အပိုင်း ၉

107 12 13
                                    

(၉)

မနက်ခင်းမို့ ရာသီဥတုကသိပ်မပူပြင်း။ထို့အပြင် စိမ်းမြသော ဗာဒံပင်ရိပ်တွေကြောင့်လည်း လမ်းကျဥ်းကျဥ်းလေးက ပုံမှန်ထက် ပိုအေးမြနေသယောင်။သို့သော်ငြား စမ်းရေ အတွက်ကတော့ ဘေးနားရှိ တိတ်ဆိတ်နေသူကြောင့်ပဲဟု ထင်မြင်မိသည်။

"ရွက်ကြွေတွေက သိပ်လှတယ်နော် အစ်ကို၊စမ်းရေဖြင့် သနားမိတယ်၊သူ့ခမျာကြွေပြီးတာတောင် ပတ်ဝန်းကျင်အတွက် အရောင်မျိုးစုံနဲ့ လှနေပေးသေးတယ်"

ငဲ့ကြည့်မိတဲ့ အကိုက ပကတိတည်ငြိမ်စွာ။လမ်းလျှောက်ရင်း တရားမှတ်သလိုမျိုး အသက်ရှူသံတွေကစည်းချက်ကျနေသည်။

"အစ်ကိုရော ဒီဗာဒံရွက်လေးတွေကို မသနားဘူးလားဟင်"

လှည့်ကြည့်လာခြင်းမရှိပေမဲ့ စမ်းရေအမေးကိုတော့ တုံ့ပြန်လာပါသည်။

"ရွက်သစ်ဝေဖို့ ကြွေကြပေးရတာပဲလေ ၊ဓမ္မတာသဘောမို့ အစ်ကိုတော့မသနားမိဘူး"

ဟုတ်ပါတယ်လေ။

စမ်းရေ လက်ထဲက အရွက်လေးကို လှည့်ပတ်ရင်းမှ ခေါင်းငြိမ့်ပြမိသည်။အစ်ကိုကြည့်နေမှာ မဟုတ်ပေမဲ့လဲပေါ့။

စကားကုန်သွားသည့်အလား နှစ်ဦးစလုံး ပြန်လည်တိတ်ဆိတ်သွားပြန်လေ၏။ထိုအခိုက် နှာဖျားဆီ တိုးဝင်လာတဲ့ ရေမွှေးနံ့ကို တရှိုက်မက်မက် ရှူသွင်းရင်း ခြေလှမ်းမှန်အောင်ဂရုစိုက်ရသည်။

နှစ်ဦးသား ဖဝါးချရာ ကတ္တရာလမ်းမထက်တွင်မတော့ ဗာဒံရွက်တွေက အရောင်မျိုးစုံနှင့် လူးလဲနေကြ၏။ဝါ၍တဖုံ နီညို၍တသွယ် ၊ ပြောက်တိပြောက်ကြား တမူဖြင့် ရွက်ကြွေများက လှရက်နိုင်လွန်းသည်။

ဗာဒံပင်သည် လှပသော အပွင့်ကို မဆင်နိုင်သော်ငြား အရွက်၏ပြောင်းလဲမှု အလှနှင့်တော့ သဘာဝကိုတင့်တယ်စေပါသည်။အရွက်နုပေါ်စအချိန် စိမ်းဝါဝါရောင်လေးတွေ ထိုမှတဆင့် ရွက်ရင့်သဏ္ဍာန် စိမ်းမှောင်မှောင် ရောင်တွေ။အားလုံးက ထပ်ဆင့်၍ အုံ့ဆိုင်းကာ အရိပ်ကိုဖြစ်ပေါ်စေသည်။

"အစ်ကို"

"အင်း"

စကားစရှာပေမဲ့ စမ်းရေ ဘယ်ကစပြောရမှန်းမသိ။အလုပ်ပေးလို့ ကျေးဇူးတင်စကားဆိုရမလား?? အိမ်ရှေ့ထိ အထူးတလည် လာစောင့် လမ်းအတူလျှောက်တာ ဘာအတွက်လဲဟုမေးခွန်းထုတ်ရမလား??

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now