ခြူးမုယွင်ဟာ လိမ္မာပါးနပ်ပြီး သွေးအေးရက်စက်ကာ ဉာဏ်နီဉာဏ်နက်များသည်။ သူလိုချင်တာရဖို့အတွက် မည်သည့်အရာမဆို လုပ်နိုင်သည်။ ရန်ချန်းသည် ထိုလူသားလေးအကြောင်း သိနေပါသော်ငြား သူ၏ နှလုံးသားထဲတွင် မျှော်လင့်ချက်ရေးရေးလေး ထားနေမိ၏။ သူဘာကိုမျှော်လင့်နေမိမှန်း မသိပါသော်ငြား ယခုတော့ အနှီမျှော်လင့်ချက်လေးလည်း အစအနပင်မကျန်အောင် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားချေပြီ။

ခြူးမုယွင်က သူ့တွင် ‘မဟူရာည’၏ ဝိဉာဉ်အမှတ်အသားရှိမရှိ သိချင်ရုံမျှဖြင့် ဘာကိုမျှ မစောင့်ထိန်းတော့ဘဲ အနာဟောင်းကို ထိုးဆွခဲ့သည်။ စိတ်မတည်ငြိမ်မှုကြောင့် ဖြစ်လာနိုင်သည့် နောက်ဆက်တွဲဆိုးကျိုးများကိုပင် နည်းနည်းလေးမျှ ဂရုမစိုက်ခဲ့ပေ။

ဟုတ်သည်၊ သူ၏ သေရေးရှင်ရေးက ထိုလူသားလေးအတွက် ဘာမှမဟုတ်ခဲ့ပေ။

ရန်ချန်းသည် ထိုသို့တွေးလိုက်မိရင်း နှလုံးသားထဲ တင်းကျပ်နာကျင်လာသဖြင့် ဝိဉာဉ်ပြိုကွဲသည့် နာကျင်မှုကိုပင် ဖုံးလွှမ်းသွားလေ၏။ အစွယ်ငေါငေါ၊ လက်သည်းဖွေးဖွေးဖြင့် ကြောက်မက်ဖွယ်ရာ သားရဲကောင်ကြီးကဲ့သို့ အသိစိတ်လွတ်သွားပြီး မြင်မြင်သမျှ ဖျက်ဆီးပစ်ချင်စိတ်များ ကြွတက်လာတော့သည်။ သို့သော် တကယ်တမ်းတွင် ဘာမှမလုပ်နိုင်ခဲ့ပေ။

အဆုံးမှာတော့ ခြူးမုယွင်လည်း ရပ်ကြည့်မနေနိုင်တော့ဘဲ သူ့ကို ကူတွဲပေးလိုက်ရသည်။ ထို့နောက် မေးလိုက်သည်။

“ဝိဉာဉ်ပုံသွင်းမြက် ဘယ်မှာလဲ..?”

ရန်ချန်းက ခြူးမုယွင်၏ အသံကို လုံးဝမကြားပေ။ အထိအတွေ့ကြောင့် နှလုံးသားတစ်ခုလုံး တောက်လောင်လာသဖြင့် ခပ်ပြင်းပြင်း တွန်းဖယ်လိုက်သည်။ ပြီးနောက် သွေးကြောများပင် မြင်နိုင်သည်အထိ ဖြူရော်နေသော မျက်နှာဖြင့် အက်ကွဲရှတစွာ ပြောလာသည်။

“ထွက်သွား..!”

ခြူးမုယွင် တခဏမျှ တောင့်ခဲသွားသည်။ တကယ်တော့ ရန်ချန်း၏ တုံ့ပြန်မှုကို သူ နားမလည်နိုင်တော့ပေ။ ‘မဟူရာည’၏ မှတ်ဉာဏ်များကို ဆက်ခံထားရလျှင်ပင် သူ့အပေါ် ဤမျှနာကျည်းမနေသင့်ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now