သူ စိတ်လွတ်သွားပုံကို စောင့်ကြည့်နေသယောင်..

သူ ရူးသွပ်သွားသည်ကို စောင့်ကြည့်နေသယောင်..

အကြင်နာကင်းမဲ့သော ခံစားချက်များအလယ် စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြင့် ရှက်ရွံ့စရာကောင်းအောင် လဲပြိုနေသည့် သူ့အား ရပ်ကြည့်နေသယောင်..

ပြောမထွက်အောင် ရက်စက်လွန်းသော သိမ်ငယ်စိတ်တစ်ခုသည် ရှန်ရွှိန်ယန်း၏ နှလုံးသားအောက်ခြေမှ ဆန်တက်လာခဲ့၏။ အနှီခံစားချက်သည် ယခုအချိန်မှ ဖြစ်တည်လာခြင်းမဟုတ်၊ လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက ဝမ်းနည်းအားငယ်ခြင်းနှင့် နာကျင်မှုများအလယ် အကြိမ်ကြိမ်အခါခါ ရုန်းကန်ခဲ့ရပြီးနောက် ခံစားလာရခြင်းပင်။

သူ့ကို သတ်ပစ်လိုက်ရင် ငါတစ်ယောက်တည်း ပိုင်ဆိုင်နိုင်မှာလား..?

ရှန်ရွှိန်ယန်း၏ စိတ်ထဲတွင် ဆင်ခြင်တုံတရား ကင်းမဲ့လာပြီး ရူးမိုက်သော အတွေးများဖြင့် ပြည့်နှက်လာရသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည့် အမှန်တရားတစ်ခုကို သူ သိနေပါ၏။ ထိုနည်းလမ်းက အသုံးမဝင်၊ ထိုအမျိုးသားကို သတ်ပစ်လိုက်ခြင်းက လွတ်မြောက်ခွင့်ပေးသလိုသာ ဖြစ်သွားပေလိမ့်မည်။

ထိုသို့သိနေသော်ငြား သူ့ကိုယ်သူ မထိန်းချုပ်နိုင်တော့ပေ။

ပြင်းထန်လွန်းသော ခံစားချက်များကြောင့် ရှန်ရွှိန်ယန်း၏ ရင်ထဲ ကူကယ်ရာမဲ့လာသလို ခံစားလိုက်ရသည်။

သူ့ဘဝတစ်လျှောက်လုံး ဒီလူသားကိုပဲ ဂရုစိုက်နေမိတာ။ ဘဝရဲ့ အဓိပ္ပါယ်ကိုတောင် ဒီအမျိုးသားနဲ့ပဲ ပုံဖော်ထားခဲ့တာ။ ဒါပေမဲ့ သူကတော့ သူ့အပိုင် ဖြစ်မလာချင်ဘူးတဲ့…

ခြူးမုယွင်၏ အမူအရာက စိတ်အေးလက်အေးပင်။ သူက ရှန်ရွှိန်ယန်းကို ကြင်နာစွာ ကြည့်ရင်း နဖူးထက်သို့ နှစ်သိမ့်အနမ်းလေးပင် ခြွေလိုက်သေး၏။ သူ၏အသံက အချိန်နေရာကို ဖြတ်ကျော်ပြီး လွန်ခဲ့သော နှစ်ပေါင်းလေးထောင်ကျော်က ပထမဆုံးဆုံတွေ့ခဲ့သည့် အချိန်သို့ ပြန်ယောင်သွားသယောင်။

ကြီးမြတ်သန်မာပြီး စွမ်းအားကြီးသည့် အမျိုးသားနှင့် ကလေးငယ်လေးတစ်ဦး ဆုံတွေ့ခဲ့သည့် အချိန်ကာလသို့..

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now