33

1.9K 362 11
                                    

Unicode

အခန်း - (၃၃)

ချန်ကျစ်ချူး၏ မျက်နှာအမူအရာ မည်းမှောင်သွားပြီး ဖုန်းချပစ်လိုက်သည်။ ပြီးနောက် ဖုန်းကို ချန်လင်းလင်းထံ ပြန်ပေးလိုက်သည်။

မိန်းမငယ်လေးသည် ဖုန်းပြန်ယူလိုက်ပြီး အနည်းငယ် ကြောက်နေသဖြင့် ဘာစကားမှမပြောရဲပေ။

သူမ၏အစ်ကိုသည် စိတ်ထားကောင်းပြီး ဒေါသထွက်ခဲ၏။ စကားပြောလျှင်လည်း အမြဲတစေ ပြုံးနေတတ်သည်။ သို့ဖြစ်ရာ သူမအစ်ကိုကို ယခုလိုဖြစ်အောင် ထိုကုကျန်းဆိုသူက မည်သည့်လုပ်ရပ်မျိုး လုပ်ခဲ့သနည်း။

ချန်လင်းလင်းသည် ကုကျန်းနှင့် စကားပြောဖူးသော်လည်း သိပ်မရင်းနှီးသောကြောင့် ပြဿနာအကြောင်းစုံကို လုံးစေ့ပတ်စေ့ မသိခဲ့ရပေ။ ထိုအကြောင်းမေးမြန်းရန် စကားစလိုက်တိုင်း ကုကျန်းက ယဉ်ယဉ်ကျေးကျေး ငြင်းပယ်သွားသည်ချည်း။

ကုကျန်းဟာ အိမ်နီးချင်းကျောင်းမှ စီနီယာတစ်ယောက်ဖြစ်ပြီး သူမ၏အစ်ကိုနှင့် ချိန်းတွေ့ဖူးကြောင်း၊ ကုကျန်းဘက်က အမှားလုပ်မိ၍ သူမ၏အစ်ကို စိတ်ဆိုးသွားကြောင်း၊ သူတို့ရန်ဖြစ်ခဲ့တာ တစ်နှစ်ကြာပြီဖြစ်သော်လည်း ယခုချိန်ထိ ပြန်အဆင်မပြေသေးကြောင်း၊ စသည်တို့သာ သိထားသည်။

ထိုကိစ္စအားလုံးကို ကုကျန်းထံမှ ကြားခဲ့ရတာဖြစ်ပြီး သူမ၏အစ်ကိုကတော့ ကုကျန်း၏နာမည်ကို ထုတ်ပင်မပြောဖူးချေ။ ကုကျန်းနှင့် နည်းနည်းမျှ ပတ်သက်မှုမရှိသယောင် ထင်ရသည်။

ချန်လင်းလင်းသည် ကုကျန်းအကြောင်း အင်တာနက်ပေါ်တွင် လိုက်ရှာခဲ့သေးသည်။ ရှာကြည့်ပြီးနောက် သူမ အတော်လေး အံ့အားသင့်ခဲ့ရ၏။ လက်စသတ်တော့ ကုကျန်းသည် အထက်တန်းစားကျောင်းမှ နာမည်ကြီးကျောင်းသားတစ်ဦး ဖြစ်ပြီး အလွန်စာတော်သလို ချောမောကြည့်ကောင်း၏။ နောက်ခံကောင်းကောင်းလည်း ရှိပုံပေါ်သည်။ ကျောင်းဖိုရမ်ပေါ်တွင် သူ၏နာမည် ပါလာသည်နှင့် လူတိုင်းက ‘ကုသခင်လေး’ ဟူ၍ ခေါ်ဝေါ်သုံးနှုန်းတတ်ကြသည်။ ဤကား နာမည်ပြောင်တစ်ခုမျှသာ ဖြစ်သော်လည်း ကုကျန်းဟာ ဩဇာအာဏာကြီးမားသည့် မိသားစုကြီးတစ်ခုမှ ဆင်းသက်လာတာဖြစ်ကြောင်း သူမ အတပ်ပြောနိုင်သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now