အပိုင်း(၁၂)

21.9K 2K 44
                                    

ဒီနေ့ မနက်ခင်းသည် လိုတာထက်ပို၍ တိတ်ဆိတ်နေသကဲ့သို့ ခံစားရသည်။ ခါတိုင်းလိုမျိုး ဘွားနဲ့ ဝိုင်းဝိုင်းရဲ့
စကားတပြောပြောနဲ့ ချက်ပြုတ်ကြော်လှော်နေသံ၊
ဧည့်ခန်းမှာ ဘွားဖွင့်ထားတတ်သည့် တရားခွေမှ
ဘုန်းကြီး တရားဟောသံတို့ကိုလည်း မကြားရ။

ယံသွန်းညို အိပ်ရာမှထကာ မျက်နှာသစ်သွားတိုက်
လုပ်ရင်း အချိန်တွေကို ပြန်ရေတွက်နေမိသည်။

ဘာလိုလိုနဲ့ နောက်လလောက်ဆို သူတို့
အောင်စာရင်းတောင် ထွက်တော့မှာပဲ။

ကောင်းဟန် ရော သူတက်ချင်တဲ့
ဆေးကျောင်းတက်နိုင်ပါ့မလား။
သူကရော အောင်မှာ သေချာတာမှန်ပေမဲ့
အမှတ်ကောင်းပါ့မလား။

ပြင်ဦးလွင်မှာ အဆောင်သွားနေနေတဲ့ ကွန်းခရော
အဆင်ပြေရဲ့လား..စသည်ဖြင့်
ဟိုဟို ဒီဒီ အတွေးများနေမိ၏။

မနက်ခင်း ၉ နာရီခွဲပဲရှိသေးသည်။

အပြင်တွင် အစွမ်းကုန်ပူရန် အားယူနေပြီဖြစ်သည့်
မန္တလေးမြို့၏ ရာသီဥတုကြောင့်
သူ့စိတ်တွေ မကြည်လင်။

အောက်ထပ်သို့ ဆင်းလာပြီး ထမင်းစားခန်းထဲ
ဝင်သည့်အခါ သူ့အတွက် မနက်စာပြင်ပေးနေဟန်ရှိသော
ဝိုင်းဝိုင်းကိုတွေ့ရသည်။

ယံသွန်းညို ထိုင်ခုံတွင် ဝင်ထိုင်လိုက်ပြီး..

"ဘွားရော.."

"မနက်က ဘုရားရှိခိုးပြီး ခေါင်းနည်းနည်းမူးတယ်ဆိုပြီး
အခန်းထဲ သွားလှဲနေတယ် ကိုယံသွန်းညို.."

ယံသွန်းညို မနက်စာ မစားသေးဘဲ
အောက်ထပ်တွင်ရှိသည့်  ဘွား၏ အိပ်ခန်းဆီသို့
လာခဲ့လိုက်သည်။

ဘွားက ခန္ဓာကိုယ်ဝသူဖြစ်ပြီး
အတက်အဆင်းသိပ်မလွယ်တာကြောင့် အပေါ်ထပ်တွင်
မနေဘဲ အောက်ထပ်ရှိ အိပ်ခန်းတွင်သာ နေလေသည်။

ဘယ်တော့မှ မပိတ်ထားတတ်သည့် ဘွား၏ အိပ်ခန်းကို
တွန်းဖွင့်ဝင်ခဲ့သည့်အခါ ခုတင်ပေါ်တွင် လှဲနေသော
ဘွားကို တွေ့လိုက်ရ၏။

မျက်စိတို့ကို မှေးမှိတ်ထားတာကြောင့် ယံသွန်းညို
ခြေကို ဖွဖွလှမ်းကာ ဘွားအနားကို သွားလိုက်မိ၏။

Beyond All Measures  (COMPLETED)Where stories live. Discover now