အပိုင်း ၁၉

7.4K 552 54
                                    

"နေ က သိပ်ဖြူစင်တာ။ ပြီးတော့... ချစ်ဖို့သိပ်ကောင်းတယ်"

အရိပ်ကိုပြောပြနေတဲ့ ဦးငယ်မျက်နှာမှာ အပြုံးတွေဝေနေ၏။ အရိပ် ဦးငယ်ကိုကြည့်ပြီး ပြုံးမိသည်။ ဪ... ဦးငယ်လည်း အချစ်ကြောင့် ပျော်ခဲ့ဖူးတာပဲကိုး...။

"သူက ဦးငယ်တို့ပွဲရုံက အလုပ်သမားတစ်ယောက်လေ။ ပြောရရင် ဦးငယ် သူ့ကို မြင်မြင်ချင်းချစ်မိသွားခဲ့တာ"

ဟင်...ဘယ်လို... ပွဲရုံအလုပ်သမားလား။ အရိပ်မြင်တွေ့ရသလောက် ပွဲရုံအလုပ်သမားတွေက ယောက်ျားသားတွေကြီးပဲ။ ဪ... စာရေးမဖြစ်ရမယ်။ အရိပ်တွေးရင်း ဦးငယ်ကိုပြန်ကြည့်မိတော့ ဦးငယ်မျက်နှာပေါ်မှာ ခံစားမူ့မျိုးစုံက ဖြတ်ပြေးနေသည်။ မည်သည့်ခံစားချက်လဲဆိုတာတော့ အရိပ် ဖမ်းလို့မရပါ။

"ဦးငယ်လိုပဲ သူလည်း ဦးငယ်အပေါ် ခံစားချက်တွေရှိခဲ့တော့ တိုတိုပြောရရင် ချစ်သူတွေဖြစ်ခဲ့ကြတာပေါ့။ တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ကြတာ မိုးမမြင်လေမမြင်ပါပဲ သမီးရယ်။ ဒါပေမဲ့... နယ်မြို့လေးဆိုတဲ့အတိုင်း အသိုင်းအဝိုင်းက ကျဉ်းတယ်လေ။ ဦးငယ်တို့အပျော်တွေ သိပ်မကြာလိုက်ဘူး။ တဆင့်စကားနဲ့ တဆင့်နားနဲ့ သူနဲ့ဦးငယ်အကြောင်းက ကောက်ရိုးမီးလို ဟုန်းခနဲတောက်ပြီး ပျံနှံ့သွားခဲ့တယ်။ အဲ့ဒီကာလတွေမှာ ဦးငယ်က ပွဲရုံကိုငယ်ငယ်ရွယ်ရွယ်နဲ့ ဦးစီးနေခဲ့ရပြီလေ"

ဦးငယ်မျက်ဝန်းတွေ မှိုင်းရီနေသည်။

"အဲ့ဒီအချိန်က ဦးငယ်အသက် ဘယ်လောက်လဲဟင်"

"နှစ်ဆယ် သမီး။ ဦးငယ်အသက်က နှစ်ဆယ်၊ သူကတော့ ဆယ်ရှစ်နှစ်။ အခု သမီးအရွယ်ပေါ့"

"ဪ........"

အဲ့ဒီအချိန်လောက်ကဆို အရိပ်မွေးဦးမှာမဟုတ်။ ကိုကြီးတောင် ငါးနှစ်၊ခြောက်နှစ်အရွယ်လောက်ပဲ ရှိဦးမှာပဲ။

"လူတွေပြောကြတဲ့ ကောလဟလအတင်းအဖျင်းတွေကို အံ့ကြိတ်ခံခဲ့ရရှာတာ သူက။ ငွေမက်လို့ ဦးငယ်ကိုအပိုင်ဖမ်းတယ်ဆိုပြီး ပိုင်လုံးလို့တံဆိပ်တပ်ခံရတာတွေ၊ ရွံရှာတဲ့အကြည့်နဲ့အကြည့်ခံခဲ့ရတာတွေ... ဦးငယ်လေ သူ့ကို သိပ်အားနာတာပဲ။ အတူတူမေတ္တာဂဟေဆက်ခဲ့ပေမယ့် အကျိုးဆက်ကိုတော့ သူတစ်ယောက်ထဲ ခံစားခဲ့ရတယ်။ မြေနိမ့်ရာလှံစိုက်ချင်တဲ့ ပတ်ဝန်းကျင်က ပုဒ်မ အမျိုးမျိုးနဲ့ သူ့ဘဝလေးကို ဟိုးအောက်ဆုံးထိဆွဲချကြတယ်။ ဒါတောင် သူ ဘာပြောလဲသိလား"

Only You (Completed)Opowieści tętniące życiem. Odkryj je teraz