“သိပြီးသားတွေကို ဘာလို့ မေးနေသေးတာလဲ..?”

ဤကား ဝန်ခံချက်တစ်ခု။

ရှန်ယွင်နှင့် ခြူးမုယွင်က တစ်ယောက်တည်းမှန်း သိလိုက်ရသည့် အချိန်ကတည်းက မော့ကျိုးရှောင်၏ အတွင်းစိတ်ထဲတွင် ထိုမေးခွန်းသာ ကြီးစိုးနေပြီး သူ့အား နေ့နေ့ညည ခြောက်လှန့်နေခဲ့၏။ ထိုမေးခွန်း၏ အဖြေကို မသိချင်သလို ကြားလည်း မကြားချင်ခဲ့ပေ။ ရလဒ်က မည်သို့ဖြစ်လာပါစေ၊ သူ ခြူးမုယွင်ကို အလွတ်ပေးနိုင်တော့မည် မဟုတ်ပေ။

သို့သော် တစ်ဖက်လူ၏ ဝန်ခံစကားကို ကြားလိုက်ရသည့်အခိုက်… သူ၏စိတ်ထဲ သက်သာရာမရသည့်အပြင် ရင်ဘတ်ထဲတွင် မီးတောက်ကြီးတစ်ခု ဟုန်းဟုန်းတောက်လာရ၏။ ယင်းကား အရာအားလုံးကို လောင်ကျွမ်းဖျက်ဆီးပစ်နိုင်သည့် အလွန်ပြင်းထန်သော ဒေါသမီးလျှံများ…

သူ လက်မြှောက်လိုက်သည်။ လက်ဖဝါးဖြူဖြူက ခြူးမုယွင်၏ လည်တိုင်ကို ဖျစ်ညှစ်ထားပြီး ငွေရောင်မျက်ဝန်းများဟာ မှိုင်းညှို့နေခဲ့လေသည်။

“နောက်တစ်ခါ ပြန်ပြောစမ်း..”

ခြူးမုယွင်က အကြောက်အလန့်မရှိ၊ မော့ကျိုးရှောင်ကို ရဲရဲတင်းတင်း မော့ကြည့်ပစ်လိုက်သည်။ သူ၏ မျက်ဝန်းများဟာ သေခြင်းတရားကို မျှော်လင့်စောင့်စားနေသကဲ့သို့…

“ခင်ဗျားက ကျုပ်ဘဝကို ဖျက်ဆီးပစ်ခဲ့တာ.. မုန်းတယ်.. ခင်ဗျားကိုလည်း ကျုပ်နဲ့ထပ်တူ ခံစားစေချင်တယ်.. ခင်ဗျားကို………..”

မော့ကျိုးရှောင်က အေးတိအေးစက် ဖြတ်ပြောလာသည်။

“ထပ်ပြော… ငါ့ဘေးမှာနေပြီး ရှဲ့ချင်းလန်အကြောင်း တွေးနေခဲ့တာလား..?”

“ဟုတ်တယ်..!” ခြူးမုယွင်က မော့ကျိုးရှောင်အား စိန်းစိန်းဝါးဝါး စိုက်ကြည့်ကာ အတုံ့အဆိုင်းမရှိ ပြောပစ်လိုက်၏။ “သူ့အကြောင်းမတွေးရင် ခင်ဗျားနဲ့ ဘယ်လိုလုပ် လုပ်နိုင်မှာ……..”

“တော်တော့..!” မော့ကျိုးရှောင်၏ မျက်ဝန်းအိမ်ထဲတွင် လူသတ်ငွေ့များ ပြည့်လျှံလာခဲ့၏။

ခြူးမုယွင်က လုံးဝမကြောက်ပေ။ ဖြူဖျော့နေသော မျက်နှာဖြင့်သာ မော့ကျိုးရှောင်ကို စိုက်ကြည့်နေပြီး မျက်ဝန်းအိမ်ထဲတွင် အမုန်းတရားအပြည့်။ သို့သော် သေသေချာချာကြည့်လျှင် မျက်ဝန်း၏ အနက်ရှိုင်းဆုံးနေရာ၌ လွမ်းဆွေးစိတ်နှင့် နာကျင်မှုများ ကိန်းဝပ်နေကြောင်း မြင်တွေ့ရပေလိမ့်မည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now