4 - Midnight Mansion (2)

3.8K 609 26
                                    

Unicode

အခန်း - (၄) : သန်းခေါင်ယံစံအိမ် (၂)

ပိုင်ရိ၏အသံသည် အလွန်နားထောင်၍ကောင်းပြီး သူ့အပေါ် အကောင်းမြင်စိတ် ဖြစ်ပေါ်လာအောင် စွမ်းဆောင်နိုင်စွမ်းရှိ၏။ ထို့အပြင် ရင့်ကျက်တည်ကြည်သလို ပြုမူနေသောကြောင့် သူ၏အသံကို ကြားလိုက်သည်နှင့် အစောပိုင်း စိတ်လှုပ်ရှားနေသော ချန်ကျစ်ချူးပင် အနည်းငယ် စိတ်သက်သာရာရလာခဲ့သည်။ မှိန်ဖျော့ဖျော့ လရောင်အောက်ဝယ် ပိုင်ရိနှင့်အတူ တခြားအသင်းဖော်များပါ ရှိနေသေးကြောင်း သတိပြုမိလိုက်သည်။

ထိုစဥ် လေပြင်းတစ်ချက်အဝှေ့ လရောင်ကို ဖုံးလွှမ်းထားသည့် တိမ်တိုက်မည်းများကို ဆောင်ယူသွားလေသည်။ ထိုအခါ လူတစ်ယောက်ချင်းစီ၏ မျက်နှာပေါ်သို့ လရောင်ဖြူဖြူ ကျဆင်းလာပြီး ချန်ကျစ်ချူးသည်လည်း ပိုင်ရိ၏ မျက်နှာသွင်ပြင်ကို မြင်လိုက်ရတော့သည်။ မြင်မြင်ချင်းမှာပင် မထိန်းနိုင်အောင် မှင်သက်သွားရသည်။

သူ၏အရှေ့မှ အမျိုးသားသည် ပိန်ပါးသွယ်လျ၍ အရပ်ရှည်၏။ လအလင်းအောက် ထိုသူ၏ ဖြူဖျော့ဖျော့ အသားအရေသည် ဖောက်ထွင်းမြင်ရလုနီးပါးပင်။ ကျောက်မျက်သဖွယ် တောက်ပသော မျက်ဝန်းတစ်စုံက သန်းခေါင်ယံည၏ ကောင်းကင်ယံကဲ့သို့ နက်မှောင်နေပြီး ညာဘက်မျက်ဝန်းထောင့်၌ မျက်ရည်ခံမှဲ့လေး တည်ရှိနေသည်။ ခပ်ယောင်ယောင် ကွေးတက်နေသော နှုတ်ခမ်းအစုံက ကလူကျီစယ်နေဟန်ဖြင့်၊ အသွင်အပြင်အားလုံး ပေါင်းစပ်လိုက်သောအခါ ထင်ယောင်ထင်မှား ဖြစ်နေသည်ဟု ထင်မှတ်ရလောက်အောင် မိန်းမောမှင်သက်ဖွယ် ကောင်းနေတော့သည်။

ထိုသူ၏နှုတ်ခမ်းထောင့်များ မသိမသာ ကွေးတက်သွားပြီး ချန်ကျစ်ချူးအား အပြုံးဖျော့ဖျော့လေးနှင့်အတူ အသာအယာ ခေါင်းညိတ်ပြလာခဲ့၏။

ပိုင်ရိ၏အပြုံးကြောင့် ချန်ကျစ်ချူးမှာ အဖြောင့်တစ်ယောက်ဖြစ်သော်ငြား ရုပ်ဖြောင့်လွန်းသော တစ်ဖက်လူကိုကြည့်ရင်း ရင်ခုန်မြန်လာသလို ခံစားလိုက်ရသည်။ သူ၏ပါးစပ်မှ အဆဲစကားလုံးပင် ထွက်ကျလုမတတ်၊ ကိုယ့်ကိုယ်ကို အချိန်မီ ပြန်ထိန်းနိုင်လိုက်၍သာ တော်သေးသည်။ ချန်ကျစ်ချူးလည်း ပိုင်ရိကို ပြန်လည်ပြုံးပြကာ နှုတ်ဆက်လိုက်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Opowieści tętniące życiem. Odkryj je teraz