4. Initial Point

1.6K 183 21
                                    

(Unicode)

အခန်းတံခါးခေါက်သံကို ကြားရသော်လည်း အသံမပေးမိ။ ဘာမှပြန်ထူးသံမကြားလျှင် သူအိပ်နေမှန်း သိသောကြောင့် ပြန်ထွက်သွားမည်ဟုသာ ဂျုံးဂုတွက်ထားလိုက်ခြင်းပင်။ ယခုတော့ ထင်ထားသည်နှင့် ကင်းကွာစွာ ဖြည်းညင်းစွာ ပွင့်သွားသည့်တံခါးချပ်။

ဝင်လာသူအား မျက်လုံးကို မှေးမှေးလေး ဖွင့်ကာ ဂျုံးဂု အိပ်ချင်ယောင်ဆောင်ရင်း ကြည့်လိုက်မိသည်။ အကယ်၍ မိမိ၏ အိပ်ခြင်းအား နှောင့်ယှက်သူတို့သည် ညီအငယ်နှစ်ယောက် ဖြစ်နေခဲ့ပါလျှင် ကြိမ်းမောင်းရန် သူအသင့်ပြင်ဆင်ထားသည်။ သို့သော်လည်း အရပ်အမောင်း၊ ဝင်လာသည့် အမူအရာတို့ကို ကြည့်ခြင်းဖြင့် မိခင်ဖြစ်သူ ဝင်လာခြင်းမှန်း သိလိုက်သည်။


"သား ထတော့... မင်း အဖေ ပြန်ရောက်နေတယ်"


မိခင်ဖြစ်သူ၏စကားကြောင့် ဂျုံးဂု ဆက်ပြီး မှေးနေဖို့ စဉ်းစားထားရာကနေ ငေါက်ခနဲပင် ထထိုင်မိသည်။ တစ်ရပ်တစ်ရွာတွင် စီးပွားရှာနေသည့် ဖခင်ဖြစ်သူသည် အိမ်သို့ တစ်နှစ်လုံးနေမှ အလွန်ဆုံးပြန်လာလှ ငါးခါပေါ့ဟုလည်း သူတစ်ဆက်တည်း တွေးမိလျက်။


"ဒီတစ်ခါရော... ဘယ်လောက်ကြာကြာနေမှာတဲ့လဲ"

"တစ်လနီးပါးလောက် နေမယ်ထင်တယ်"


ဂျုံးဂု စိတ်ထဲတွင်သာ ကြာသားပဲဟု တွေးမိလိုက်သည်။ ပါးစပ်ကတော့ တကူးတက ထုတ်မပြောဖြစ်။ သားအဖနှစ်ယောက်ကြား ဆက်ဆံရေးသည် အေးစက်သည်ဟု မဆိုသာသော်လည်း ညီအငယ်နှစ်ယောက်ကဲ့သို့ မိဘများအပေါ် ချွဲနွဲ့ပြီးမနေသင့်တော့ဟု ယူဆထားသောကြောင့် အရမ်းကြီးတော့ မနီးကပ်။

သူ့အား ဖခင်ဖြစ်သူ ရောက်နေကြောင်း လာပြောပြီးသည်နှင့် အမေက အခန်းပြင်သို့ ပြန်ထွက်သွားသည်။ ဂျုံးဂုလည်း ခုတင်ပေါ်မှထကာ မျက်နှာသစ်ရန် ရေချိုးခန်းထဲသို့ လေးလံနှေးကွေးသည့် ခြေလှမ်းများဖြင့် ဝင်သွားမိသည်။ ဂျပန်တွင် အလုပ်လုပ်နေသည့် အဖေ ဇာတိမြေဖြစ်သည့် ဘူဆန်သို့ တစ်ခါတစ်လေမှသာ ပြန်လာနိုင်သည်။ အမိမြေကို မခွာနိုင်သည့် အမေ့ကြောင့်သာ သူတို့ဒီနိုင်ငံတွင် နေခဲ့ခြင်းဖြစ်သည်။ မဟုတ်လျှင် သူလည်း ဂျပန်တွင် ကျောင်းတက်ကာ သူ့ဖခင်၏ လုပ်ငန်းတစ်နေရာတွင် အလုပ်ဝင်ရန် ရည်မှန်းထားသည်များ လမ်းတစ်ဝက်ပင် ဖြစ်မြောက်လောက်နေပြီလေ။

When Rain Falls Down (Book 2) ✔ Where stories live. Discover now