|| ဖူကျိနတ်ကွန်းအတွင်း ၊ ပန့်ယွဲ့ တောင်ကြားရဲ့ ထူးဆန်းတဲ့ ပုံပြင် [ အပိုင်း ၃] ||
" ဘာဖြစ်လို့လဲ ?" ရှဲ့လျန်ကမေးတယ် ။
ထိုင်နေတဲ့ စန်းလန်ကလည်း သူ့လက်တွေကို ဘေးကို ဖြန့်ကာ ပုခုံးတွန့်လိုက်ရင်းမေးလိုက်ပြန်တယ် ။
" ဘာဖြစ်လို့လဲ ?"
ဖူယောင်က မျက်မှောင်တွေ ကျုတ်ပြီး မေးတယ် ။
" မင်းဘယ်သူလဲ ?"
ရှဲ့လျန်က ပြန်ဖြေတယ် ။
" ငါ့ရဲ့ မိတ်ဆွေပါ ... မင်းတို့ သိကြလို့လား "
မျက်နှာမှာ အပြစ်ကင်းစင်မှုအပြည့်နဲ့ စန်းလန်ကပြောတယ် ။
" ကောကော သူတို့နှစ်ယောက်က ဘယ်သူတွေလဲ ?"
သူ့ရဲ့ ရှဲ့လျန်ကို "ကောကော" လို့ခေါ်လိုက်သံကို ကြားတဲ့အခါ နန်ဖုန်းနှုတ်ခမ်းတွေ ဆတ်ခနဲ တွန့်သွားပြီး ဖူယောင် မျက်မှောင်တွေ ကျုံ့သွားတယ် ။
ရှဲ့လျန်က စန်းလန်ကို လက်ဝှေ့ယမ်းပြလိုက်ပြီး ပြောလိုက်တယ် ။
" ဘာမှ မဟုတ်ပါဘူး ..စိတ်မပူပါနဲ့ "
နန်ဖုန်းက အော်ဟစ်ပြီး ဖြတ်ပြောတယ် ။
" သူ့ကို စကားမပြောနဲ့ !!"
" ဟမ် ? မင်းတို့ သိကြလို့လား ?" ရှဲ့လျန်က ထပ်မေးပြန်တယ် ။
"......."
ဖူယောင်က အေးစက်စက် ပြန်ဖြေတယ် ။
" မသိဘူး "
" မင်းတို့ မသိဘူးဆိုရင်လည်း ... ဘာလို့ ဒီလောက်ကြီး ..."
ရှဲ့လျန်စကားမဆုံးခင် ရုတ်တရက် သူ့ဘေးနှစ်ဖက်ဆီက အရောင်တွေ တောက်ပလာတာကို ခံစားမိလိုက်တယ် ။ သူလှည့်ကြည့်လိုက်တော့ နှစ်ယောက်လုံးက သူတို့ရဲ့ ညာလက်ဖဝါးတွေ ဆီကနေ အဖြူရောင်စွမ်းအား အလင်းလုံးတွေ တပြိုင်နက် စုထားကြပြီ ။ စိတ်ထင့်စရာ နမိတ်တစ်ခုကို ကောင်းကောင်းကြီး ခံစားလိုက်ရတာကြောင့် ရှဲ့လျန်က ကပျာကယာ အတင်း ကြားဖြတ်ဝင်လိုက်ရတယ် ။
" ရပ် !!! ရပ် !!! အရမ်းမလုပ်ကြနဲ့ !!!"
အဖြူရောင်အလင်းစက်လုံးနှစ်ခု ဟာ လေထုထဲမှာ မြောက်တက်နေပြီး တလက်လက်တောက်နေကာ လွန်တရာ အန္တရာယ်များပုံရတယ် ။ စန်းလန်က လက်ခုတ်တီးရင်း လောကဝတ်သဘောနဲ့ ချီးကျူးလိုက်တယ် ။