92 - Extra : Bloody Fairy Tale (2)

1.4K 275 15
                                    

Unicode

အခန်း - (၉၂) : အချပ်ပို - သွေးစွန်းနေသော ဒဏ္ဍာရီပုံပြင် (၂)

"ဟူး.."

သွေးနီလရောင်အောက် သွေးညှီနံ့နှင့် ပင်လယ်ဆားနံ့တို့ ရောယှက်နေသော လေအေးများ တိုက်ခတ်နေသည်။ လှိုင်းလုံးများက အနက်ရောင်သန္တာကျောက်တန်းကို ရိုက်ပုတ်လျက် သွေးကွက်များကို ဆေးကြောပေးကာ သွေးညှီနံ့များ ပိုမိုပျံ့နှံ့လာစေသည်။

ငွေရောင်ဆံနွယ်ရှင်လူရွယ်၏ အနောက်တွင် ပုံပျက်ပန်းပျက်အရိုးစုများ အပုံလိုက်ရှိနေ၏။ အရိုးအများစုက‌ အချိန်ကြာလွန်း၍ ကျိုးကြေနေပြီဖြစ်သော်လည်း တချို့ကတော့ လတ်လတ်ဆတ်ဆတ် ရှိနေသေးဆဲ။ နီနီရဲရဲအသားစိုင်များ၊ သွေးကွက်များ ထင်ကျန်နေ‌သေးသည်။ ပင်လယ်ရေထဲ စိမ်ထားသဖြင့် အနီးတစ်ဝိုက်မှ ရေများပင် သွေးနီရောင်ဖျော့ဖျော့ သမ်းနေသည်။

အနှီကြောက်မက်ဖွယ်မြင်ကွင်းနှင့်အတူ လူရွယ်၏ ခန္ဓာကိုယ်အောက်ပိုင်းမှ ချောကျိကျိရေဘဝဲလက်များကြောင့် ထိုသူက သူ့ကို ပြုံးပြနေသော်လည်း ချန်ကျစ်ချူးမှာ ကြောက်ရွံ့လာသည်။ သူ့ကိုယ်သူ မထိန်းနိုင်ဘဲ နောက်တစ်လှမ်းဆုတ်လိုက်မိသည်။

"မကြောက်ပါနဲ့ ကျစ်ချူး.. ဒီကိုလာလေ.."

နောက်ဆုတ်သွားသည့် ချန်ကျစ်ချူးကိုကြည့်ပြီး လူရွယ်က စိတ်မဆိုးဘဲ ပြုံးပြလာသည်။ ရေဘဝဲလက်များစွာက အသံတိတ် ချဉ်းကပ်လာပြီး ချန်ကျစ်ချူး၏ လက်ကောက်ဝတ်ကို ရစ်ပတ်လိုက်သည်။ တချို့က သူ့ကို အသာတွန်းပြီး လူရွယ်အနား သွားစေသည်။

ချန်ကျစ်ချူးခမျာ ရေဘဝဲလက်များ၏ ခေါ်ဆောင်ရာနောက် ယိုင်တိယိုင်တိုင်ဖြင့် ပါသွားရှာသည်။ ထိုအခိုက် သန္တာကျောက်တန်းပေါ်ရှိ ရေဘဝဲလက်တစ်ခုကို တက်နင်းမိပြီး ချော်လဲမလိုဖြစ်သွား၏။ လူရွယ်က ထိုအခြေအနေကို အခွင့်ကောင်းယူ၍ ချန်ကျစ်ချူးကို လှမ်းဆွဲပြီး ရင်ခွင်ထဲ ထွေးပွေ့လိုက်သည်။ အေးစက်ဖြူဖျော့သော အရေပြားနှင့် ထိတွေ့လိုက်ရချိန်တွင် ချန်ကျစ်ချူးတစ်ယောက် မထိန်းနိုင်အောင် တုန်ယင်သွားလေသည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now