အပိုင်း(၄)

30.9K 2.6K 127
                                    


တစ်နေဝင်တစ်နေထွက်ဖြင့် အချိန်တွေ
တရွေ့ရွေ့နဲ့ ကုန်ခဲ့သည်မှာ
ကျောင်းဖွင့်ရန် တစ်လသာလိုတော့လေသည်။

ကျောင်းဖွင့်လျှင် ၈ တန်းတက်ရမည့်
ဘုန်းလျှံကွန်းခသည်လည်း
ဘုန်းဇေကောင်းဟန် ၊ ယံသွန်းညို တို့နဲ့အတူ
တစ်ကျောင်းထဲတွင် တက်မည်ဖြစ်၏။

ကျူရှင်ကတော့ မတူပေ။ ယံသွန်းညိုတို့က
တက္ကသိုလ်ဝင်တန်းဖြစ်တာကြောင့်
နွေရာသီကျောင်းပိတ်ရက် ကတည်းက
တက်လက်စဖြစ်သည့်
အပြင်ကျူရှင်တွင်သာ ဆက်တက်မည်ဖြစ်ပြီး
ကွန်းခကတော့ အတန်းပိုင်ဆရာမဖွင့်သည့်
ကျူရှင်တွင်သာ တက်ရန် ဖြစ်သွားလေ၏။

သို့သော် ကျူရှင်ချင်းကတော့
တစ်လမ်းလောက်သာ ခြားလေသည်။

"ဒါဆို သားအစ်ကိုတို့က စက်ဘီးနဲ့ပဲ
ကျောင်းတက်ကြမယ်ဆိုရင် ကွန်းခ..သားရော
ဘယ်လိုလုပ်ချင်လဲ ။
သားအစ်ကိုတို့နဲ့ပဲ အတူ သွားချင်လား
ဦးလေးမောင်ကို ကျောင်းပို့ကျောင်းကြို
လုပ်ပေးခိုင်းရမလား"

ဒေါ်မြတ်ပန်းချီက အခွံနွှာ၍အသင့်စိပ်ထားသော
ပန်းသီးပန်းကန်ကို စားပွဲတွင်ချပေး၍
မေးလိုက်သည်။

ကွန်းခ၏ အဖြေကို ဧည့်ခန်းက ထိုင်ခုံတွင်
အတူဝိုင်းဖွဲ့ထိုင်နေသည့် ဘုန်းဇေကောင်းဟန် နဲ့
ယံသွန်းညိုကလည်း ပန်းသီးစိပ်
တစ်ယောက်တစ်စိပ်စီယူစားရင်း
နားထောင်နေကြ၏။

"စက်ဘီးနဲ့ပဲ သွားချင်တယ် မေမေ.."

"ဟုတ်ပြီလေ ဒါဆို သားရဲ့အစ်ကိုတို့နဲ့ အတူ
သွားကြပေါ့"

"ဒါပေမဲ့.."

ကွန်းခက စကားကို တစ်ဝက်တစ်ပျက်နဲ့ရပ်၍
မျက်နှာချင်းဆိုင်တွင် ဘုန်းဇေကောင်းဟန်နဲ့အတူ
ထိုင်နေသည့် ယံသွန်းညိုကို
တစ်ချက်ကြည့်လိုက်သည်။

ယံသွန်းညိုက ပါးစုံလေးဖောင်းနေအောင်အထိ
ပန်းသီးကို ပါးစပ်ထဲ တစ်စိပ်ပြီးထည့်၍
အားရပါးရစားနေရာမှ မော့ကြည့်လာသည့်
အခါတွင်တော့ ကွန်းခက အကြည့်ပြန်လွှဲလိုက်ပြီး..

"ကျွန်တော်.. .... စက်ဘီးမစီးတတ်လို့.."

ယံသွန်းညိုဆီမှ ခွိခနဲ ရယ်သံထွက်လာလေသည်။

Beyond All Measures  (COMPLETED)Where stories live. Discover now