော့တာကြောင့် ခြံထဲသို့ ဆင်းပြီး ပန်းပင်တွေ ရေလောင်းနေလိုက်သည်။သူနှင့်ဇင် စိုက်ထားသော စပယ်ပင်ပေါက်လေးတွေဟာ အခုဆို စပယ်ခြုံတောင် ဖြစ်နေပါပြီ။စပယ်ပင်တွေအပြင် နှင်းဆီပန်းအိုးတွေလည်း သုံးအိုးရှိသည်။အနီရောင်နှင့် အဝါရောင်တွေ။ခရေ၊ ပိတောက်ပင်နှင့် သရက်ပင် ကိုလည်း အပင်ပျိုးထားသည်။ဗူးသီး၊ခရမ်းသီး၊ငရုတ်သီး၊စပါးလင်၊ကြက်သွန်မိတ်၊ချဉ်ပေါင်၊ကန်စွန်း အစရှိသော သီးပင်စားပင်တွေကတော့ ဝေဝေဆာဆာ ရှိနေလေသည်။ရေကို ရေပုံးနှင့် ခပ်လာပြီး ရေပုံးထဲက ရေကို ခွက်နှင့်ခပ်ကာ ခွက်ထဲမှ ရေကို လက်ကလေးနှင့် ပက်ကာပက်ကာ သစ်ပင်ရေလောင်းလိုက်သည်။ရေလောင်းလိုက်တော့ ရေ၏ အစိုဓာတ်ကြောင့် သစ်ပင်လေးများ စိမ်းလန်းလို့လာသည်။

"အကိုရေ.....အကို။"

ခြံရှေ့မှ အသံကြားသောကြောင့် လုပ်လက်စကို ထားခဲ့ပြီး ထွက်လာလိုက်သည်။ခြံရှေ့မှာ မြင်လိုက်ရသည်မှာ ကြွေရုပ်ကမ္ဘာ ပါ။ ဒီတခါတော့ တယောက်တည်း မဟုတ်ဘဲ ကောင်မလေး တယောက် သူ့အနားမှာ ပါလာလေသည်။

"လာလေ"

ခြံတံခါးဖွင့်ပေးပြီး ဖိတ်ခေါ်လိုက်သည်။ဒီနေ့ ကြွေရုပ်ကမ္ဘာ အပ်ထားသော ဝမ်းဆက်သုံးထည် ကို ပေးရမည့်နေ့ ဖြစ်သည်။ကြွေရုပ်ကမ္ဘာ ကလည်း နေ့ရက်အတိအကျပင် ရောက်လာလေသည်။သူလည်း ချုပ်လို့ ပြီးသွားတာနှင့် အဆင်ပြေလေသည်။အဝတ်အစား ချုပ်သူတွေကို ရက်ချိန်းမှန်မှန် ရဖို့ သူ့ဘက်က အတတ်နိုင်ဆုံး ကြိုးစားပေးသည်။ကတိမတည်သူ တယောက် မဖြစ်ချင်လို့ပါ။ဘုန်းကြီးကျောင်းမှာ သွားနေချိန် သုံးရက်လောက် အဝတ်မချုပ်ရသောကြောင့် ကတိပျက်၊ရက်ချိန်းပျက်သွားတာတွေ ရှိတော့ ချုပ်သူတွေကို အလွန်ပင် အားနာမိ၍ တောင်းပန်စကားဆိုရလေသည်။အားလုံးကလည်း နားလည်ပေးကြပါသည်။အားလုံးကို အားနာသော အနေနှင့် သူတို့လာအပ်သော ပိတ်စမှ အနည်းငယ် ပိုသော အစပိုင်းလေးနှင့် ခေါင်းစည်းကွင်းကြိုး တခုစီ လုပ်ပေးပြီး လက်ဆောင်ပေးလိုက်ပါသည်။ အားလုံးကလည်း သဘောကျနှစ်ခြိုက်တော့ သူကျေနပ်ရပါသည်။အခုဆိုရင် ဝမ်းဆက်လာအပ်သော သူများက ခေါင်းစည်းကွင်းကြိုး ပါ ထည့်ချုပ်ပေးပါဟု တောင်းဆိုလာသူများတောင် ရှိလာလေသည်။သူလည်း လိုလိုလားလားပင် လုပ်ပေးပါသည်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now