အပိုင်း ၂၁

104 14 3
                                    

(၂၁)

အိမ်ရှေ့သွပ်မိုး တံစက်မြိတ်မှ ခပ်စိပ်စိပ် ကျနေသော မိုးစက်များစွာကို ငေးကြည့်ရင်းမှ အတွေးတို့က လွန်ခဲ့သော လများဆီ ပြန်လည်ရောက်ရှိသွားလေ၏။

ထိုနေ့ က စမ်းရေဘဝမှာ အစ်ကိုနှင့်အတူ နိုးထခွင့်ရတဲ့ ကြည်နူးစရာ မနက်ခင်းဖြစ်သလို လမ်းခွဲခြင်းခံခဲ့ရတဲ့ဝမ်းနည်းဖွယ် နံနက်ခင်းလည်း ဖြစ်ခဲ့သည်။

"ညီ..နိုးနေလား"

ချိုသာသော အသံက နားစည်အတွင်းစိမ့်ဝင်လာပေမဲ့ စမ်းရေ တုံ့ပြန်ခြင်းမပြုမိ။နွေးထွေးမှု အတိရှိသော ခံစားချက်ကြောင့် လူကနိူးနေပေမဲ့ မထချင်။ညက မိုးလင်းခါနီးမှ အိပ်ပျော်ခဲ့၍ အိပ်ရေးသည်လည်းမဝ။အကြောင်းပြချက်များစွာ တွေးတောရင်း ကျေနပ် ပြုံးလေး ခိုးပြုံးကာ မသိမသာလေး ရင်ခွင်ထဲ ပိုတိုးလိုက်သည်။

"ချမ်းတယ် ထင်တယ်"

အစ်ကိုက ရေရွတ်သလို တစ်ကိုယ်ထဲ စကားဆိုလေ၏။စမ်းရေအိပ်မောကျဆဲအထင်နဲ့ ဘာမှ ထပ်ပြောမလာတော့ပဲ လျောရဲရဲ စောင်ကိုသာ ဆွဲတင်ခြုံပေးလေသည်။

ရင်ချင်းအပ် အနေထားမှာ အစ်ကိုက စမ်းရေကို ဖက်တွယ်ပြီး ကိုယ်သည်လည်း အစ်ကို့ခါးတွေကို ပြန်လည် ဖက်တွယ်ထားသည့် အခြေနေ။အမှန်ဆို အရွယ်ရောက် ယောကျ်ားသားနှစ်ယောက် အိပ်စက်ဖို့ရာ မည်သို့မျှ မဖြစ်နိုင်သော ဆိုဖာခုံသည် အံ့သြဖွယ်ကောင်းလောက်အောင်ပင် စမ်းရေနှင့်အစ်ကို့ကို သက်တောင့်သက်သာ ဖြစ်စေသလို။

အစ်ကိုက စမ်းရေခန္ဓာကိုယ်ကို ရင်ခွင်ထဲမှာ မြှုပ်လုမတတ် တင်းကျင်စွာ ထွေးဖက်ထားပြီး ဆံနွယ်စတွေကို နူးနူးညံ့ညံ့ကို နမ်းနေခဲ့တာ စမ်းရေ လှုပ်ရှားခွင့်တောင်မရ။ဤမျှလောက် နီးကပ်ပြီး ချစ်ကြင်နာခွင့်ရသော ချစ်သူဘဝကို စမ်းရေကျော်ဖြတ်ချင်မိခဲ့တာ အကြိမ်ကြိမ်။

ဘာကိုမှ ငဲ့ညာထောက်ထားစရာမလိုပါပဲ ..ပတ်ဝန်းကျင်ကို ခေါင်းထဲ ထည့်စရာမလိုပါပဲ..မနက်ခင်း အတူနိုးထမည်။အိမ်မှုကိစ္စ အတူ လုပ်ဆောင်မည်။စီးပွါးရေးကိစ္စ အတူကြိုးစားကြမည်။အိပ်စက်ချိန်တိုင်ခဲ့သော် နေ့ဘက်မှာ ကြုံတွေ့ခဲ့ရသော ကောင်းမှုဆိုးမှုထိုနှစ်ခုကို ဆင်ခြင်းသုံးသပ်ကြမည်။ချစ်စကားတွေ ခွန်းတုံ့လှယ်ရင်း အိပ်မက်လှလှမက်ခွင့်ရဖို့ ကြံဆောင်ကြမည်။

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now