အပိုင်း ၁၁ unicode

211 27 7
                                    

ခိုင်မာနှောင်ကြိုး အပိုင်း ၁၁

ခြံပေါက်ဝမှာ ရပ်နေတာ ခေတ္တကြာသွားသလို၊ ခြံတံခါးကို ဖွင့်ဖို့အတွက်လည်း သူ့လက်တွေ တုန်ရီနေသည်။ဒီအချိန်ဆို အိမ်ကို ဇင် ပြန်ရောက်လောက်ပြီ။သူ ခြံတံခါးကို အသာတွန်းဖွင့်ပြီး ဝင်လာလိုက်သည်။အိမ်ပေါ်တောင် တက်ခွင့်မရလိုက်ဘဲ သူ့လက်တဖက်ကို နောက်ဖက်မှ ဆောင့်ဆွဲခြင်းကို ခံလိုက်ရသည်။လူက တပတ်လည်သွားပြီး ယိုင်ထိုးသွားသော ခြေထောက်နှင့်အတူ ရင်ခွင်ထဲသို့ ဝင်သွားလေသည်။မျက်နှာချင်းဆိုင် မြင်တော့မှ ဇင်။

"အခု ဘယ်အချိန်ရှိနေပြီလဲ။ဘာ့ကြောင့် အခုမှ အိမ်ပြန်လာတာလဲ။"

ဇင့် အသံဟာ ဩထွက်နေသည်။ထုံးစံအတိုင်း ဇင့်မျက်နှာကတော့ ထန်လျက်။အသက်ကို ခပ်ပြင်းပြင်း ရှူနေပြီး မောပန်းလာ ပုံရသည်။မျက်နှာမှာလည်း ချွေးတွေရွှဲနေလေသည်။ကြည့်ရတာ ဇင် သူ့ကို ရပ်ကွက်ထဲ ပတ်ရှာနေပုံရသည်။ဇင့် ကို ကြည့်ပြီး သူသနားသွားသည်။

"ခင်ဗျားကို မေးနေတယ်လေ။"

"အ"

လက်ကို ဆွဲညှစ်ခြင်း ခံလိုက်ရတာကြောင့် သူ အသံထွက်ကာ အော်မိလိုက်သည်။သူ အော်လိုက်ပေမယ့် ဇင် က ကြားပုံမရဘဲ သူ့ကိုသာ စူးစိုက်ကြည့်ပြီး သူမေးချင်တဲ့ မေးခွန်းကိုသာ ဆက်တိုက်မေးနေလေသည်။သူကလည်း အပြစ်ရှိထားသူပီပီ ဇင့်မျက်ဝန်းကို ရဲရဲပင် မကြည့်ရဲပေ။

"ပြောလေ"

ဇင် သည် သူ့လက်ကို လွှတ်လိုက်ပြီး လက်မောင်းနှစ်ဖက်ကို ဆုပ်ကိုင်ထားပြန်ကာ လှုပ်ရမ်းရင်းမေးလေသည်။

"ကျွန်....ကျွန်တော် ကြက်..ကြက်ကြော်သွားဝယ်တာပါ။"

သူ့လက်ထဲမှာ ကိုင်ထားသည့် ကြက်ကြော်ထုပ်ကို မြှောက်ပြလိုက်ရလေသည်။

"ခင်ဗျားကို ဘယ်သူက သွားဝယ်ခိုင်းတာလဲ။"

"ဘယ်..ဘယ်သူမှ မဝယ်ခိုင်းပါဘူး။ငယ်..ငယ်လေးတို့ စားဖို့အတွက်ပါ။"

"သွားမယ်ဆိုရင်လည်း အိမ်ကလူတွေကို ပြောဆိုပြီးမှ သွားရမယ် ဆိုတာ ခင်ဗျား နားမလည်ဘူးလား။ခုအချိန်ထိ ပြန်မလာတော့ အိမ်က လူတွေ ခင်ဗျားကို စိတ်ပူနေမယ် ဆိုတာ ခင်ဗျား မစဉ်းစားမိဘူးလား။"

"ခိုင်မာနှောင်ကြိုး"Where stories live. Discover now