မနက်ဝေလီဝေဟင်းရောက်သော် ရွာထဲမှအရှုပ်ထုပ်လေးကောင်သည် ရွာသူကြီး၏ဆင့်ခေါ်ခြင်းခံရသည်။
"ဝိုင်းအုံချစ်"
အခန်းထဲတွင် ကုလားသေကုလားမောအိပ်နေသော ဝိုင်းအုံချစ်ကို အပြင်မှ အမေဖြစ်သူကအော်ခေါ်သည်။
"ဝိုင်းအုံချစ်!! ဟဲ့ချစ်တီး အမလေးဟဲ့ ညတုန်းကလျှောက်မွှေထားပြီး ဒင်းကအခုထိမထနိုင်ဘူး"
ရီရီမာက သူကြီးဆီတိုင်ထားသောကြောင့် သူကြီးက သူ့တပည့်ကတစ်ဆင့် ချစ်တီးကိုခေါ်ခိုင်းလိုက်သဖြင့် အိပ်နေတဲ့သူကို ချစ်တီးအမေဖြစ်သူက နှိုးနေရသည်။
"အမလေးဟယ် သားတစ်ယောက်မွေးထားမိပါရဲ့ မျောက်တစ်ကောင်မွေးထားရသလိုပဲ တစ်နေ့တစ်နေ့ ဒင်းပြသနာချည်းပဲ"
ချစ်တီးအမေသည် ပြောပြောဆိုဆိုဖြင့် ချစ်တီးအခန်းတွင်းသို့ဝင်သွားသည်။ အခန်းထဲရောက်သော် ညဝတ်အိပ်သည့်ပုဆိုးသည် ကွင်းလုံးကျွတ်နေပြီး ခေါင်းပေါ်ရောက်နေကာ အောက်ခံဘောလုံးဘောင်းဘီဒူးအတိလေးဖြင့်ပက်လက်အိပ်နေသည့် ချစ်တီးကိုတွေ့လိုက်ရသည်။ ပါးစပ်ကြီးဟကာအိပ်ပျော်နေသည့်အတွက် သားရည်တွေလည်း ပါးစပ်အတွင်းမှအပြင်သို့ကျနေသည်။
"ဒင်းနဲ့လည်းငါ စိတ်ညစ်ပါတယ်
ဟဲ့ ဝိုင်းအုံချစ် ထစမ်း!"ချစ်တီးသည် ဆူညံသံကြောင့်လူးလိမ့်လာပြီး
"ဘာလဲ အွန်မိုးညှင်းရာ"
ပါးကိုကုတ်ရင်း ဘေးတစ်ဖက်သို့စောင်းအိပ်သွားပြန်သည်။
အမေဖြစ်သူသည် စိတ်မရှည်တော့သဖြင့် ဘေးနားကတွေ့သည့်သတင်းစာကိုလိပ်ပြီး ဖင်ကိုအားနှင့်လွှဲရိုက်လိုက်သည်။ ထိုအခါမှ ချစ်တီးသည် လန့်လန့်ဖြန့်ဖြန့်ဖြင့် အိပ်ချင်မူးတူးထထိုင်တော့သည်။
"အား!!!! အွန်မိုးညှင်းရာ ဘာလဲဗျာ ကျုပ်အိပ်နေတာကို"
"အိပ်မနေနဲ့ နင်ရှာထားတဲ့ပြသနာအတွက် သူကြီးခေါ်ထားတယ်"
"ပြီးရောဗျာ သွားလိုက်မယ်"
သူကြီးခေါ်ခြင်းကိုမထူးဆန်းသည့်အလား ကုတင်မှထသွားကာ အိမ်နောက်ဖေးသို့မျက်နှာသွားသစ်သည်။ မထူးဆန်းဆို ဆယ်ကျော်သက်အရွယ်ကတည်းက သူကြီးဆီရောက်နေတာကများသည်ကိုး။ မျက်နှာသစ်သွားတိုက်ပြီး အိမ်ထဲပြန်ဝင်လာကာ