24-မှုန်ရီ ဝိုးတဝါး ဟွားလျန် , အပြစ်သားကျင်းထဲက ညအချိန်

744 89 2
                                    

|| မှုန်ရီ ဝိုးတဝါး ဟွားလျန် , အပြစ်သားကျင်းထဲက ညအချိန် [ အပိုင်း ၁] ||

ရွှံ့ထဲက မျက်နှာက ပိုပြီး သွေးဆောင်ဖြားယောင်းလေလေ ရှဲ့လျန်က သတိပိုကြီးလာလေလေပဲ ။

"အားလုံး နောက်ဆုတ်ကြ ! သူ့နားကို မသွားနဲ့ ! သူပြောတာ ဘာမှနားမထောင်ကြနဲ့"

လူတစ်စုဟာ အပြိုပြို အကွဲကွဲနဲ့ လျင်မြန်စွာ အဝေးကို ဆုတ်သွားကြတယ် ။ ရွှံ့ထဲက မျက်နှာက သဘောကျသလို ဆက်ရယ်နေတယ် ။

"အဲသလောက်ကြီး ဖြစ်စရာမလိုပါဘူး ငါလည်း လူပါပဲ ငါမင်းတို့ကို အန္တရာယ်မပေးပါဘူး"

ရှဲ့လျန်က စိတ်ထဲက တွေးလိုက်မိတယ် ။

[ ဟင် ဖြစ်ရလေ ... ခင်ဗျားရဲ့ ဒီပုံစံက လူနဲ့ ဘယ်နားတူနေလို့တုံး ?]

အဲဒီ့အချိန် ကုန်သည်တစ်ယောက်ဟာ ရုတ်တရက် စိုက်ခင်းဆီကို တိတ်တဆိတ် ပြန်ချဉ်းကပ်သွားလိမ့်မယ်လို့ ဘယ်သူသိမှာလဲ ။ ကြည့်ရတာ သူက ဒဏ်ရာအတွက် ဆေးပင်တချို့ကို ပြန်ယူဖို့ စိတ်ကူးတာ ဖြစ်ကောင်းဖြစ်မယ် ။ သူက စောစောက သူအထိတ်တလန့် ပစ်ချခဲ့တဲ့ အရွက်အပုံလိုက်ကို ကောက်ဖို့ ကုန်းလိုက်ရုံရှိသေးတယ် ရွှံ့ထဲက မျက်နှာဟာ လှည့်လာပြီး သူ့ရဲ့ ကြီးမားပြီး ချာချာလည်နေတဲ့ မျက်လုံးကြီးက သူ့ကို မြင်သွားတော့တယ်။
ရှဲ့လျန်စိတ်ထဲ သွားပြီလို့ အော်လိုက်မိပြီး အဲဒီလူဆီအပြေးသွားကာ အော်ပြောလိုက်တယ် ။

"အဲဒါကို မကောက်နဲ့ !!! ပြန်လာခဲ့!!"

ဒါပေမဲ့ သိပ်နောက်ကျသွားခဲ့ပြီ ။ ရွှံ့ထဲက မျက်နှာဟာ သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး အထဲကနေ ရှည်လျားတဲ့ သွေးနီရောင် အရာတစ်ခု လျှောတိုက်ထွက်လာတယ် ။

အဲဒါဟာ လျှာအရှည်ကြီး တစ်ခုပဲ ....။

ရှဲ့လျန်က ကုန်သည်ရဲ့ ဂုတ်က အင်္ကျီကော်လံစကို ဖမ်းဆုတ်ပြီး နောက်ကို ဆောင့်ဆွဲလိုက်တယ် ။ ဒါပေမဲ့ ထွက်လာတဲ့ လျှာဟာ ထူးထူးခြားခြား ရှည်လျှားလွန်းပြီး ကုန်သည်ရဲ့ နားရွက်ထဲကို အတင်းတိုးဝင်သွားတယ် ။

သူ လှမ်းဆွဲထားတဲ့ လူရဲ့ ကိုယ်ခန္ဓာဟာ အပြင်းအထန် လှုပ်ခါ လာတာကို ရှဲ့လျန် ခံစားလိုက်ရတယ် ။ ကုန်သည်ရဲ့ ခြေလက်အင်္ဂါတွေဟာ မရပ်မနား ထွန့်ထွန့်လူးနေပြီး မချိမဆန့်အော်သံ တစ်ချက်ထွက်ကာ မြေပြင်ပေါ်လဲကျသွားတော့တယ် ။ ဟို ရှည်လျားတဲ့ လျှာကြီးကတော့ အဲဒီလူရဲ့ နားရွက်ထဲကနေ ကြီးမားတဲ့ သွေးသံရဲရဲ အတုံးအတစ်တစ်ခုကို ဆွဲနှုတ်ယူသွားပြီး ရွှံ့ထဲက မျက်နှာဆီ ပြန်ဝင်သွားတယ် ။ ရွှံ့ထဲက မျက်နှာဟာ ပျော်ရွှင်ကျေနပ်စွာနဲ့ တမြုံမြုံဝါးရင်း မနှစ်မြို့ဖွယ်ရာ စူးစူးဝါးဝါး အော်ဟစ် ရယ်မောနေတယ် ။ သူ့ရဲ့ ရယ်သံဟာ နန်းရင်ပြင်တစ်ခုလုံး ပြည့်နှက်သွားပြီး တုန်လှုပ်ခြောက်ခြား ထိတ်လန့်ဖွယ်ရာ ကောင်းလှတယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 unicode)Where stories live. Discover now