အပိုင်း ၁

917 43 11
                                    

(၁)

ပူပြင်းလှသည့် နွေလယ် နေ့ခင်းကြီးမှာ နံ့သာမြိုင် တယောက် ချွေးသီးချွေးပေါက်တို့ ကျနေ၏။ဘေးတဖက်တချက်မှာ အားပြုစရာ လက်များရှိနေသော်လည်း အရာမထင်သကဲ့သို့ မောဟိုက်နေရသည်။

"ခေါင်းထွက်လာပြီ.. အစ်မမြိုင် အားထည့်လိုက်ဦး"

"ညှစ် ညှစ် မြိုင်လေး ၊ နောက်ဆုံးတစ်ခေါက်..!"

"အားတင်းထား မြိုင်လေး..!"

မီးနေခန်းအတွင်းမှ ဆရာမလေး အသံရယ်၊ ဝမ်းဆွဲသည် ဒေါ်တုံ အသံရယ်၊အိမ်ဘေးက ဒေါ်မိပွေး အသံကြောင့် ဒေါ်မြ ခမျာ လည်တဆန့်ဆန့်။

ရွတ်နေတဲ့ အင်္ဂုလိမာလ သုတ်ကို ကျယ်သထက်ကျယ်အောင် ရွတ်ရင်း ယိုင်နဲ့နဲ့တဲအိမ်လေးရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်မိ၏။လက်ကလည်း နဖူးပြင်မှချွေးစကို သဘက်ပိုင်းနဲ့ သုတ်နေမိပြန်သည်။

ချွေးမပေမဲ့ သားထက် ချစ်ရတဲ့သမီးလေးမို့ ဒေါ်မြ စိတ်ပူမိပါသည်။ထို့အပြင် မိန်းမချင်းမို့ ကိုယ်ချင်းလည်းစာမိသည်။"ယောကျ်ားဖောင်စီး မိန်းမမီးနေ"တဲ့။မီးဖွားတာက အမျိုးသမီးတွေအတွက် ဘယ်လောက် အန္တရာယ်များတဲ့ ကိစ္စလဲ။

---

"အူဝဲ.....!!အူဝဲ....!!"

ငိုသံလေး ကြားလိုက်ရတော့ စောဏကကုန်ခမ်းခဲ့သည့် အားအင်များကတမဟုတ်ချင်း ပြန်ပြည့်လာသလို။မြိုင် တစ်ယောက် မောဟိုက်နေသည့်ကြားမှပင် မျပ်နှာထက်ဝယ် စိတ်လိုလက်ရ အပြုံးတို့ ဖြစ်တည်လာခဲ့၏။

မနေ့က တနေ့လုံး နဲ့တစ်ညလုံး ဗိုက်နာခဲ့သည်။အစားအသောက် သတိပင်မရနိုင်ပဲ တရစ်ရစ်နှင့် အိမ်သာတက်ချင်သလိုလိုနဲ့၊တကယ့်တကယ် သွားတက်ပြန်တော့ မဟာတ်ပြန်။မရေရာသော ခံစားချက်နဲ့ ဖြတ်သန်းခဲ့ရတာ။အရမ်းနာ၍ အော်ဟစ်နေရသည်မျိုး မဟုတ်သည့်တိုင် သက်သောင့်သက်သာမဖြစ်သည်တော့ အမှန်ပင်။

မြိုင် ဘယ်လိုပဲ ပင်ပန်းခဲ့၊မောဟိုက်ခဲ့၊နာကျဥ်ခဲ့ပါစေ ထိုအရာက တခဏအတွင်းမှာပင် ယူပစ်သလို ပျောက်သွားခဲ့ရသည်။ရုပ်မမြင်ရသေးခင်၊သားလား သမီးလား မသိရသေးခင် ကြားခွင့်ရတဲ့ ငိုသံလေးသည်ပင် အမောတို့ ပြယ်လွင့်ခဲ့ရသည်။

"စမ်းနွေရဂုံ"[ Completed ]Where stories live. Discover now