23. One Sided Competition

1.4K 147 25
                                    

(Unicode)



ရုံးစပြောင်းလာခဲ့သည့်ရက်ပိုင်းလောက်အတွင်း၌ အွန်းဘီအနားမှသူခပ်ခွာခွာနေကာ ယခင်ကအတိုင်း သူမ၏အမူအကျင့်များကို အသေးစိတ်ကအစ ပြန်လေ့လာကြည့်မိသည်။ အွန်းဘီသည် သူ့အားသိသိသာသာရှောင်နေသည်မှအပ ကျန်သည့်အရာအားလုံးမှာ ပုံမှန်ပင်။ ကျောင်းတုန်းကအတိုင်း ဘာမှမပြောင်းလဲခဲ့။ နေ့လည်နားသည့်အချိန်တွင် ကော်ဖီစက်ရှိရာသို့ သွားတတ်သည်။ ရုံးဆင်းလျှင် ဟိုတယ်နှင့်အနီးဆုံးဘတ်စ်ကားဂိတ်တွင် ကားစောင့်တတ်သည်။ ရုံးတွင်းတွင် ဌာနမှဝန်ထမ်းများ၏ချစ်ခင်မှုကို အသင့်အတင့်ရထားသည်။ တစ်ခါတစ်ရံ သူ့အား လွမ်းဆွတ်သည်လား၊ မုန်းတီးသည်လားမရေရာသည့်အကြည့်မျိုးဖြင့် စိုက်ကြည့်နေတတ်သည်။ တစ်ယောက်နှင့်တစ်ယောက် အလိုက်သိစွာ မျက်နှာချင်းမဆိုင်မိစေရန် ကြိုးစားကြသော်လည်း အလုပ်ခွင်ဖြစ်၍ရှောင်ကွင်းမရသည့်အခါမျိုးတွင်တော့ စကားမပြောလို့မရကြ။

အွန်းဘီ၏အရှောင်အတိမ်းကောင်းမှုကြောင့် သီးသန့်စကားပြောချိန်ကို ဂျုံးဂု ဖန်တီးယူရန်ဆုံးဖြတ်လိုက်ရင်း သူမ လာနေကျကော်ဖီစက်ရှိရာ၌ သူစောင့်နေမိသည်။ တစ်ချိန်က နှစ်ယောက်အတူတူမကြိုက်ဟု ပြောခဲ့ဖူးသည့်ကော်ဖီကို သူ့ရှေ့တွင်နှစ်ခြိုက်စွာသောက်ပြခြင်းအား ပြောင်းလဲခြင်း၏ပြရုခ်တစ်ခုအဖြစ်များ သူမ ယူဆထားသလော...။ ဖြည်းဖြည်းမှန်မှန်ခြေလှမ်းဖြင့်လျှောက်လာသည့် သူမအားတွေ့လိုက်စဉ်တွင် ဂျုံးဂု ကော်ဖီစက်အနားရှိ နံရံထောင့်ချိုးအကွယ်နားတွင် သူမ မမြင်စေရန် အသာကွယ်နေလိုက်မိသည်။ အွန်းဘီကတော့ သူမ၏ပုံမှန်အလုပ်တစ်ခုအလား ကော်ဖီခွက်လေးကိုကိုင်ကာ အရသာခံသောက်နေလျက်။


"ကော်ဖီတွေတောင် သောက်တတ်သွားပြီနော်"


ဂျုံးဂု အသံပြုလိုက်ရင်း ပုန်းနေရာမှထွက်လာလိုက်စဉ် လန့်သွားသောကြောင့် တုန်ခနဲဖြစ်သွားသည့်သူမ။ အွန်းဘီ ရှောင်ထွက်သွားလောက်သည်ဟု ဂျုံးဂု တွေးထားခဲ့သော်လည်း သူ့ဘက်သို့ မျက်နှာချင်းဆိုင်လှည့်ကာ လှိုက်လှိုက်လှဲလှဲတော့သိပ်မရှိလှသော်လည်း တည်တည်ငြိမ်ငြိမ်ဖြင့်နှုတ်ဆက်လာသည်လေ။


"သြော်... မန်နေဂျာပဲ"


သူမထံမှ ဂုဏ်ပုဒ်၊ ရာထူးများအား ရှေ့တန်းတင်ကာ တပ်ခေါ်လာခြင်းအား ဂျုံးဂု မနေတတ်။ ဘယ်လိုပြန်မဖြစ်တော့မှန်းသိလျက်ပင် ရူးမိုက်စွာ သူမထံမှ ရင်းရင်းနှီးနှီးခေါ်သံလေးကို ကြားချင်မိသေးသည်။ အရာအားလုံးသည် သူ့ကြောင့် တစစီကွဲကြေခဲ့သည့်တိုင် ဤတစ်ကြိမ်တွင်တော့ ထိုအပိုင်းအစများအား ရအောင်သူပြန်ဆက်မည်ဟု ဆုံးဖြတ်ထားခဲ့သည်မလား။ အနည်းအကျဉ်းပဲဖြစ်ပါစေဦး... ကြိုးစားမှုမှန်သမျှသည် အရာတော့ထင်စမြဲရှိသည်ဟု သူယုံကြည်မိသည်။


"ဂျုံးဂု... အဲ့လိုပဲခေါ်လို့ရပါတယ်"


သူ့အပြောကြောင့် သူမမျက်နှာတွင် မချိတင်ကဲအပြုံးလေးတစ်ခု ဖြတ်ပြေးသွားသည်။ သူမမျက်နှာအား အရိပ်တကြည့်ကြည့်နေခဲ့ဖူးသူတစ်ယောက်ဖြစ်သည့်အလျောက် ထိုအပြုံးမှာ သူမကိုယ်တိုင်တောင် သိလိုက်မည်မဟုတ်သည့်အပြုံးတစ်ခုမှန်း ဂျုံးဂု နားလည်လိုက်သည်။ သူ့ကိုမေ့သွားပြီလို့ထင်ခဲ့တာ... ဘာလို့အခုချိန်ထိ သူမကပါ နှလုံးသားနဲ့ဦးနှောက်ကို လွန်ဆွဲနေရသေးတာလဲ။ ဒါမှမဟုတ် သူပေးခဲ့တဲ့ဒဏ်ရာတွေ အရမ်းနက်ရှိုင်းလွန်းလို့များ ပြန်ကုစားဖို့ခက်ခဲနေသေးတာလား...၊ သူက အွန်းဘီအတွက် အဲ့လောက်တောင်ဆိုးခဲ့တဲ့လူတစ်ယောက်လား... ဂျုံးဂု တစ်ယောက်တည်း အတွေးထဲမေးခွန်းများစွာမေးနေမိသည်။


"ကိုယ့်ထက်ရာထူးကြီးတဲ့သူကို အဲ့လို မခေါ်ချင်လို့ပါ။ နားတဲ့အချိန်တောင် ကုန်တော့မှာပဲ... ကျမ ရုံးခန်းထဲသွားတော့မယ်"


ထပ်ပြီး ရှောင်ပြေးဖို့ကြိုးစားပြန်ပြီလား လီအွန်းဘီ...။ ဂျုံးဂု စိတ်ထဲမတင်မကျဖြစ်ကာ လှည့်ထွက်ရန်ကြိုးစားနေသည့် သူမလက်အားဖမ်းဆွဲလိုက်မိသည်။ လုပ်ငန်းခွင်ဟူသည့်အချက်ကိုပင် သူမေ့လျော့သွားခဲ့သည်လေ။ စိတ်ထဲတွင် သူမသည် သူ့အားစိတ်ကောက်နေခြင်းဟုသာ ထင်မှတ်နေမိပြီး ချော့လိုက်ရင်ရသွားမည်ဟု ယူဆနေမိဆဲပင်။ အခု သူပြန်လာတာ ကောင်းသောပြန်လာခြင်းမှန်း သူမ ဘာလို့မမြင်နိုင်တော့တာလဲ...။


"အွန်းဘီ... ကိုယ့်ကိုအဲ့လောက်ထိ မရှောင်ပါနဲ့"

When Rain Falls Down (Book 2) ✔ Where stories live. Discover now