85 - Out of Control Photobook (4)

Start from the beginning
                                    

“အားလုံးပဲ မင်္ဂလာပါ..”

မှန်ထဲမှ ‘Winter Branch’ သည် အပြုံးလေးဖြင့် လက်ဝေ့ယမ်းရင်း သူတို့အားလုံးကို နှုတ်ဆက်လာသည်။ သို့သော် စက္ကန့်ပိုင်းအတွင်း ဆုလင်း၏ ဓားထက်ထက်အောက် ကွဲကြေသွားရသည်။ သူ၏ မျက်နှာချောချောလေးပေါ်တွင် အက်ကွဲကြောင်းများစွာ ပေါ်လာခဲ့သည်။

“မင်းရဲ့အပြုံးက ရွံဖို့ကောင်းလိုက်တာ..”

ဆုလင်းက အေးတိအေးစက် ပြောပြီး သူ၏လက်ထဲမှဓားကို ပြန်ဖျောက်တော့မည့်အချိန် ငွေဖြူရောင်ဓားသွားပေါ်တွင် ‘Winter Branch’ ၏ပုံရိပ် ထင်ဟပ်လာသည်။

ထိုသူက ဆုလင်းကိုကြည့်ပြီး နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်။ နောက်တစ်စက္ကန့်၊ ဓားသည် ဆုလင်း၏လက်ထဲမှ လွတ်ထွက်သွားပြီး မျက်နှာဘေးမှဖြတ်ကာ အနောက်ဘက်နံရံပေါ်တွင် သွားစိုက်လေသည်။

ဆုလင်း၏မျက်နှာပေါ်တွင် ရှရာသေးသေးလေးတစ်ခု ပေါ်လာပြီး ထိုဒဏ်ရာမှ အခိုးအငွေ့တချို့ စိမ့်ထွက်လာသည်။

“ငါ့ကို ပိုပြီးယဉ်ယဉ်ကျေးကျေးဆက်ဆံဖို့ အကြံပေးလိုက်မယ်..”

လူရွယ်၏ပုံရိပ်က ဖန်ပန်းအိုးပေါ်တွင် ထပ်ပေါ်လာသည်။ ကြည့်ရသည်မှာ ပုံရိပ်ထင်နိုင်သည့် မည်သည့်ပစ္စည်းတွင်မဆို ပေါ်လာနိုင်ပုံပင်။ သူ၏မျက်နှာက ပြုံးနေသော်လည်း မျက်ဝန်းများကမူ အလွန်တရာ အေးစက်နေသည်။ : “မဟုတ်ရင်…”

ဆုလင်း၏ ဒဏ်ရာက ချက်ချင်း ပြန်ကောင်းသွားသည်။ လက်သီးတင်းတင်းဆုပ်ထားမိရင်း မျက်ဝန်းထဲတွင် မုန်းတီးစိတ်တို့ ထင်ဟပ်လာ၏။ သို့သော် ချန်ကျစ်ချူး၏ စိုးရိမ်ပူပန်နေသော အကြည့်ကို မြင်လိုက်ရသည့်အခိုက် ဆုလင်းက တစ်ခဏတုံ့ဆိုင်းသွားပြီး မည်းမှောင်နေသည့် မျက်နှာအမူအရာကို ချက်ချင်း ဖုံးကွယ်ပစ်လိုက်သည်။ ထို့နောက် ချန်ကျစ်ချူးအနား လျှောက်သွားသည်။ ချန်ကျစ်ချူး၏ အင်္ကျီစကို အသာဆောင့်ဆွဲရင်း မျက်လွှာချလျက် ခပ်တိုးတိုးလေး ဆိုသည်။

“…….. သူ .. ငါ့ကို အနိုင်ကျင့်နေတယ်..”

ဆယ်ကျော်သက်လေး၏ အကျင့်စရိုက်က အမြဲတမ်း အေးစက်နေပြီး သူ၏ အားနည်းချက်ကို ဘယ်သောအခါမှ မဖော်ပြခဲ့ပေ။ ထို့ကြောင့် ချန်ကျစ်ချူးကို ချွဲချွဲနွဲ့နွဲ့ ပြောနေချိန်တွင် သူ၏လေသံနှင့် လှုပ်ရှားမှုက အတန်ငယ် တောင့်တင်းနေသည်။ ထိုအပြုအမူမျိုး တစ်ခါမှမလုပ်ဖူးမှန်း သိသာနေတော့သည်။

အသက်ရှင်နိုင်ဖို့အရေး အနမ်းတွေကို မှီခိုနေရဦးမယ်!Where stories live. Discover now