အတိအလင်း ရန်စခံနေရသည့်တိုင် ခြူးမုယွင်၏ မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မျှမရှိ။ သူက ယဲ့ကျန့်ဟန်ကို တည်တည်ငြိမ်ငြိမ် မော့ကြည့်နေပြီး ရေခဲတောင်ထိပ်မှ နှင်းပွင့်များနှယ် တစ်ဖက်လူ၏စိတ်ကို အေးခဲသွား‌စေလောက်သည့် လေသံမျိုးဖြင့် အေးတိအေးစက် ပြောလိုက်သည်။ “ဒါက ခင်ဗျားရဲ့ ကျေးဇူးဆပ်နည်းလား..?”

ပြီးနောက် ခပ်သောသော ရယ်လေသည်။ သူ၏ နှုတ်ခမ်းထောင့်ဝယ် ထေ့ငေါ့လှောင်ပြောင်လိုဟန်အပြည့်…

ခြူးမုယွင် သူ့ကို ရန်စနေမှန်း ယဲ့ကျန့်ဟန် သိလိုက်သည်။ အရိုးရှင်းဆုံးနှင့် သက်ရောက်မှုအရှိဆုံး နည်းလမ်းတစ်ခုပင်။ လူသားများသည် ခံစားချက်ကို ထိပါးလိုက်သည်နှင့် သူတို့၏ အားနည်းချက်ကို မထိန်းချုပ်နိုင်အောင် ဖော်ပြလာတတ်သည်။ မည်သူမျှ ခြွင်းချက်မရှိ။

ယဲ့ကျန့်ဟန်အနေဖြင့် ဤသို့ ရှင်းရှင်းလင်းလင်း နားလည်နေသောကြောင့် ထိုအကွက်ကို ရှောင်ရှားလိုက်သင့်သည်။ သို့သော် သူ မလုပ်ချင်ခဲ့ပေ။ အနှီအမူအရာနှင့် စကားလုံးများ သူ၏ရင်ဘတ်ကို ထိမှန်သွားချိန်တွင် ယဲ့ကျန့်ဟန်၏ နှလုံးအိမ်ထဲမှ လျှို့ဝှက်အပ်သော စိတ်ဆန္ဒပြင်းပြင်းများ ကြွတက်လာရ၏။

ဤအမျိုးသားသည် နှစ်ပေါင်းမရေမတွက်နိုင်အောင် ကျင်လည်ခဲ့ဖူးသူလို၊ သူ၏အောက်တွင် လဲလျောင်းပြီး စော်ကား အနိုင်ကျင့်ခံနေရသည့်တိုင် သူ့အား အေးတိအေးစက် မော့ကြည့်ရင်း မောက်မာထောင်လွှားစွာဖြင့် အထင်အမြင်သေးနေဆဲ။

သူ၏ စိတ်ကူးမှန်သမျှ၊ လုပ်ဆောင်ချက်မှန်သမျှ ဖောက်ထွင်းမြင်နေပြီး သူ့အား အလိုလိုက် အကြိုက်ဆောင်ကာ လုပ်ဆောင်ခွင့် ပေးထားသလို ပြုမူနေလေသည်။

အကြံကြီးသော ဝံပုလွေတစ်ကောင် ဖြစ်လာမည်ဆိုလျှင်ပင် ခွင့်ပြုပေးထားသယောင်…

ယဲ့ကျန့်ဟန်သည် ရုတ်တရက် ခေါင်းငုံ့ကာ ခြူးမုယွင်အား အကြမ်းပတမ်း နမ်းရှိုက်လိုက်တော့သည်။

သူ၏ နှုတ်ခမ်းများသည် ပူလောင်နေသော်ငြား ခြူးမုယွင်၏ နှုတ်ခမ်းနှစ်လွှာကတော့ အေးစက်နေလေ၏။ နေမကောင်းသောကြောင့် ဖြစ်နိုင်သည်။ နှုတ်ခမ်းသားများသည် စက္ကူဖြူတစ်စနှယ် သွေးရောင်ပျောက်နေပြီး အားနည်းလွန်းရကား အကြမ်းပတမ်း ကိုက်ခဲမှုဒဏ်ကို ခံနိုင်ရည်မရှိခဲ့ပေ။ ဒဏ်ရာပေါ် ဒဏ်ရာဆင့်လို့ ကိုက်ရာခဲရာများဖြင့် ပြည့်နှက်နေတော့သည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Tempat cerita menjadi hidup. Temukan sekarang