ရာ ကားပေါ်ကဆင်းလိုက်တာနဲ့ အညာမြေရဲ့ လက်ဆတ်တဲ့လေထုက သူ့ကို ဆီးကြိုလေ၏။ သူရောက်လာချိန်က ညနေစောင်းမို့ နေတော့မပူပေ။ တမာရနံ့သင်းတဲ့လေကို အဆုတ်ထိအောင် ရူရှိုက်သွင်းလိုက်ရင်း ကျောပိုးအိတ်ကို ပြင်လွယ်လိုက်သည်။ ပြီးမှ ဆိုင်ကယ်ကယ်ရီတစ်စီးငှားကာ ဦးငယ်တို့အိမ်ကို ထွက်ခဲ့လိုက်သည်။ ကားယူလာရင်ရပေမယ့် ပြန်တဲ့အခါ သခင်နဲ့အတူပြန်ဖို့စဉ်းစားထားတာမို့ လိုင်းကားနဲ့ပဲထွက်လာခဲ့တာပင်။
သူ့မခေါ်ဘဲသွားတဲ့ သခင့်ကိုလည်း စိတ်တိုတိုနဲ့ တလမ်းလုံးမေတ္တာပို့လာသေးသည်။ တော်သေးတာက အရိပ်က ဖုန်းဆက်ပြီး လာခဲ့ဖို့ခေါ်လို့ သခင် နယ်ရောက်နေတာကိုသိရတာ။ အတူတူဖြေရှင်းဖို့ပြောထားပါလျက်နဲ့ တစ်ယောက်ထဲ သူရဲကောင်းလုပ်ချင်နေတဲ့ သင်းကို တွေ့မှ ကျောပြင်မှာ ဆော်ပလော်တီးထည့်လိုက်ဦးမယ်။
"ဒီအထိပဲဝင်လို့ရတယ် အစ်ကို။ လမ်းပြင်နေတော့ ကား၊ဆိုင်ကယ် ဝင်ခွင့်မရှိလို့ပါ"
"ရပါတယ်။ ဒီကနေပဲဆင်းလျောက်လိုက်တော့မယ်။ ကျေးဇူးတင်ပါတယ်"
ကျသင့်ငွေကိုထုတ်ရှင်းပြီး ကျောပိုးအိတ်ကို ပခုံးပေါ်ချိတ်ရင်း ကတ္တရာညော်နံ့တွေကြားက ဖြတ်လာခဲ့လိုက်တော့သည်။ ခြံရှေ့ရောက်တော့ လူခေါ်ခေါင်းလောင်းတီးကာ စောင့်နေလိုက်၏။ မကြာပါ။ ကွန်ကရစ်လမ်းလေးအတိုင်း တရွေ့ရွေ့လျောက်လာသူက သူချစ်ရသော သခင်သွေးကိုယ်တိုင်ပင်။ အနားနီးလာလေ သူ့ရင်တွေခုန်လေပါပဲ။ ဒီအိမ်ဒီခြံဝန်းကြီးထဲ သူတို့အမှတ်တရတွေ ရှိခဲ့သည်မဟုတ်လား။ ဒါကြောင့်လည်း ဒီနေရာမှာ သခင့်ကိုတွေ့ရသည့် ခံစားချက်က ရင်လှိုက်ဖိုစေသည်။ တလမ်းလုံးမေတ္တာပို့လာသမျှတွေ၊ တွေ့တာနဲ့ ဆော်ပလော်တီးထည့်လိုက်မယ်ဆိုတဲ့ အတွေးတွေလည်း ကြက်ပျောက်ငှက်ပျောက် ဘယ်ရောက်ကုန်လဲမသိ။
"မင်းမျက်နှာက ဘာဖြစ်နေရတာလဲ"
ခြံတံခါးဖွင့်ပေးရင်း မျက်မှောင်ကျုံ့ကာ မေးလာသည့် သခင်။ သူယောင်ချာချာဖြင့်...
"ဟင်... ဘာကိုတုန်း"
"ဘာရမှာတုန်း။ မင်းမျက်နှာက ပုရွတ်ဆိတ်ချီတော့မဲ့အတိုင်းဖြစ်ပျက်နေလို့"
YOU ARE READING
Only You (Completed)