22. See You Again

1.3K 154 20
                                    

(Unicode)



"Plannerကို ဘယ်နားသိမ်းမိပါလိမ့်"


နေ့လည်စာစားချိန်အပြီး ရုံးခန်းထဲပြန်ဝင်လာကာ အလုပ်မစခင် ဒီနေ့အတွက် လုပ်ရမည့်တာဝန်များကို ရေးမှတ်ထားတတ်သည့်စာအုပ်ကို ရှာမတွေ့၍ ဂျုံးဂု အလုပ်စားပွဲအနှံ့ ရှာနေမိသည်။ စားပွဲပေါ်တွင်မတွေ့သောအခါ အံဆွဲထဲသို့ ဖွင့်ရှာမိပြန်သည်။ သို့သော် မိမိအလိုရှိနေသည့်အရာထက် တကယ်တမ်းရှာတွေ့ခဲ့သည်ကတစ်ခု။ အံဆွဲ၏အတွင်းဘက်အဆုံးတွင် အမေ့မေ့အလျော့လျော့ဖြင့် ထည့်ထားခဲ့မိသော ဖောင်တိန်ထည့်သည့်ဘူးလေးအား အမှတ်မထင်ပြန်တွေ့လိုက်ရသည်လေ။ နှုတ်ခမ်းတွန့်ရုံမျှ တစ်ချက်ပြုံးလိုက်ရင်း ထိုဘူးလေးအား လက်ဖြင့်တယုတယကိုင်ကာ စားပွဲပေါ်သို့ တင်လိုက်မိသည်။

အထဲမှာ ဘာရှိမှန်းသိနေခဲ့သော်လည်း ဖွင့်မကြည့်မိခင် ခေါင်းထဲလက်ခနဲဝင်လာသည့် အသိတစ်ချက်ကြောင့် ထိုင်နေရာမှထကာ လက်ဆွဲအိတ်တင်ထားသည့်ခုံဆီသို့ သွားလိုက်မိသည်။ ထိုအိတ်ကို နှံ့နှံ့စပ်စပ်ရှာကြည့်ကာမှ မိမိအလိုရှိနေသည့် plannerကို တွေ့လိုက်သည်။


"ဟုတ်သားပဲ... မနေ့က အိမ်ယူသွားမိတာကို မေ့သွားတယ်"


ဂျုံးဂု တစ်ယောက်တည်းရေရွတ်မိလိုက်ရင်း မူလနေရာဖြစ်သည့်စားပွဲတွင် ပြန်ထိုင်ကာ plannerကို သေချာပြန်ကြည့်နေမိသည်။ တစ်နေ့တာလုပ်ငန်းဆောင်တာများကို သိရှိပြီးနောက် plannerကို စားပွဲ၏ထောင့်စွန်းလေးတွင်တင်လိုက်ရင်း ဖတ်ရမည့်reportများကို စမကိုင်ခင် စားပွဲပေါ်တွင်ရှိနှင့်ပြီးသော ဖောင်တိန်ဘူးဆီသို့ အကြည့်တို့ကရောက်သွားပြန်သည်။ သက်ပြင်းကို ခပ်လေးလေးချလိုက်ရင်း ထိုဘူးလေးကို ဖွင့်လိုက်မိသည်။ အထဲတွင် ဖောင်တိန်ဘူးနှင့် လားလားမျှမဆိုင်သော မင်စိုဘောလ်ပင်လေးတစ်ချောင်းက နေရာယူထားလျက်။


"သူလည်း အဆင်မှပြေရဲ့လား..."


သူ့စကားတို့၏ရည်ရွယ်ရာမှာ တစ်ယောက်တည်းသာ။ သူ တန်ဖိုးမထားခဲ့မိတဲ့မိန်းကလေးတစ်ယောက်... အချိန်နှောင်းမှ ကိုယ့်ရင်ဘတ်ကို ကိုယ်ပြန်နားလည်ခဲ့တဲ့သူ့အတွက် ဝေးခဲ့ပြီးသည့်နောက်ပိုင်း သူမအား အဆုံးစွန်မေ့ထားခဲ့သည်လေ။ ဘောလ်ပင်လေးအား ဘူးထဲမှထုတ်လိုက်ရင်း ကိုင်ကြည့်မိပြန်သည်။ အမှတ်တရတွေ ပြန်ရိုက်ခတ်ရင် လူတိုင်းက ခဏတာလောက်တော့ လုပ်မိလုပ်ရာလုပ်တတ်ကြတာပဲဟု ဖြည့်တွေးလိုက်ရင်း ကိုယ့်ကိုယ်ကို စိတ်လွတ်ကိုယ်လွတ်လွမ်းခွင့်ပေးမည်လေ။

When Rain Falls Down (Book 2) ✔ Where stories live. Discover now