အပိုင်း - ၃၁

Start from the beginning
                                    

မည်သည့်အချိန်၌ရောက်နေပါစေ၊ အမြဲသတိကပ်လေ့ရှိသည့် မှိုင်းဟန်မြခေတ်ဆိုသော သူသည် ယခုဖြစ်ပွားသွားသည့် ထူးဆန်းမှုကိုမြင်လေတော့ အံ့ဩစရာကောင်းစွာဖြင့် သတိကြီးကြီးမထားဖြစ်သည့်အပြင် စိတ်နှလုံးမှာ အေးပင်အေးချမ်းနေလေသည်။ရင်းနှီးမှုနှင့် စိတ်၏လုံခြုံမှုတို့ လွှမ်းခြုံရင်း ထိုလူသွားလမ်းလေးအတိုင်း မှိုင်းဟန်မြခေတ် လျှောက်သွားလိုက်တော့ လျှောက်လမ်းလေးသည် အရောင်အသွေးစုံလင်လှသော ပန်းခင်းကြီး၌ အဆုံးသတ်၏။

ထိုပန်းခင်းနှင့် မနီးမဝေးတွင်တော့ ခုနက သူကြားခဲ့သည့် ရေတို့စီးကျနေခြင်း၏ ပဏာမဖြစ်သည့် ရေတံခွန်ငယ်လေး တည်ရှိနေသည်။သာယာလှသော ပြာလဲ့လဲ့ ကောင်းကင်ယံ၌ ငှက်လေးများက တောင်ပံတို့ကို တဖျတ်ဖျတ်ခတ်လျက် ပျံသန်းနေကြပြီး ထိုမြင်ကွင်းတို့ကိုကြည့်ရင်း မှိုင်းဟန်မြခေတ် အလိုလိုပြုံးလိုက်မိ၏။

ထိုအခိုက်အတန့်၌ သူ၏ပခုံးသည် ခပ်သာသာ အပုတ်ခံလိုက်ရသဖြင့် အနောက်ကို လှည့်ကြည့်လိုက်ရာ ပုံဖော်၍မရသည့် ဝေဝါးသောမျက်နှာရှိသည့်လူက မတ်တတ်ရပ်နေသည်ကို မှိုင်းဟန်မြခေတ် တွေ့လိုက်ရသည်။ထို့အတူ မည်သည့်ရနံ့မှန်း ဝေခွဲမရသော်လည်း စိတ်ကိုတော့ ကြည်လင်သွားစေနိုင်သည့် ရနံ့လေးတစ်ခုကိုလည်း ထိုလူ့ဆီမှ ခပ်သင်းသင်း သူရရှိ၏။ထိုလူ၏မျက်နှာသည် အကာအကွယ်တို့ မပါပါလျက်နှင့် ဘယ်လိုကြည့်နေပါစေ မျက်နှာကို မမြင်ရချေ။

သို့သော် အန္တရာယ်ဆိုသည်ထက် ထိုလူ၏တည်ရှိမှုသည် သူ့ကိုလုံခြုံစေသည်။အေးချမ်းစေသည်။အလိုလိုပြုံးစေသည်။ထို့အပြင် ပွေ့ဖက်ထားချင်စိတ်တို့ ဖြစ်ပေါ်လာစေသည်။အတွေးနှင့်အတူ ထိုလူကို မှိုင်းဟန်မြခေတ် ဖက်လိုက်မိတော့ ထိုလူက ပြန်လည်ပွေ့ဖက်ပေးပြီး သူ၏နောက်ကျောကို စည်းချက်မှန်မှန် အသာပုတ်ပေး၏။

ထို့နောက် ခန္ဓာကိုယ်ချင်းခွာလိုက်ကြပြီး ထိုလူက သူ၏လက်ကိုဆွဲကာ အရှေ့မှဦးဆောင်၍ ပန်းခင်းကို ဖြတ်သန်းလေသည်။တစ်နေရာသို့အရောက်၊ ထိုလူသည် သွေးသဖွယ် နီရဲတောက်ပနေသော ပန်းပွင့်လေးတစ်ပွင့်ကို ခူးယူ၍ မှိုင်းဟန်မြခေတ်ကို လှမ်းပေး၏။ဘာကိုပြောချင်သည်ကို နားမလည်သော်လည်း မေးခွန်းတို့မထုတ်ဘဲ ပန်း‌ပွင့်လေးကို ယူလိုက်သောအခါ ထိုလူ့ထံမှ ရယ်သံ ခပ်သဲ့သဲ့ထွက်ပေါ်လာသည်။ထိုအခါမှ အနှီလူသည် အမျိုးသမီးတစ်ယောက်ဖြစ်ကြောင်းကို မှိုင်းဟန်မြခေတ် သိရှိတော့သည်။

မှိုင်းဟန်မြခေတ် {Hiatus}Where stories live. Discover now