အပိုင်း ၃၃ unicode

229 18 2
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၃၃

လင်းလက်ထက်မြတ် စာကျက်ဖို့တောင် စိတ်မပါတဲ့ အထိ သူ့စိတ်တွေ ယောက်ယက်ခတ်နေလေသည်။သူဘယ်လိုမှ မထင်ထားခဲ့။ ဒီဇင်ဘာ့ ကို ကိုကို့အိမ်မှာ တွေ့ရလိမ့်မည်ဟု စိတ်နဲ့တောင် တွေးမကြည့်ဖူးခဲ့ပါ။ဒီဇင်ဘာလင်းလက် ဆိုသူ ဆေးကျောင်းကို စရောက်လာကတည်းက သူတို့ထက် အသက်အများကြီး ကြီးသူအဖြစ် အားလုံးက သိထားလေသည်။အားလုံးက ကိုလင်းလက် ဟု ခေါ်တာလည်း သူသိသည်။အများတကာ ခေါ်နေသော ကိုလင်းလက် ဆိုသော နာမည်ကို သူမခေါ်ချင်ခဲ့ပေ။လူချင်း မသိပေမယ့်လည်း စိတ်ထဲကနေ အမြဲခေါ်ဖြစ်တာက ဒီဇင်ဘာ။သူ သတိထားမိခဲ့သည်မှာ ပထမနှစ် ကျောင်းစတက်ကတည်းက ဖြစ်သည်။ခန္ဓာကိုယ် ခပ်ထွားထွား၊အရပ်ရှည်ရှည် အသားခပ်လတ်လတ်နှင့် ပုံမှန်ယောက်ျားလေး ဆံပင်ပုံစံထက် ပိုရှည်နေသော ဆံပင်နှင့်။ပုဆိုး၊ ရှပ်လက်ရှည်၊ ရံဖန်ရံခါ ရှပ်လက်တိုဝတ်ဆင် တတ်သည်။ဖိနပ်ဆိုရင်လည်း ရိုးရိုးခြေညှပ်ဖိနပ်ကိုသာ ဝတ်တတ်သည်။အဝတ်အစားကလည်း သစ်သစ်လွင်လွင် တောက်တောက်ပြောင်ပြောင်မျိုး မဟုတ်ဘဲ ပုံမှန်ထသွား၊ထလာ အဝတ်အစား အနေအထားမျိုးပါ။နှစ်ဆင့်ခွဲ စတီးထမင်းချိုင့်လေးကို ကိုင်ဆောင်တတ်သည်။အချို့နေ့ရက်တွေ ဆိုရင် ငါးဆင့်ချိုင့် ကြီးကြီး တလုံးနှင့် စားစရာတွေ ထည့်လာပြီး သူငယ်ချင်းတွေကို ကျွေးတာကိုလည်း မြင်တတ်သည်။ သူငယ်ချင်းတွေနှင့် ကမ်တင်းထိုင်ရင်လည်း ထွေလီကာလီ စားတာမျိုး မတွေ့ရဘဲ ပါလာသည့် ထမင်းချိုင့်ကို ထုတ်ပြီး စားနေတာမျိုးကိုလည်း တွေ့ရလေသည်။ရံဖန်ရံခါ ချည်လွယ်အိတ်လေး လွယ်လာတတ်ပြီး တခါတရံလည်း ဘေးလွယ်အိတ် လွယ်တတ်လေသည်။ ခြေညှပ်ဖိနပ်လေးကိုသာ အမြဲစီးတတ်ပြီး တခါတရံ ကတ္တီပါဖိနပ်လေးကို စီးတတ်လေသည်။ခန္ဓာကိုယ်ပေါ်မှာလည်း နာရီလေးတလုံး ကလွဲပြီး ဘာအဆောင်အယောင်မှ ရှိမနေ။ခြုံငုံကြည့်လျှင် ရောင်စုံအခြယ်အသတွေ ကြားထဲမှာ ရိုးစင်းသည်။ရိုးသားသည်။ ဆေးကျောင်းတက်သူ အတော်များများဟာ ကိုယ်ပိုင်ကားနှင့် လာသည်။အချို့ကလည်း သူငယ်ချင်းနှင့်အတူ ကားတစီးတည်း စီးလာတတ်သည်။တချို့ကလည်း မိဘက လိုက်ပို့ကြသည်။bus နှင့် လာသူများ ရှိသည့်အထဲမှာမှ ဒီဇင်ဘာကတော့ သူ့အတွက် ထူးခြားလွန်းသူ တယောက် ဖြစ်နေသည်။ငယ်စဉ်ဘဝကတည်းက အရုပ်ဆို အရုပ်၊ မုန့်ဆိုမုန့် လိုချင်တာကို မပူဆာဘဲနဲ့ ရခဲ့သည့် သူ့ဘဝအတွက် ဒီဇင်ဘာ့လို လူတယောက်ဟာ သူ့အတွက် ထူးခြားသော လူတယောက် ဖြစ်လေသည်။

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now