အချိန်ကား ည၁၂ထိုးရန် ၁၀မိနစ်အလို။
ညသန်းခေါင်အချိန်ဖြစ်သော်လည်း ရာတို့ခြံဝန်းကြီးသည်ကား မီးရောင်ကြောင့် လင်းလင်းထင်းထင်းရှိလှ၏။ တစ်အိမ်လုံးတိတ်ဆိတ်ကာ ငြိမ်သက်လျက်ရှိသည်။
"ကိုယ်ပြန်သင့်ပြီထင်တယ်"
တိတ်ဆိတ်နေသော အခန်းငယ်ထဲ ထွက်ပေါ်လာသည့် သခင့်အသံ။ ထိုအသံအဆုံး ဆတ်ခနဲ တုန်ခါသွားတဲ့ ရာ့ခန္ဓာကိုယ်။ တုန်လှုပ်နေသည့် မျက်ဝန်းအိမ်ထဲတွင်လည်း ဝမ်းနည်းမူ့ကအထင်းသား။ သခင်ကိုယ်တိုင်လည်း ငိုချပစ်ချင်တဲ့စိတ်က အနိုင်နိုင်အားတင်းထားရသည်မို့ ထိုမျက်ဝန်းများကို ဥပေက္ခာပြုကာ ထရပ်လိုက်တော့သည်။
"ခဏ..."
သခင့်လက်ကိုအလျင်အမြန်ဖမ်းဆွဲကာ မော့ကြည့်လာသည့် ရာ။
"ခဏလောက်နေပါဦးလား... အခုထိ ၁၂မထိုးသေးဘူးလေ။ ငါတို့ကတိပေးထားတဲ့အချိန်မှ မရောက်သေးတာ..."
တိမ်ဝင်သွားတဲ့အသံက သခင့်နှလုံးအိမ်ကို မီးနဲ့မြှိုက်နေသလားထင်ရ၏။ စိတ်ထိန်းစမ်း သခင်သွေး။ နှစ်ယောက်လုံးအတွက် ဘာမှကောင်းတာမရှိဘဲ မပျော့ညံ့စမ်းနဲ့။ သူမနည်းစိတ်တင်းနေတုန်း
ရာက ရုတ်တရက် စိတ်ပြောင်းသွားပုံရကာ လက်ကိုလွှတ်လိုက်ပြီး..."သွားပါ..... ငါဘယ်လောက်ပဲတားတား နောက်ဆုံးတော့ သွားမှာပဲမဟုတ်လား..."
မျက်နှာလွှဲရင်း ပြောလာသည်။
"ကိုယ်တို့ထားခဲ့တဲ့ကတိ...မင်းတည်မယ်မဟုတ်လား"
"ငါ မတည်ဘူးထင်လို့လား သခင်"
"ဟင့်အင်း... ကိုယ် မင်းကိုယုံတယ်"
မင်းကိုယုံတယ်တဲ့လား... မင်းစကားက ငါ့မှာရွေးချယ်ခွင့်မရှိဘူးဆိုတာ သတိပေးလိုက်တာပဲ။
"စိတ်ချ။ ငါ မင်းသဘောအတိုင်း အရိပ်နဲ့စေ့စပ်ပေးမယ်"
"ဒီည ကိုယ်တို့ကြားဖြစ်ပျက်ခဲ့တာတွေကိုလည်း ပြောခဲ့တဲ့အတိုင်း မင်းလုပ်မယ်မဟုတ်လား"
ရာ့စိတ်ထဲ အရွဲ့တိုက်လိုစိတ်ကလေး ဖြတ်ပြေးသွားသည်။
"ငါ့စိတ်ကိုတော့ မင်းမပိုင်ဘူး သခင်။ ငါတို့ကြားက အမှတ်တရတွေကို အပြီးတိုင် ငါမေ့ပစ်သည်ဖြစ်စေ၊ ရင်ထဲမြုပ်နှံသည်ဖြစ်စေ ဒါဟာ ငါ့လွတ်လပ်ပိုင်ခွင့်လေ။ ဒါကိုတော့ မင်းထိန်းချုပ်ခွင့်မရှိဘူး သခင်"
VOUS LISEZ
Only You (Completed)