3

455 33 8
                                    

အပိုင်း ( ၃ )

လူပျိုကြီး ထွဋ်မြတ်ခေါင်တစ်ယောက် ဖတ်လက်စ စာအုပ်ကို ထားခဲ့ကာ ပုဆိုးကို မြဲနေအောင် ဝတ်ထားပြီး ဝမ်းဝမ်းကို အိမ်ပြန်လိုက်ပို့ရသည်။

ဝမ်းဝမ်း မီးပုံးအသစ်ကလေးကို ကိုင်ပြီး တစ်ဖက်က ချိုချဉ်အိတ်ကို လက်ကောက်ဝတ်မှာ ချိတ်ထားကာ သူ့ရှေ့က ကိုထွဋ် အင်္ကျီစကို ကျစ်နေအောင် ဆွဲကိုင်ထားသည်။

အိမ်ပေါက်ဝမှာ ထွန်းညှိထားသည့် ဆီမီးဖယောင်းတိုင်အလင်းကြောင့် လမ်းမှာ မှိန်ပြပြလေး လင်းနေသည်။ လျှပ်စစ်မီး ရပြီဆိုပေမဲ့ အိမ်တိုင်း မီတာ မတတ်နိုင်သေး။ တချို့အိမ်များသည် ဘက်ထရီ၊ ဆိုလာစသည်တို့ဖြင့် မီးအလင်းရောင် ရယူသည်။

လမ်းမီးတိုင်ဆိုသည်မှာလည်း ထိန်ထိန်မညှီးသေး။ ဟိုတစ်ပြောက် ဒီတစ်ပြောက်သာ။ လဆုတ်တစ်ရက်မို့ လမင်းကြီးမှာလည်း ထိန်ထိန်ညှီးနေသည်။ ထို့ကြောင့် ကန်တော့ပြန်လာသည့် ကလေးအချို့က လမ်းမပေါ်မှာ ပြေးလွှားဆော့ကစားနေကြသည်။

တချို့ကလေးတွေက သဲပုံစေတီ၊ ဘိုးဘိုးအိမ်ကလေးများ လုပ်ကာ ထိုအပေါ်မှာ ဖယောင်တိုင်ထွန်းပြီး သဲကြားထဲမှာ ကစားနေကြသည်။ ဖယောင်းကျက်ရှိသည့်ကလေးတွေက ဖယောင်းတိုင် တစ်တိုင်ထွန်းစာ ကျင်းလေးတွေ တူးပြီး ကျင်းထဲမှာ ဖယောင်းတိုင်ထွန်းပြီး အပေါ်မှာ ဆီမီးခွက်၊ သံခွက်ကလေးများ တင်ကာ ထိုထဲကို ဖယောင်းကျက်ထည့်ပြီး ဖယောင်းအရည်ပေါ်လာတဲ့အခါ အပေါ်ကနေ ရေစက်ကို ဖွားခနဲတောက်ချလိုက်တဲ့အခါ မီးတောက်ကြီးက ဟုန်းခနဲ ထတောက်ပြီး မီးသရဲလုပ်တမ်း ကစားနေသည်။

ဝမ်းဝမ်းက သူ့ဘေးပတ်ချာလည်ကို လိုက်ကြည့်သည်။ သူ့အင်္ကျီစကို တင်းနေအောင် ဆွဲကိုင်ထားကြောင့် သူ့ပုဆိုးခါးပုံစကို စုကိုင်ထားရသည်။

ဝမ်းဝမ်း ခွေးတွေကို တွေ့တဲ့အခါ ကိုထွဋ်၏အင်္ကျီစကို ပိုပြီးတင်းအောင် ဆုတ်ကိုင်သည်။ ကိုထွဋ် ပုဆိုးခါးပုံစကို စုကာ မြဲနေအောင် ကိုင်ထားသည်။

" ဦးလေးကြီး ခွေးက လိုက်လာပြီ "

ဝမ်းဝမ်း နောက်ကို လှည့်ကြည့်တော့ ခွေးက အသာလေးမှေးလိုက်လာတော့ ခပ်သုတ်သုတ်လေး ရှေ့ကနေ သွားသည်။ ကိုထွဋ် သူ့အင်္ကျီစကို လွှတ်ပြီး ရှေ့ကနေ မပြေးရုံတမယ် သွားနေသည့် ဝမ်းဝမ်းကြောင့် နောက်ကနေ လက်ကို လှမ်းဆွဲလိုက်သည်။ ပြီးနောက် ထိုကလေးလက်မကို မမြင်အောင် သူ့လက်ကြီးဖြင့် ဖုံးအုပ်ကိုင်လိုက်ပြီး "နင် ခွေး၊ ငါ ကျား"ဆိုပြီး ခပ်သုတ်သုတ်သွားတော့သည်။

ချစ်မေတ္တာ အိမ်ကလေး (or)  ဒီဝါကျွတ်ရင် လူပျိုကြီး ကျွတ်ပြီ Tempat cerita menjadi hidup. Temukan sekarang