4-ညအချိန် ကျွိယမ် နတ်ကွန်းအတွင်းမှ သူရူးသုံးယောက်ရဲ့ စကားဝိုင်း

1.1K 111 3
                                    

|| ညအချိန် ကျွိယမ် နတ်ကွန်းအတွင်းမှ သူရူးသုံးယောက်ရဲ့ စကားဝိုင်း [ အပိုင်း ၁] ||

အဲဒီအချိန်ကစပြီး ထိန်းချုပ်လို့မရတဲ့ အခြေအနေတွေဖြစ်လာခဲ့တယ် ။ ယွီကျွင်းတောင်တဝိုက် နှစ်တစ်ရာအတွင်း သတို့သမီး ဆယ့်ခုနှစ်ယောက် ပျောက်ဆုံးခဲ့တယ် ။ တစ်ခါတစ်လေ ဆယ်စုနှစ်အချို့ကြာသည်အထိ အေးအေးချမ်းချမ်းရှိနေပြီး တစ်ခါတစ်လေကျတော့ တစ်လအတွင်းကို နှစ်ယောက်လောက် ပျောက်ပြန်တယ် ။ ဒီလိုနဲ့ပဲ ချောက်ချားဖွယ်ရာ ပါးစပ်ရာဇဝင် ကောလဟာလတွေ ပျံ့နှံ့လာပြီး ယွီကျွင်းတောင်ပေါ်မှာ တစ္ဆေ သတို့သား တစ်ကောင်နေထိုင်တယ်ဆိုတဲ့ ဒဏ္ဍာရီတစ်ခု လျှင်မြန်စွာ ပေါ်ပေါက်လာခဲ့တော့တယ် ။ တစ္ဆေသတို့သားဟာ အမျိုးသမီးတစ်ယောက်ကို မျက်စိကျရင် မင်္ဂလာဝေါယာဉ်တန်းမှ သတို့သမီးကို ဖမ်းယူပြီး သူမကို ပို့ဆောင်တဲ့ ဆွေမျိုးတွေကို စားသောက်ပစ်တယ်တဲ့ ။

ပုံမှန်ဆိုရင်တော့ ဒီအခြေအနေမျိုးက ကောင်းကင်ဘုံအထိ ပေါက်ရောက်ဖို့ ခဲယဉ်းတယ် ။ ဆယ့်ခုနှစ်ယောက်သောသတို့သမီးတွေသာ ပျောက်ဆုံးခဲ့ပေမဲ့ ကမ္ဘာပေါ်မှာ အခြားသော သတို့သမီးတွေ ထောင်သောင်းမကဟာ နေ့စဉ် စိတ်အေးချမ်းသာ အန္တရာယ်ကင်းစွာ မင်္ဂလာပွဲကျင်းပနေကြတာပဲ ။ ဘာပဲဖြစ်ဖြစ် ပျောက်သွားတဲ့ သတို့သမီးတွေကို ပြန်လည်းမရှာနိုင် ကာကွယ်လို့လည်း မရမှတော့ ဒီလိုပဲ ထားထားနေရတော့တယ် ။ ဒီဒေသမှာ ကိုယ့်အိမ်က သမီးပျိုကို လက်ထပ်ပေးရဲတဲ့ မိသားစုတွေ တဖြည်းဖြည်း လျော့ပါးလာသလို လက်ထပ်ကြမဲ့ ဒေသခံ ကြင်စဦးမောင်နှံတွေအနေနဲ့လည်း လက်ထပ်ပွဲကို အကြီးအကျယ် မလုပ်ရဲကြဘူး ။ သို့သော်ငြားလည်း ဆယ့်ခုနှစ်ယောက်မြောက် သတို့သမီးရဲ့ ဖခင်ဟာ အရေးအရာကြီးတဲ့ အမှုတော်ထမ်း အရာရှိ မြို့မျက်နှာဖုံး ဖြစ်နေခဲ့တယ် ။ ဒီအဖေဟာ သူ့သမီးလေးကို တုန်နေအောင် ချစ်သည်ဖြစ်ရကား ဒီကောလဟာလကိုလည်း ကြားဖူးထားတဲ့အတွက် သူ့သမီး သတို့သမီးလေးရဲ့ ဝေါယာဉ်တန်းကို လိုက်ပါစောင့်ကြပ်ဖို့ ထူးချွန်ပြောင်မြောက်တဲ့ စစ်ဖက်အရာရှိ အယောက်လေးဆယ်ကို ရွေးချယ်ပြီး စောင့်ကြပ်လိုက်ပါစေတယ် ။ ဒါပေမဲ့ သူဘယ်လိုပဲ စေ့စပ်စွာ ပြင်ဆင်ခဲ့ ပြင်ဆင်ခဲ့ သမီးလေးကတော့ ပျောက်သွားခဲ့တယ် ။

ထျန်းကွမ်းစစ်ဖူ (Volume 1 unicode)Where stories live. Discover now