8.3K 60 0
နွဲ့ ဆိုးဗိုလ် ( ၃ )
၁၀ တန်း အောင်စာရင်းတွေ ထွက်တော့ မိုးဝေ အောင်တယ်၊ ချမ်းချမ်း အောင်တယ်၊ သီဟန်လည်း အောင်တယ်။ ဗိုလ်ဗိုလ် ကျတယ်။
ဗိုလ်ဗိုလ် ရှက်လိုက်တာ။ တစ်သက်နဲ့  တစ်ကိုယ် ဒီလို အတန်း မကျဘူးဘူး။ ငယ်ငယ်လေး ကတည်းက တစ်နှစ် တစ်တန်း အောင်ခဲ့တာချည်းပင်။ ရှက်လွန်းလို့  တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ပြီး မျက်ရည်တွေ ဗိုလ်ဗိုလ့် ပါးပေါ် တလိမ့်လိမ့် စီးကျလာတယ်။ နှပ်တွေပါ ထွက်လာတယ်။
ဗိုလ်ဗိုလ့် ကုတင်ပေါ်မှာ ဘေးချင်းယှဉ်ထိုင်နေတဲ့ သီဟန်က .. မျက်နှာကို လက်ဖ၀ါးနှစ်ဘက်နဲ့  အုပ်ပြီး ငိုနေတဲ့ ဗိုလ်ဗိုလ် ရဲ့  ပုခုံးပေါ် သူ့ လက်တစ်ဘက် တင်ပြီး တင်းတင်းဖက်ထားပါတယ်။
ကိုလင်းကတော့ တနင်္ဂနွေနေ့ မို့  ချက်ချင်း ရောက်မလာတတ်သေး။
ဗိုလ်ဗိုလ် ကျောင်းပြန်တက်ရမယ်ပေါ့။
နောက်က တက်လာတဲ့ အတန်းသစ်ကို ဗိုလ်ဗိုလ် တက်ရတယ်။ ဘ၀မှာ ဒုတိယအကြိမ် အရှက်ဆုံးပါ။ ဗိုလ်ဗိုလ် တက်ရမယ့် တန်းခွဲ ဂငယ် ရဲ့  အခန်းဝ ရောက်တော့ စာသင်နေတဲ့ အတန်းပိုင် ဆရာမ က ဗိုလ်ဗိုလ် ထိုင်ဘို့  အတွက် နေရာပြရမှာမို့  စာသင်ရပ်လိုက်တယ်။
အဲ့တော့ တတန်းလုံးက ကျောင်းသားတွေရဲ့  မျက်လုံးတွေ .. မျက်လုံးတွေက .. မတ်တပ်ရပ်နေတဲ့ ဗိုလ်ဗိုလ့် ဆီကို ရောက်လာကြပါတယ်။ ရှက်လိုက်တာ ရှက်လိုက်တာ။ ခံပြင်းလိုက်ရတာ။ ဗိုလ်ဗိုလ် ခေါင်းကို ငုံ့ ထားလိုက်ရတယ်။
အတန်းသစ်က ချာတိတ်တွေက အရင် ၉တန်းသမားတွေမို့  အများစုကို မြင်ဘူးရုံက လွဲလို့  အသေအချာမသိ။ သိစရာလည်းမလို။ ဗိုလ်ဗိုလ် စိတ်မ၀င်စား။ သူတို့  ကလည်း ဗိုလ်ဗိုလ် ဟာ နှစ်ကြီးသမားမို့  ဘာသိဘာသာ နေလိုက်ကြတာကို ဗိုလ်ဗိုလ် က ဘ၀င်မကျ။ သူ့ ကို ၁၀တန်းကျဆိုပြီး အပေါင်းအသင်း မလုပ်ချင်လို့ လို့  ထင်လိုက်တယ်။
စာသင်ရတာလည်း သိပြီးသား သင်ခဲ့ဘူးပြီးသားချည်း။ သစ်တာ ဆန်းတာ ဘာမှမရှိ။ မနှစ်က ကျက်ထားပြီးသား စာတွေမို့  ၃လ၊ ၄လ  အလိုမှာ အနီးကပ် တွန်းတွန်းထိုးထိုး ကျက်လိုက်ရင် ဗိုလ်ဗိုလ် ဒီနှစ် ၁၀တန်း ကျွတ်ပြီ။ အဲ့မှာတင် ဗိုလ်ဗိုလ် ကျောင်းနေ မပျော်တော့။ တဖြေးဖြေးနဲ့  ဗိုလ်ဗိုလ် ကျောင်းပြေးတတ်လာတယ်။ ကျောင်းမုန့် စားဆင်းချိန်ဟာ ဗိုလ်ဗိုလ် အတွက် ကျောင်းဆင်းချိန် ဖြစ်လာခဲ့တယ်။
ပထမတော့ ကျောင်းဝင်းထဲက ထွက်လိုက်တာနဲ့  ဗိုလ်ဗိုလ့် ခြေလှမ်းတွေက မြို့ ထဲ ရုပ်ရှင်ရုံတွေဘက်ဆီ တန်းလို့ ပါ။ ကြည့်စရာ ကားကလည်း သိပ်မရှိတော့၊ ရုပ်ရှင်ကိုလည်း ငြီးငွေ့ လာတော့ မြို့ ထဲ ဟိုငေး ဒီငေးလုပ်၊ ဗန္ဓုလ ပန်းခြံဝင်ထိုင်၊ ပန်းဆိုးတန်း ဗောတံတား သွားထိုင်ပြီး သမ္ဗာန်တွေငေးနဲ့  အချိန်ကို ရနိုင်သမျှ ကြံဖန်ဖြုန်းသည်ပေါ့။ ဗိုလ်ဗိုလ့် အတွက် အချိန်ဆိုတာ ပိုလို့ လျှံလို့ ပါ။
မနက် မနက် ထပြေးကြရင်း လ္ဘက်ရည်ဆိုင်ထိုင်ကြတဲ့အခါ မြို့ ထဲမှာ တွေ့ ခဲ့ မြင်ခဲ့ သိခဲ့သမျှ ကိုလင်းကို ဖောက်သည်ချ ပြန်ပြောပြနဲ့  အာဝဇ္ဇန်းကို ရွှင်လို့ ပါ။ အစကတော့ ကိုလင်းက အင်းလိုက် အဲလိုက် ရယ်စရာပါရင် ရယ်လိုက်နဲ့ ပေါ့။ နောက်တော့ ဗိုလ်ဗိုလ် ပြောတာတွေ များလာ .. ခေါင်းစဉ်တွေ အကြောင်းအရာတွေ များများလာတော့ ဗိုလ်ဗိုလ့် ကို ရိပ်မိလာတယ်။
ဗိုလ်ဗိုလ် အပြောကို ရပ်လိုက်ပါတယ်။
“ ဒီလိုသာ Rolling stone လို လိမ့်နေလို့ ကတော့ မင်း မလွယ်ဘူး။ မင်း ကျူရှင်တွေရော တက်ရဲ့ လား။”
ကိုလင်းက ဗိုလ်ဗိုလ့် ကို ဆက်မေးလိုက်တာပါ။ ကိုလင်းက တည်တည်မေးလိုက်တာမို့  ဗိုလ်ဗိုလ် ကိုယ်ရှိန်သတ်လိုက်ပါတယ်။ တောက်လျှောက် ဗိုလ်ဗိုလ့် ကို အလိုလိုက် အကြိုက်ဆောင် လိုက်လျောစမြဲ ကိုလင်းက ခပ်မဆတ် မေးလိုက်တာကြောင့် ဗိုလ်ဗိုလ် နည်းနည်းတော့ အံ့အားသင့်သွားတယ်။ တဆက်တည်း စောစောက တွတ်တွတ်ထိုးနေတဲ့ နှုတ်ခမ်းကိုလည်း မသိမသာ တင်းတင်းစေ့လိုက်တယ်။ ရွှင်နေတဲ့ မျက်နှာကိုလည်း ရုတ်ချည်း တင်းလိုက်တယ်။
“ သား တက်ပါတယ်။”
ဗိုလ်ဗိုလ် ခေါင်းကို နှစ်ချက် ဆက်ငြှိမ့်ပြလိုက်ရင်း ပါးစပ်ကလည်း ခပ်ဆတ်ဆတ် ဖြေလိုက်တယ်။ နှာခေါင်းပေါက် နှစ်ခုမှာတော့ ၀င်သက်ထွက်သက် လေပြင်းတွေက ရှုးရှုးရှဲရှဲတိုက်စပြုနေပြီ။ မျက်နှာကလည်း အပြေးလေ့ကျင့်ထားတာထက်ကို ပိုပြီး နီလာပြီ။
ဒါကို ရိပ်မိတဲ့ ကိုလင်းက ..
“ ငါက မင်းအတွက် ပြောတာပါ။”
“ သား နားလည်ပါတယ်။”
ကြည့်လေ ခါတိုင်းဆိုရင် ကိုက ကိုက နဲ့  ရွှန်းရွှန်းဝေ ပြောတတ်တဲ့ ကိုလင်းက အခု သူ့  ကိုသူ ငါက တဲ့။ ဘယ်လောက် တင်းဘို့ ကောင်းလဲ။ တွေ့ မယ်၊ တွေ့ မယ်။ တွေ့ ကြပြီပေါ့နော။
“ အကိုတို့ လို ၁၀တန်း အောင်တဲ့သူတွေက သားတို့ လို ၁၀တန်းကျသမားတွေကို အထင်သေးတာ မဆန်းပါဘူး။”
ရော။ ခက်ပြီ။ ဒီကောင်။ စေတနာကို ချက်ချင်း လက်ငင်းကို စော်ကားလိုက်ပြီ။
ပက်ခနဲ ပြောလိုက်ရင်း ဗိုလ်ဗိုလ့် မျက်အိမ်မှာ မျက်ရည်တွေ ၀ဲလာတယ်။ တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းဟာလည်း တဆတ်ဆတ် တုန်လာတာကြောင့် လ္ဘက်ရည်ဆိုင်ထဲမှာ အရှက်မကွဲချင်လို့  စားပွဲပေါ်က ပေါက်ဆီတစ်လုံးကို လှမ်းယူပြီး ခေါင်းငုံ့ စားနေလိုက်တယ်။
စားနေတဲ့ ပေါက်ဆီပေါ်ကို မျက်ရည်တစ်စက်က ပေါက်ခနဲ။
ဗိုလ်ဗိုလ့် မှာ ဒီသိမ်ငယ်တဲ့ စိတ်က ၁၀တန်းကျတဲ့နေ့ က စလို့  ဗိုလ်ဗိုလ့် စိတ်ထဲ ၀င်ရောက် အောင်းခိုခဲ့တယ်။ အတန်းမတက်တော့ဘဲ ကျောင်းလစ်ခဲ့တာလည်း ဒီစိတ်ကြောင့်ပဲ၊ သူငယ်ချင်းတွေကို မတွေ့ တော့တာလည်း ဒီစိတ်ပဲ၊ အတန်းသစ်မှာ သူငယ်ချင်းသစ် မထားတော့တာလည်း ဒီစိတ်ကြောင့်ပါပဲ။ ကြာတော့ ဗိုလ်ဗိုလ့် မှာ Psycho လိုဖြစ်လာခဲ့တယ်။
ဒါကိုမှ အကိုလို ခင်ရတဲ့ ကိုလင်းက ကရုဏာနဲ့  ပြောလိုက်တာမှာ .. အဲ့ ကရုဏာက ဗိုလ်ဗိုလ့် အရှိုက်ကို ဟက်တက်မှန်တော့တာပဲ။ အရှိုက်က နင့်ကနဲ .. အင့်ကနဲ .. အောင့်သွားပြီးမှာတော့ မျက်ရည်တွေ လိမ့်ဆင်းလာတော့တာပါပဲ။
ပေါက်ဆီကို စားနေရင်းက သူ့ ကောင်မလေး ချမ်းချမ်း ပြောတဲ့ စကားကို ဗိုလ်ဗိုလ် ကြားယောင်နေမိတယ်။
“ ဒီမှာ ဗိုလ်ဗိုလ် ၊ နင်တို့  ယောက်ျားလေးတွေဟာ လေ .. ငါတို့  မိန်းခလေးတွေ ငိုရင် .. မျက်ရည်ကျရင် .. အပိုတွေ၊ မူယာမာယာများနေတာ၊ မျက်ရည်လွယ်တယ်လို့  ထင်တတ်ကြတယ်။ ငါတို့  ရင်ထဲက ခံစားရလို့  မျက်ရည်လည်ရတာလို့  မထင်ကြဘူး။ ငါတို့  မျက်ရည်ကို တန်ဘိုးမထားတတ်ကြဘူး။”
ချမ်းချမ်း ပြောခဲ့တုန်းက ပြုံးနေခဲ့တဲ့ ဗိုလ်ဗိုလ် အခုတော့ သဘောပေါက်သွားပါပြီ။
ကိုလင်း နေလို့  မရတော့။ မိသားစုမှာ အငယ်ဆုံးမို့  ညီငယ် နှမငယ်တွေ မရှိတဲ့ ကိုလင်း .. ဗိုလ်ဗိုလ့် ကို ကိုယ့်ညီလေးလို သဘောထားပြီး ကောင်းစေချင်လို့  လေသံနည်းနည်း မာလိုက်ပါတယ်၊ ပုဂ္ဂိုလ်က မျက်ရည်ပေါက်ပေါက်ယိုနေပြီ။ ပထမဦးဆုံးမှာပဲ လက်မြှောက်လိုက်ရပြီ။
ဗိုလ်ဗိုလ် နဲ့  မျက်နှာချင်းဆိုင် ထိုင်နေရာက ဗိုလ်ဗိုလ့် ဘေးက ထိုင်ခုံကို ရွှေ့ ထိုင်လိုက်ပါတယ်။
“ ကဲပါ .. ဗိုလ်ဗိုလ် ရာ တော်ပါတော့။ ကိုတို့  သွားကြရအောင်ပါ။”
ကိုတို့ လို့  ပြန်ပြင်သုံးလိုက်ပြီး ကိုလင်း ဗိုလ်ဗိုလ့် ကို စချော့ပါပြီ။ ဗိုလ်ဗိုလ့် ကို ကိုလင်း ကိုယ်ချင်းစာပါတယ်။ သူ့ မှာလည်း သူ့ အကိုက နိုင်ငံခြားရောက်နေ။ ဗိုလ်ဗိုလ့် မှာလည်း သူ့ အကို ဇော်ဇော်ချို က အဝေးမှာရောက်နေတယ် မဟုတ်လား။ မိသားစုတွေထဲမှာ အငယ်ဆုံး ဖြစ်ကြတာချင်းပါ လာတူနေကြတယ်လေ။
ယောင်ယောင်လေး မတူတာက ကိုလင်းက ညီငယ် လိုချင်တယ်၊ ဗိုလ်ဗိုလ် က အကိုပဲ ထပ်လိုချင်တယ်။
“ သား မလိုက်ဘူး အကို .. အကိုပြန်တော့။”
ရော။ ဒီကောင် ဆန္ဒပြပြီ။ ထိုင်နေရာက မထ။ လှုပ်တောင် မလှုပ်။
လုပ်ပြီ၊ ဗိုလ်ဗိုလ် လုပ်ပြီ။ ဒါဟာသူ့ ရဲ့  အထိရောက်ဆုံးနဲ့  အအောင်မြင်ဆုံး တိုက်ကွက်။
မိသားစုမှာ အငယ်ဆုံးဆိုပေတည့် ဗိုလ်ဗိုလ့် ကို အလို မလိုက်ကြ။ ပါးစပ်နဲ့  မပြောဘဲ မျက်လုံးနဲ့ သာ ခပ်တည်တည်ကြည့်တတ်တဲ့ အဖေ့ကိုလည်း ကြောက်ရတယ်၊ စကားလုံးလေးတွေ ရွေးသုံးပြီး သာသာနဲ့  နာနာပြောတတ်တဲ့ အမေ့ကိုလည်း လန့် ရတယ်၊ မထင်ရင် မထင်သလို စိတ်ထွက်တတ်တဲ့ အကို ကိုလည်း သတိထားရတယ်။ ဒါ့ကြောင့်လည်း ဗိုလ်ဗိုလ် .. အကိုတစ်ယောက် ထပ်လိုချင်တာပါ။
မိသားစုထဲမှာ အငယ်ဆုံးပီပီ မဆိုးရ မနွဲ့ ရ မချွဲခဲ့ရ မခရာခဲ့ရတဲ့ ဗိုလ်ဗိုလ် ဟာ သူငယ်ချင်း အပေါင်းအသင်း ရောင်းရင်းတွေ အပေါ်မှာသာမက သူ့ ကို ချစ်တဲ့ ခင်တဲ့ သူတွေ အားလုံး အပေါ်မှာပါ ဆိုးခဲ့ နွဲ့ ခဲ့ တေခဲ့ ပေခဲ့ ဂျီကျခဲ့ပါတယ်။ သဘောမနော တကယ်ကောင်းပြီး လူတစ်ဘက်သားကို အသေအချာ ကူညီတတ်၊ ချစ်လိုဘွယ် အပြုံးနဲ့  နှစ်လိုဘွယ် စကားကို ဆိုတတ်သူမို့ လည်း သူငယ်ချင်းတွေက လိုတာထက် ပိုအလိုလိုက်တတ်ကြပါတယ်။
ရေကူးဘောင်းဘီ ဖွတ်လျှော်ပေးတဲ့ သီဟန်၊ ဦးလေးတစ်ယောက်က ကားသစ်ဝယ်စီးတာမို့  မဆီမဆိုင် စီးကြည့်ချင်တဲ့ ဗိုလ်ဗိုလ့် ကို အဲ့ဒိကားနဲ့  ကျောင်းကြို ကျောင်းပို့ လုပ်ပေးတဲ့ မိုးဝေ၊ လွတ်သမျှ ကျောင်းစာတွေကို တစ်ဦးတည်း ကန်ထရိုက်ယူပြီး ကူးရေးပေးတဲ့ ချမ်းချမ်း၊ အကုန်ပါပဲ။ သူတို့ နည်း သူတို့  ဟန်နဲ့  လိုက်လျောကြတာပါ။ ဒါတွေဟာ ဗိုလ်ဗိုလ့် ကို အကျင့်ပါသွားစေတာပါ။
“ ကဲပါကွာ ညီရာ သွားကြပါစို့ ။”
ကိုလင်း ဗိုလ်ဗိုလ် ရဲ့  ပုခုံးစွန်းကို လက်ဖ၀ါးနဲ့  ဆုပ်ကိုင်ရင်း ဗိုလ်ဗိုလ့် ကို ပထမဆုံး .. ညီလို့  ခေါ်လိုက်ပါတယ်။ ဗိုလ်ဗိုလ် မသိမသာ ပင့်မျက်လုံး ပွင့်လာတယ်။
“ ကိုက .. မင်း စိတ်လေသွားမှာ စိုးလို့ ပါ။ ဘာလို့  အထင်သေးရမှာလဲ။ ကိုယ့်ညီပဲ မဟုတ်လား။ ဇော်ချို့  ညီဟာ ကို့  ညီပဲပေါ့။ နောက်ကို စိတ်အလိုလိုက်ပြီး ခြေဦးတည့်ရာ လျှောက်သွားနေမယ့် အစား ကို့  ဆီကိုလာခဲ့၊ ကို့ အိမ်ကို လာခဲ့၊ တို့ အတူ စာဖတ်ကြမယ် ဟုတ်ပြီလား။”
ဗိုလ်ဗိုလ် မလှုပ်သေး။ ပြီးမှ ခေါင်းကို ဖြေးဖြေးချင်း ညှိတ်လိုက်တယ်။ ပေါက်ဆီ စားထားလို့  ပေနေတဲ့ လက်ကို တစ်ရှုးနဲ့  သုပ်၊ ညာဘက်လက်မကို ထောင်ပြီး ဘယ်ညာဆို့ နေတဲ့ ရွှေမျက်ရည်တွေကို သုတ်၊ လက်ကျန် လ္ဘက်ရည်ကို ကျိုက်ပစ်လိုက်တယ်။
“ ကဲ ထ။ သွားကြစို့ ။”
ဗိုလ်ဗိုလ် ၀တ်ထားတဲ့ ဘောင်းဘီတို ဘေးအိတ်ထဲက လိပ်ထားတဲ့ ပိုက်ဆံကို နှိုက်လိုက်တော့ ..
“ ကဲပါ။ ကို ရှင်းလိုက်ပါမယ်။”
ကိုလင်းက ကောင်တာမှာ ထရှင်းလိုက်ပါတယ်။ ပြီးမှ ဆိုင်ဝမှာ ရပ်စောင့်နေတဲ့ ဗိုလ်ဗိုလ့် ရဲ့  ပုခုံးပေါ် လက်တင်ပြီး ထွက်လာခဲ့ကြပါတော့တယ်။ ဗိုလ်ဗိုလ် ကတော့ ခေါင်းကို ငိုက်စိုက်ချပြီး .. .. ..
" နွဲ့ဆိုးဗိုလ် "Where stories live. Discover now