ရုတ်တရက် ဒူးထောက်လိုက်တဲ့သခင်။
"ငါ ဒီလိုတောင်းပန်ပါတယ်။ ငယ်လေးဘဝမှာ လိုလိုချင်ချင်တောင်းဆိုဖူးတာ ဒါပထမဆုံးမို့..... ငယ်လေးကငါ့အတွက် ဘယ်လိုဖြစ်တည်မူ့မျိုးလဲဆိုတာ မင်းအသိဆုံးပါ ရာ။ အဲ့ဒီလိုငယ်လေးဆန္ဒကို ဖြည့်ဆည်းပေးချင်တာ ငါမှားသွားလား"
ရာ ခြေထောက်တွေ ပြိုလဲသွားကာ ခုတင်ပေါ်အရုပ်ကြိုးပျက်ထိုင်လိုက်မိတော့သည်။ ဒီလောက်ထိလုပ်ဖို့လိုအပ်လို့လား သခင်ရာ။ ရာ့စိတ်တွေနောက်ကျိညစ်ထွေးလာရ၏။
မျက်နှာကိုလက်ဝါးဖြင့်အုပ်ကာ ခဏတာ ငြိမ်သက်သွားတော့သည်။
မမှားဘူး သခင်၊ မင်းမမှားသလို ဘယ်သူမှမမှားခဲ့ကြပါဘူး။ ကံတရားကသာ ငါတို့ကို လွန်လွန်ကြူးကြူးကျီစယ်နေခဲ့တာ။"ကောင်းပြီလေ ငါ လက်ခံတယ်။ အရိပ်နဲ့ငါစေ့စပ်ပေးမယ်။ ဒါပေမယ့် အခုချက်ချင်းတော့မဟုတ်ဘူး။ အချိန်တစ်ခုတော့ ငါ့ကိုပေး။ မင်းဖြစ်စေချင်တာကလည်း ငါနဲ့အရိပ်လက်ထပ်ဖို့ပဲမဟုတ်လား"
"တကယ်လား။ မင်းတကယ်ပြောနေတာလား ရာ"
"အင်း...... ဒါပေမယ့် ငါ့ကိုတစ်ခုလောက်တော့ လိုက်လျောပေးပါ"
"ဘာလဲ"
ရာ နာရီကိုတစ်ချက်ကြည့်လိုက်သည်။
"အခုည၇နာရီထိုးတော့မယ်။ ဒီနေ့ည၁၂နာရီအထိ ငါ့ချစ်သူအဖြစ်ပြန်နေပေးပါ။ ဒီအချိန်အတောအတွင်း မလိမ်မညာ၊ ဟန်မဆောင်ဘဲ ငါ့ကိုမင်းစိတ်ရင်းအမှန်နဲ့ ဆက်ဆံပေးပါ။ ငါ ဒီလောက်တော့ တောင်းဆိုလို့ရတယ်မို့လား သခင်။ ၁၂ထိပါပဲ။ နောက်ပိုင်း မင်းသဘောအတိုင်းလုပ်ပေးမယ်"
သခင်တွေဝေသွားသည်။ ရာ့ကို သူသိပ်ချစ်ပါသည်။ ဒါပေမယ့် ဟိုအရင်ကတည်းက အကြောင်းအမျိုးမျိုးနဲ့ ရာ့ကိုချစ်တဲ့အချစ်တွေကို ဟန်ဆောင်ဖုံးကွယ်ခဲ့ရတာမို့ အခုမှ သူ့စိတ်ရင်းအမှန်ကိုထုတ်ပြရင်ရော ရာယုံပါ့မလား။ ဒါပေမယ့်လည်း သူ ရာ့ကို တစ်သက်စာ၊ တစ်ဘဝလုံးစာဆုံးရှုံးလိုက်ရတော့မှာ။ ဒီအသိက နာကျင်ရသည်။ အခုချိန်ခဏလေးက ရာ့အတွက်ရော သူ့အတွက်ပါ တစ်ဘဝစာ၊သေရာပါမယ့် အမှတ်တရအဖြစ်ကျန်ရစ်တော့မဲ့ တဒင်္ဂလေး။ သူ မျက်စိမှိတ်ခေါင်းညိတ်လိုက်မိတော့သည်။ ငယ်လေးရေ ကိုကြီးကို ဒီလောက်တော့အတ္တကြီးခွင့်ပြုပါ။
YOU ARE READING
Only You (Completed)