ခြူးမုယွင်လည်း ရွေးချယ်စရာမရှိတာကြောင့် အများကြီး ဆက်တွေးမနေတော့ပေ။

မော့ကျိုးရှောင်နှင့် လင်းရွှမ်တို့ တိုက်ပွဲတွင် မော့ကျိုးရှောင်၌ ‘အသက်စွမ်းအင်ကို စောင့်ရှောက်သူ’ အကာအကွယ်စည်း ရှိနေပြီး လင်းရွှမ်ကတော့ ရှန်ရွှိန်ယန်းနှင့် တိုက်ခိုက်ခဲ့ရသေးသဖြင့် စွမ်းအားအတော်လေး ကုန်ဆုံးခဲ့ရ၏။ ယခုလည်း မော့ကျိုးရှောင်နှင့် တိုက်ခိုက်နေပြန်ရာ သူ့အတွက် နိုင်ခြေနည်းပါးသည်။

ထို့ကြောင့် အဆုံးတွင် မော့ကျိုးရှောင်နှင့်သာ လိုက်သွားရလိမ့်မည်။

သို့သော် လက်တွေ့အဖြစ်အပျက်က ခြူးမုယွင်ကို အံ့အားသင့်စေခဲ့၏။

လင်းရွှမ်က မော့ကျိုးရှောင်ကို အပေါ်စီးမှ တိုက်ခိုက်နေလေသည်။

ဘာတွေဖြစ်ကုန်တာလဲဟ..? လင်းရွှမ်ရဲ့ တိုက်ရည်ခိုက်ရည်က ဘယ်အချိန်ကစပြီး ဒီလောက်ပြင်းထန်သွားတာလဲ..?

မော့ကျိုးရှောင်ရဲ့ ကျူးယွဲ့ဓားသိုင်းက တစ်လောကလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်ခဲ့တာလေ၊ လုံးဝပြိုင်ဘက်ကင်းလို့ ထင်ထားခဲ့တာ။ ဘယ်လိုဖြစ်ပြီး…..

ခြူးမုယွင်၏ မျက်ဝန်းများ ရုတ်ချည်း မှေးကျဉ်းသွား၏။ ထို့နောက်မှာတော့ မော့ကျိုးရှောင်ဟာ ကျူးယွဲ့ဓားသိုင်းမသုံးဘဲ သာမာန်တိုက်ကွက်များသာ အသုံးပြုနေကြောင်း သတိပြုမိလိုက်သည်။

သူက ကျူးယွဲ့ဓားသိုင်းကို အသုံးမပြုချင်၍မဟုတ်၊ အသုံးမပြုနိုင်ခြင်းသာ။

ထိုအခါမှ ခြူးမုယွင်လည်း မော့ကျိုးရှောင် ဒဏ်ရာပြင်းပြင်းထန်ထန်ရထားမှန်း သဘောပေါက်လိုက်သည်။

‘အသက်စွမ်းအင်ကို ကာကွယ်စောင့်ရှောက်သူ’ အကာအကွယ်စည်းတစ်ခုလုံး ရှိနေတဲ့ မာနသခင်ကြီးက ဘယ်လိုလုပ် ဒဏ်ရာရထားတာလဲ..?

မော့ကျိုးရှောင်သည် သူ၏ ဒဏ်ရာကို သေသေချာချာ ဖုံးကွယ်ထားတာကြောင့် ရှန်ရွှိန်ယန်းပင် သတိမပြုမိခဲ့ပေ။ လင်းရွှမ် သိထားသလား၊ မသိဘူးလား မသေချာသော်လည်း ယခုလို တိုက်ခိုက်နေမှတော့ ဖုံးကွယ်ထားနိုင်စရာ အကြောင်းမရှိတော့ပေ။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Kde žijí příběhy. Začni objevovat