"ဟွန်း....သဘော"

ဟွန့် ခနဲနှာမှုတ်ပြီး ခပ်ရွတ်ရွတ်ပြောလာသည့် သူ့ကို ညွှန်းမကြည့်ဘဲ ထွက်လာခဲ့လိုက်သည်။ခြေလှမ်းတိုင်းက ဘောက်ဆတ်ဆတ်ဖြစ်နေမှာကိုလဲ ညွှန်း ကိုယ့်ဘာသာခံစားမိသည်။ဆိုင်ပြင်ကိုရောက်သည်နှင့် ရပ်ထားသည့် သူ့ဆိုင်ကယ်ကိုတွေ့လိုက်ရ၏။လက်ရှိစိတ်အခြေအနေအရ ထိုအရိုင်းအစိုင်းနဲ့အတူယှဥ်တွဲကာ အိမ်ပြန်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်။ဒါကြောင့် ညွှန်း သူ့ဆိုင်ကယ်ကို ကျော်ကာ လမ်းမကြီးဆီသို့သာလျှောက်သွားလိုက်သည်။

အချိန်က ၇နာရီဝန်းကျင်မှု့ လူသွားလူလာလဲများနေသည်။Taxi ကားတွေရော လူတစ်ချို့ပါ ဥဒဟိုသွားလာနေကြပေမယ့် ညွှန်းစိတ်မဝင်စားမိ။နောက်ဆုံးလက်ကျန် ပိုက်ဆံတစ်သောင်းတန်လေးကို လက်ထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။လမ်းဘက်က Taxi တစ်ချို့က ဘေးနားကိုခပ်ဖြေးဖြေးမောင်းလာကာ "Taxi သွားမလား" လို့မေးလာသည်များကို ခပ်ဖျော့ဖျော့အပြုံးလေးဖြင့် ငြင်းပစ်မိသည်။ဘဝတွေက မတူညီတဲ့အခြေအနေမျိုးတွေဖြစ်ခဲ့ပြီမလား။

တစ်ချိန်က ရွှေဘုံစံအနေအထားမဟုတ်သော်လဲ သူ့ဟာနဲ့သူတော့ သုံးနိုင်စားနိုင်တဲ့ မိသားစုထဲက သားတစ်ယောက်ဖြစ်ခဲ့တဲ့ ညွှန်းစာစီဖွဲ့။ချောသည်၊အ‌ရည်အချင်းရှိသည်၊ပညာတတ်လူရည်မွန် ဆိုတဲ့ဂုဏ်ပုဒ်တွေနဲ့ လူတစ်ယောက်ဟာ လမ်းဘေးကဂျပစီတေလေဂျပိုး အရိုင်းအစိုင်းလေးနဲ့ လက်ထပ်ခဲ့ရလိမ့်မယ်လို့ ဘယ်သူကများတွေးခဲ့မိပါလိမ့်။နောက်ပြီး ထိုအရိုင်းအစိုင်းလေးဟာ ယောကျ်ားတစ်ယောက်။

ညွှန်း ပြောင်းလဲသွားတဲ့ ဘဝအခြေအနေတွေကို မီးမောင်းထိုးကာယှဥ်ကြည့်ရင်း နှမျောတတ်သဖြစ်နေတာမျိုးမဟုတ်ပါ။ကိုယ်ချစ်သူမဟုတ်သလို သိကျွမ်းခဲ့မိတ်ဆွေလဲ မဟုတ်သည့်၊တစ်ခါမှ မရင်းနှီးခဲ့သည့်ယောကျ်ားတစ်ယောက်နဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ခဲ့ရပြီး ဖေဖေနဲ့မေမေတို့ရဲ့ စွန့်ပယ်ခြင်းကို ခံခဲ့ရတဲ့အတွက် ရင်နာနေခဲ့ခြင်းသာ။

"ဒီအတိုင်းလျှောက်နေမယ်ဆို အိမ်ကို မိုးလင်းမှရောက်မလားဘဲ..."

You are My BoneWhere stories live. Discover now