ကုယွင်က သူမ စကားဆုံးတာနဲ့ သူတို့၏အမူအရာများကို တိတ်တဆိတ် ကြည့်ရှုလိုက်သည်။ ထူးဆန်းသည်မှာ မည်သူတစ်ဦးတစ်ယောက်၏မျက်နှာတွင်မှ တွန့်ဆုတ်နေသောအမူအရာ သို့မဟုတ် စိုးရိမ်ပူပန်နေသော အမူအရာများ တစ်စုံတစ်ရာမျှပင် မတွေ့ရပေ။ စုရန်နှင့် ထိပ်တန်းစစ်သည်တစ်ထောင်တို့က ထိုတပ်စခန်းကို စောင့်ကြပ်နေသည့်အပေါ် သူတို့က မည်သို့မျှ မတုန့်ပြန်လာခဲ့ပေ။

ကုယွင်က မျက်မှောင်ကြုတ်လိုက်ပြီး "မင်းတို့က လွယ်တယ်လို့ ထင်နေတာလား"

"မထင်ပါဘူး" ကြည်လင်ကျယ်လောင်သော အမျိုးသားအသံများက တညီတညွတ်တည်း ပြန်ဖြေလာသည်။

မထင်ဘူးလား? အဲ့တာတောင်မှ ဒီလို ပြတ်သားနေကြသေးတယ်လား?

ကုယွင်က ဤလူများက သူတို့ကိုယ်သူတို့ ယုံကြည်လား မယုံကြည်လားဆိုတာကို သဘာဝကျကျ မသိနိုင်သော်လည်း သူမကတော့ သူတို့ကို ယုံကြည်ခဲ့သည်။

ကုယွင်က ညာဘက်အစွန်မှ ကောကျင့်ယွင်ကို လှမ်းကြည့်လိုက်ပြီး အေးစက်စက်အသံဖြင့် မေးလိုက်သည်။ "ကောကျင့်ယွင်.. ငါ့ကို ပြောပြ"

ကောကျင့်ယွင်က ဤတစ်ကြိမ်တွင် ပို၍ သတိထားနေသည့်ပုံစံဖြင့် သိသိသာသာ အချိန်ယူပြီးမှ ရှေ့သို့ ခြေတစ်လှမ်းတိုးလာကာ "ပြိုင်ဘက်ရဲ့ခေါင်းဆောင်က စုရန်ပါ၊ စခန်းစောင့်တပ်က လူတွေက ရာနဲ့ချီတိုက်ပွဲ အတွေ့အကြုံရှိတဲ့ လက်ရွေးစင် စစ်သည်တွေပါ။ တိုက်ပွဲနေရာဖြစ်တဲ့ စခန်းမြေပြင်အကြောင်းကို ဘာမှမသိရသေးပါဘူး။ စခန်းထဲမှာ အခန်း ဘယ်လောက်ရှိလဲဆိုတာလဲ မသိပါဘူး၊ စခန်းမှာ အစောင့်တွေကို ဘယ်လို တပ်ဖြန့်ထားလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။ တိုက်ရိုက်တိုက်ခိုက်တာထက် ဘယ်သူကမှ သတိမထားမိအောင် သစ်သားသေတ္တာကို ခိုးယူရတာက ပိုသင့်တော်ပါတယ်"

ကုယွင်က ခေါင်းညိတ်ပြလိုက်ပြီး ဆက်မေးလိုက်သည်။ "ဒါဆို အခု ငါတို့ ဘာလုပ်သင့်တယ် ထင်လဲ"

"ကိုယ့်ကိုကိုယ်နဲ့ ရန်သူအကြောင်းကို အကုန်သိနိုင်ရင် စစ်ပွဲတစ်ရာတိုက်ရရင်တောင် ဘယ်တော့မှ အန္တရာယ် မဖြစ်နိုင်ပါဘူး တဲ့။ ပြိုင်ဆိုင်မှုရဲ့အဓိက အခြေခံက ညဘက်မှာ တိုက်ခိုက်ရမှာပါ။ စခန်းကို စောင့်နေတဲ့တပ်က နေ့ဘက်မှာ စိတ်အေးလက်အေး အရှိဆုံး ဖြစ်နေမယ်။ အဲ့အချိန်မှာ စခန်းကို ချဉ်းကပ်ပြီး စခန်းရဲ့အနေအထားကို လေ့လာပြီး ညဘက်အတွက် ပြင်ဆင်ရမယ်၊ နေ့ခင်းဘက်မှာ စခန်းရဲ့ အသွင်အပြင်ကို လေ့လာပြီး သေသေချာချာ ရေးဆွဲ မှတ်သားထားသင့်ပါတယ်"

စစ်ဘက်ဆိုင်ရာတိုင်ပင်ခံ မျိုးဆက်များWhere stories live. Discover now