17. Over

1.1K 138 36
                                    

(Unicode)



မော့မသောက်ခင် လက်ထဲရှိဆိုဂျူကို တစ်ချက်ဝေ့လိုက်မိသည်။ ခေါင်းထဲတွင် မဖိတ်ခေါ်ဘဲရောက်နေသည့်အတွေးပေါင်းစုံတို့ကို မနှင်ထုတ်ရက်။ သူ့ရင်ထဲတွင် လိုတာထက်ပို၍ လေးလံနေသည်။ ရင်ထဲမှ ကျဉ်းကျပ်မှုကိုလျှော့ချရန်အလို့ငှါ လည်ပင်းတွင် ခပ်တင်းတင်းဖြစ်နေသည့်ကြယ်သီးတစ်လုံးကို သူဖြုတ်လိုက်မိသည်။ တစ်လတစ်ခါဆုံနေကြဖြစ်သော အတန်းတွင်းယောကျ်ားလေးများ၏ စားသောက်ပွဲမှာ ဒီနေ့အဖို့ သူ့အတွက်ပျော်စရာကောင်းမနေခဲ့။ အများက ဝိုင်းဖွဲ့ပျော်ပါးနေသော်လည်း ဂျုံးဂုတစ်ယောက်သာ ငိုင်တွေတွေဖြင့် စကားနည်းနေမိသည်။


"ဟိတ်ကောင် တစ်ယောက်ထဲငြိမ်နေပါ့လား"

"ဒီတိုင်းပဲ ဟိုတွေးဒီတွေးပေါ့"

"အွန်းဘီအကြောင်းလား"


ရုတ်တရက် ဟောဟောဒိုင်းဒိုင်းမေးလာသည့်မင်ဂျွန်းကြောင့် ဂျုံးဂု မျက်လုံးပင်ပြူးသွားသည်။ သူတို့တွဲနေခဲ့သည်များ သိသာသွား၍လားဟု ကိုယ့်ကိုယ်ကို မလုံမလဲဖြစ်သွားမိသည်။ ဟန်ဆောင်ကောင်းသည့်သူဖြစ်သည့်အလျောက် ဘာမှမဖြစ်သလိုပေါ့ပေါ့ပါးပါးသာ ရယ်လိုက်ရင်း လက်ထဲတွင်ကိုင်ထားမြဲဖြစ်သည့် ဖန်ခွက်အားတရှိန်ထိုးမော့ချလိုက်သည်။


"သူ့အကြောင်း ငါကဘာလို့စဉ်းစားရမှာလဲ"

"ခုတလော မင်းတို့နှစ်ယောက် အရင်ကထက်ကို တပူးပူးတတွဲတွဲဖြစ်နေတာကိုး"

"ငါက ပုံမှန်ပါပဲ"

"မင်းက ပုံမှန်ပဲဆိုတော့ အွန်းဘီက ထူးဆန်းနေလို့လား"


ဂျုံးဂု မိမိအကြောင်းအားကာလိုသည့်သဘောဖြင့် ပြောလိုက်သော်လည်း စကားအထအနကောက်တတ်သည့် မင်ဂျွန်းကြောင့်အဓိပ္ပါယ်နောက်တစ်မျိုးပေါက်သွားသည်တော့ မတတ်နိုင်။ ဂျုံးဂု ဘာစကားမှမပြောဘဲ စားပွဲပေါ်ရှိဟင်းပွဲမှ အသားတစ်ဖက်ကို ကောက်ဝါးလိုက်သည်။ နေ့နေ့ညည အထပ်ထပ်အခါခါစဉ်းစားခန်းဖွင့်ခဲ့သည့်အတွက် ရလာသည့်အဖြေမှာ သူမနှင့်ပတ်သက်ပြီး သူ့ထံတွင် ပွင့်လင်းသည့်ခံစားချက်မရှိခြင်းပင်။


"အဲ့ဒါတော့ ငါလည်းဘယ်သိမလဲ"

"မင်း မသိတာတော့ မဖြစ်နိုင်ဘူး... မသိချင်ယောင်ဆောင်နေတာပဲနေမှာ"

When Rain Falls Down (Book 2) ✔ Where stories live. Discover now