အပိုင်း(၂)

38.2K 2.9K 150
                                    


နေ့လယ်စာထမင်းဝိုင်းတွင်လူစုံချေ၏။

ဒေါ်မြတ်ပန်းချီ ၊ ဒေါ်သီတာလွင် ၊
ဘုန်းဇေကောင်းဟန် ၊ ဘုန်းလျှံကွန်းခ နဲ့အတူ
ထုံးစံအတိုင်း ယံသွန်းညိုပါ အတူတူ
ဝင်စားလေသည်။

"သားလေး မနက်ဖြန်.. ကိုကိုတို့နဲ့ လိုက်သွားနော် ..
သားလိုချင်တာ အကုန်ဝယ်ခဲ့ သားစားချင်တာ
အကုန်ဝယ်စားခဲ့ ..။ မေမေ မလိုက်တော့ဘူးနော်
သားကျောင်းအပ်ဖို့နဲ့ ကျုရှင် ကိစ္စတွေ
လိုက်လုပ်ပေးဦးမယ်"

ဒေါ်မြတ်ပန်းချီက ကွန်းခကို ပြောလိုက်သည်။
ကွန်းခက ဟုတ်ကဲ့ ဟုဆိုကာသာ ခေါင်းတစ်ချက်
ညိတ်ပြ၏ ။ ထို့နောက် သူစားနေသည့်
နေ့လယ်စာကို အေးဆေးစွာ ငြိမ်ငြိမ်လေး
ဆက်စားနေလေသည်။

ယံသွန်းညိုကတော့
အကြောင်းအရင်း သေချာမသိသေးပေမဲ့
လိုတာထက်ပိုပြီး လူကြီးဆန်နေသည့် ကလေးလေးကို ကြည့်လိုက်ပြီးမှ လွန်စွာမှ
အသည်းယား၍ ရယ်ချင်သလိုလိုပင်
ရှိလာရသည်။

ထို့ကြောင့် ဖွင့်ထုတ်ပြီး မပြုံးမိစေရန်
ထမင်းလုတ်ကို ပါးစပ်ထဲ မြန်မြန်ထည့်သွတ်
ပစ်လိုက်တော့သည်။

"အဟွတ် အွတ်..!"

" ဟဲ့ ဟဲ့ သား ယံသွန်းညို.."

ဒေါ်မြတ်ပန်းချီက ထမင်းသီးပြီး
ချောင်းထဆိုးသည့် ယံသွန်းညိုကိုကြည့်ကာ
အလန့်တကြားအော်သည်။

ဘုန်းဇေကောင်းဟန်ကတော့ ချက်ချင်းပင်
ရေဗူးထဲမှ ရေကို ခွက်ထဲ ငှဲ့၍ ထည့်ပေးကာ
ခွက်ကို သူကိုယ်တိုင်ကိုင်ပေး၍
ယံသွန်းညိုကို တိုက်လိုက်၏။

ပါးစပ်မှလည်း..

"ယံသွန်းညိုကလေ..အမြဲတမ်း အစားကို
သေချာမစားဘူး"

ယံသွန်းညိုက ဘာစကားမှပြန်မပြောနိုင်သေးဘဲ
ရေတစ်ခွက်လုံးကုန်အောင်
သောက်ချလိုက်ပြီး ထမင်းသီးသွားတာကြောင့်
မျက်ဝန်းစပ်တွင်ချက်ချင်းဝေ့လာသော
မျက်ရည်စတွေကိုပါ  ဝတ်ထားသည့်
လည်ဝိုင်းတီရှပ်အင်္ကျီလက်ရှည်၏ လက်ဖျားဖြင့်
ပွတ်သုတ်လိုက်သည်။

တိုတိုထောင်ထောင် ဆံပင်လေးတွေရဲ့ အဆုံးသတ်၊
နဖူးစပ်တွင်လည်း ချွေးတို့ပင် စို့ချင်ချင်
ဖြစ်သွားချေ၏။

Beyond All Measures  (COMPLETED)Where stories live. Discover now