အပိုင်း ၂၂

83 10 2
                                    

(၂၂)

ဆောင်းကာလ၏ နှင်းငွေ့ရောယှက်သော ညနေခင်း မြင်ကွင်းတွေက မပီမသ ဝိုးတဝါး။မျှော်လင့်ခြင်း ဆိုသည်မှာလည်း ထိုသို့ဖြစ်ဟန်တူ၏။ဘယ်အရာကိုမှ သဲသဲကွဲကွဲ မမြင်ရသည့်တိုင် ချမ်းအေးခြင်း သဘောကိုတော့ဆောင်ယူထားလေသည်။

လွမ်းခဲ့ရတဲ့ ကာလလေးတွေ ကုန်ပါစေတော့ရယ်....။

မျက်စိရှေ့မှာ မြင်နေရတာက ကျယ်ပြောလှသော ရေပြင်ကျယ်။ဟိုးယခင်လို ကန်ကြီးအတွင်းမှာ ကြာပန်းများမရှိတော့ပဲ ဗေဒါများသာ ဟိုတစု ဒီတစု မျောလွင့်လျက် ရှိနေတော့သည်။သဘောကျခဲ့ဖူးတဲ့ ကြာပင်လယ်မဟုတ်ပေမဲ့လို့ ဗေဒါရောင် လွှမ်းသောရေပြင်ကျယ်ကိုတော့ တမေ့တမောငေးကြည့်မိပါသည်။

"ကြာခဲ့ပြီ..သိပ်ကိုကြာခဲ့ပြီပဲ"

ဥတုရာသီ တို့သည် တမြေ့မြေ့နှင့်တိုက်စားခဲ့ရာ တချို့သည် အတိတ်က အသွင်နှင့် လားလားမျှ မအပ်စပ်တော့။ရေးရီရီရှိခဲ့တဲ့ ပုံရိပ်တွေက စိတ်ထဲမှာပြန်တွေးမိလျှင် ပြုံးရသည်။ကြည်နူးရသည်။တခါတခါ မျက်ရည်ပါဝဲရပါသေးသည်။

"ကိုကြီး"

စမ်းရေနှုတ်မှသည် ခပ်တိုးတိုး ညည်းမိသည့်နာမ်စားက ရဂုံဦးသွင်ကိုဆိုလိုသလား..ဟေဝန်နန်းကို ဆိုလိုသလား..??

အားလုံးက ဖုံးကွယ်ထားတဲ့အမှန်တရားကို စမ်းရေသိနှင့်သည်။ထူးပြီး မနာကျင်ရပေမဲ့ ပြန်ဆက်လို့မရတဲ့ နှလုံးသားတွေကတော့ မွစာကြဲခဲ့သည်။သို့တိုင် ခုချိန်ထိ မုန်းစိတ်မဝင်။သတ္တိကြောင်လေခြင်းရယ်လို့ ရင့်ရင့်သီးသီးမတွေးမိ။မြင်နေရက်နဲ့ ဝိုးတဝါး ပုံရိပ်ကိုသာ ကြည့်နေရတဲ့ စမ်းရေဘဝ။ဝေးသလား နီးသလားရယ်လို့ တိတိပပ မသိရ။

"အရမ်းလွမ်းတယ် အစ်ကို"

တယောက်သောသူ ကြားနှင့်စေရန် ရည်ရွယ်ဆိုလေသော နွမ်းလျလျ ခေါ်ငင်သံသည် လေနုအေးကြား အလဟသ တော့မဖြစ်ခဲ့။

"ကျွန်တော်စောင့်နေတယ် အစ်ကို..ရှောင်ပြေးဖို့ မကြိုးစားပါနဲ့တော့"

ထိုသို့ဆိုလေမှ ကန်ဘောင်ပေါ်ရှိ ခရေပင် နောက်ကွယ်က လူတယောက်ထွက်ပေါ်လာ၏။ထိုသူသည် ခရမ်းပုတ်ရောင်ကွက်စိပ်ပုဆိုးနှင့်စတစ်အဖြူလက်ရှည်ကို ဝတ်ထားလေသည်။မြင်ရုံနဲ့တင် တည်ငြိမ်ခန့်ညားသော လူတယောက်ဖြစ်မှန်း သိသာလှသည်။

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now